Asian Academy Creative Awards မှာ မြန်မာနိုင်ငံကိုယ်စားပြု အကောင်းဆုံးမင်းသမီးအဖြစ် ဆုရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်

ကစ်၊ ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးချောလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်လက်ဖြစ်ပြီး အနုပညာမှာလည်း ထူးချွန်ပြောင်မြောက်သူ ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံကပေးအပ်တဲ့ ရုပ်ရှင်အကယ်ဒမီဆုကို ၂ ကြိမ်တိုင် ရရှိခဲ့သူ ဖြစ်ပါတယ်။


အခုဆိုရင် ပြည်သူချစ်တဲ့ မင်းသမီးလေး ကစ်ဟာ မြန်မာ့ဂုဏ်ကိုဆောင်ပြီး အာရှကပေးတဲ့ အသိအမှတ်ပြု ဆုတစ်ခုကိုပါ ရရှိခဲ့ပြန်ပါပြီ။ အဲဒါကတော့ Asian Academy Creative Awards (AACAs) ကပေးတဲ့ မြန်မာ နိုင်ငံကိုယ်စားပြု အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီဆုကို လိပ်ပြာစံအိမ် လို့ သိကြတဲ့ The Only Mom ရုပ်ရှင်ဇာတ်လမ်းနဲ့ ဆွတ်ခူးရရှိသွားခဲ့တာပါ။


AACAs ဆိုတာဟာ အာရှနိုင်ငံတွေမှာရှိတဲ့ အနုပညာဖန်တီးမှုနဲ့ မီဒီယာနယ်ပယ်က လူတွေကို ဆုပေးအပ်တဲ့ ဆုပေးပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ AACAs မှာ ဆုအမျိုးအစားပေါင်း ၄၉ မျိုးလောက် ရှိပေမဲ့ အဲဒီပွဲကနေ ဆုတစ်ဆုရဖို့ဆိုတာ မလွယ်လှပါဘူး။ တော်ရုံအရည်အချင်းနဲ့ အဲဒီပွဲက ပေးတဲ့ဆုကို မရနိုင်ပါဘူး။


အရည်အချင်းပြည့်ဝလှတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အခုနှစ်မှာ မြန်မာနိုင်ငံအတွက် ဒေသ တွင်း ကိုယ်စားပြုအနေနဲ့ အခုလိုအကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့တာပါ။ ဒါ့ပြင် AACAs ဆုပေးပွဲကြီးမှာ လိပ်ပြာစံအိမ်ဇာတ်လမ်းတစ်ခုတည်းနဲ့ ဒေသတွင်းဆု  ၆ ခုအထိ ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဝတ်မှုံရွှေရည် ရရှိခဲ့တဲ့ ဇာတ်ဆောင်မင်းသမီးဆုကလည်း တစ်ခုအပါအဝင်ပါပဲ။


ဝတ်မှုံရွှေရည်အနေနဲ့ ပြည်တွင်းမှာတင် အရည်အချင်းကို အသိအမှတ်ပြုခံရတာမဟုတ်ဘဲ အခုလို ပြည်ပက ပေးတဲ့ ဇာတ်ဆောင်မင်းသမီးဆုကိုပါ ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက်တော့ ဂုဏ်တက်စရာပါပဲ။ Congratulations! ပါ ကစ်ကစ်ရေ..


ကစ်နဲ့အတူ ကစ်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း အတူပျော်ရွှင်နိုင်ဖို့ ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်။


by Cherry Mon
Photo Credit: Wutt Hmone Shwe Yi & The Only Mom official facebook page





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။