ဘဝမှာ အမှန်တကယ်နေပျော်ဖို့အတွက် စွန့်လွှတ်ရမယ့်အရာများ

လူ့လောကကြီးထဲမှာ လူအဖြစ် ရှင်သန်နေထိုင်ရပြီဆိုတာနဲ့ အခက်အခဲပေါင်းစုံကို မလွဲမသွေကြုံတွေ့ရမှာပါပဲ။ အဲဒီအခက်အခဲတွေကြားမှာ ရေစုန်မျောပြီး ခေါင်းမဖော်နိုင်တော့တဲ့အခါ ဘဝကို အရှုံးပေးလိုက်ကြတာများပါ တယ်။ အမြဲစိတ်တွေဖိစီးနေမယ်၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ ခံစားနေရမယ်ဆိုရင်တော့ အရှုံးတွေ ရောက်လာမှာပါပဲ။


အဲဒါကြောင့် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘဝကိုနေပျော်အောင်နေမယ်၊ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်ဆိုရင် အခက်အခဲတွေကိုလည်း ကျော်လွှားသွားနိုင်ပါလိမ့်မယ်။ စိတ်ပျော်ရွှင်နေ ရင် ယုံကြည်မှုတွေလည်း တိုးလာတတ်ပြီး အခက်အခဲတိုင်းကို ခေါင်းအေးအေးဖြေရှင်းတတ်လာပါတယ်။ ဒါပေမဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့အတွက် သင့်အနေနဲ့ ဆုပ်ကိုင်မထားသင့်တဲ့ အရာတွေရှိပါတယ်။ အဲဒီအရာတွေကို လွှတ်ချလိုက်မှာ သင့်အတွက် ပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုရဖို့ အလားအလာရှိမှာပါ။


၁။ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့


လူတွေရဲ့ တချို့သောစကားလုံးတွေဟာ လူကိုသေစေတဲ့အထိ စွမ်းအားကြီးပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံ မနေပါဘူး။ အဲဒါကြောင့် တချို့လူတွေရဲ့ ဝေဖန်သံတွေနဲ့ အတင်းအဖျင်းတွေကို သိပ်ကြီးဂရုစိုက်မနေပါနဲ့၊ အဲဒီ အပေါ်လည်း မခံစားပါနဲ့။ လူတွေက သူတို့ထင်တာသူတို့ပြောတတ်ကြတာပါ။ ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံးပါ။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့အားနည်းချက်ကို နင်းပြီး အပြော အဆိုခံရတိုင်း လိုက်ခံစားနေရင် သင်ပိုရှုံးပါတယ်။ အဲဒါကြောင့် သင့်မှာရှိတဲ့ အားသာချက်ကိုပဲ ဂရုထားပြီး သင် လုပ်စရာရှိတာကို လုပ်ပါ။


၂။ အတိတ်က နောင်တတွေနဲ့ အပြစ်မကင်းတဲ့ ခံစားမှုတွေကို လွှတ်ချလိုက်ပါ


ဘဝမှာ လူတိုင်းမှားဖူးပါတယ်။ မိမိမှားခဲ့တဲ့ အရာတွေကိုပဲ ပြန်တွေးပြီး အတိတ်မှာပဲ တဝဲလည်လည် မနေထိုင် ပါနဲ့။ အတိတ်က နောင်တတွေနဲ့ အပြစ်မကင်းလိုခံစားခဲ့ရတဲ့ အရာတွေအားလုံးကို လွှတ်ချလိုက်မှ သင့်အနာဂတ်ကို အာရုံစိုက်ပုံဖော်နိုင်မှာပါ။ နောင်တနဲ့ အမှားတွေကို တစ်ဘဝလုံးသယ်မလာပါနဲ့။ အဲဒီနောင်တ တွေကနေ ယူလာရမှာက သင်ခန်းစာတစ်ခုတည်းပါ။ အဲဒီအမှားတွေကို သင်ခန်းစာယူပြီး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြိုးစားရင်း အနာဂတ်ကို ပေါ့ပေါ့ပါးပါး ရှေ့ဆက်သင့်ပါတယ်။


၃။ မဖြစ်လာသေးတာကို ကြောက်ရွံ့မနေပါနဲ့


ဘယ်အရာမဆို ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါ။ အဲဒါကြောင့် ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတင်စိုးရိမ်ပြီး ကြောက်ရွံ့မနေပါနဲ့။ ကြုံလာရပြီဆိုရင် အတတ်နိုင်ဆုံးကြိုင်ပြင်ဆင်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ အပြောင်းအလဲ တွေကို မကြောက်ပါနဲ့။ ရှောင်လည်းမပြေးပါနဲ့။ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ကြုံတွေ့ရမှာကို သတိပြုပါ။ မဖြစ်လာသေးခင် ကြိုတင်စိုးရွံ့နေခြင်းက သင့်ကို ပိုစိတ်ဖိစီးစေပြီး အရှုံးနဲ့ပိုတွေ့နိုင်ချေလည်း ရှိပါတယ်။


၄။ ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့


ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ခြင်းကသာ အကောင်းဆုံးပါ။ မနေ့က သင်နဲ့ ဒီနေ့ သင်၊ ဘာတွေ ပြောင်းလဲတိုးတက် လာပြီလဲ ဆိုတာကိုပဲ နှိုင်းယှဉ်ပါ။ အရာရာမှာ သူတစ်ပါးနဲ့ လိုက်နှိုင်းမယှဉ်ပါနဲ့။ လူတိုင်းမှာ အားနည်းချက်နဲ့ အားသာချက်ဆိုတာ ရှိပါတယ်။ သင့်ရဲ့ အားနည်းချက်က သူတစ်ပါးရဲ့အားသာချက် ဖြစ်နေပေမဲ့ သူတစ်ပါးရဲ့ အားနည်းချက်ကလည်း သင့်ရဲ့အားသာချက်တစ်ခု ဖြစ်နေနိုင်တာကို မမေ့ပါနဲ့။ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ အဲဒါကြောင့် ဘယ်သူ့ကိုမှ လိုက်ပြိုင်မနေဘဲ သင့်ကိုယ်သင်ပဲ ယှဉ်ပြိုင်ပါ။


၅။ တသမတ်တည်း မတွေးပါနဲ့


လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါ။ သဘောထားအမြင်ချင်းလည်း မတူညီကြပါဘူး။ ဘယ်သူမှ အမြဲ မှန်မနေသလို ဘယ်သူမှလည်း အမြဲမှားမနေပါဘူး။ သင့်စိတ်ကိုသာ ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင် ပြင်ဆင် ထားပါ။ အကောင်းဘက်ကိုတွေးပါ၊ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ အဆိုးတွေကိုလည်း မေ့မထားပါနဲ့။ လူတွေကိုလည်း အရမ်းမယုံပါနဲ့၊ လူတိုင်း အချိန်နဲ့အမျှ ပြောင်းလဲသွားနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။


 ၆။ ဘယ်အရာကိုမှ မထိန်းချုပ်ပါနဲ့


ဘဝကအပြောင်းအလဲများပါတယ်။ ဖြစ်ချင်တာကို ဖြစ်မလာဘဲ၊ မဖြစ်ချင်တာတွေ ဖြစ်လာတတ်ပါတယ်။ သင့် အနေနဲ့ အရာအားလုံးကို ထိန်းချုပ်ထားဖို့ မဖြစ်နိုင်ပါဘူး။ သင့်အနေနဲ့ လွှတ်ချသင့်တာကို လွှတ်ချပြီး သင့်တာဝန်တွေကို ခွဲဝေသင့်ရင် ခွဲဝေပေးပါ။ အဲဒါဆိုရင် သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေပြီး ဘဝကို ဖြတ်သန်းရတာလည်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ သင့်အနေနဲ့ သူတစ်ပါးရဲ့ဘဝကို သွားမထိန်းချုပ်မိဖို့ပါပဲ။ သူတစ်ပါးကို သွားထိန်းချုပ်ခြင်းဟာ သင်တို့ကြားက ရေရှည်ဆက်ဆံရေးကိုတောင် ပြတ်တောက်သွားစေနိုင်ပါတယ်။ သင့်ကိုလည်း ပိုစိတ်ပင်ပန်းစေပါတယ်။


၇။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံမစွဲလမ်းမိပါစေနဲ့


၂၁ ရာစုရဲ့ ခေတ်သစ်ရောဂါတစ်ခုကတော့ ဆိုရှယ်မီဒီယာကို ဘဝကြီးတစ်ခုထင်ပြီး အလွန်အကျွံအလေးထား လွန်းခြင်းပါ။ အဲဒါကြောင့် cyberbully လုပ်ခြင်းတွေ ပေါ်လာပြီး cyberbully ကြောင့်ပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေ ရှိလာကြတာပါ။ ဆိုရှယ်မီဒီယာကို မသုံးနဲ့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ တွေ့သမျှအရာတိုင်းကို လိုက်မခံစားနေပါနဲ့၊ တွေ့သမျှလူတိုင်းကိုလည်း မယုံပါနဲ့။ အဲဒါကြောင့် ဆိုရှယ်မီဒီယာ သုံးရင်လည်း အကန့်အသတ်ထားပြီးသုံးပါ။ အပျော်သဘောလောက်ပဲ အသုံးပြုပြီး လက်တွေ့ဘဝထဲမှာ အချိန် ပိုဖြုန်းတတ်အောင် ကြိုးစားပါ။


၈။ စင်လုံးချောပြီးပြည့်စုံသူ ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးမထားပါနဲ့


မိမိကိုယ်ကို ပိုကောင်းအောင်၊ ပိုတိုးတက်အောင် ကြိုးစားတာဟာ လူတိုင်းလုပ်သင့်တဲ့ အရာပါ။ ဒါပေမဲ့ ဘယ်သူမှ စင်းလုံးချောပြီးပြည့်စုံမနေပါဘူး။ အဲဒါကြောင့် မိမိကိုယ်ကို ပိုကောင်းအောင်တော့ ကြိုးစားပါ၊ စင်လုံးချောပြီးပြည့်စုံသူ ဖြစ်လာဖို့တော့ မမျှော်လင့်ပါနဲ့။ သင့်အတွက် စိတ်ဖိစီးမှုတွေ ပိုများလာနိုင်ပြီး အဆိုး တွေ ဖြစ်လာနိုင်ပါတယ်။ ဘဝမှာ အတက်အကျအနိမ့်အမြင့်ဆိုတာ အမြဲရှိနေပါတယ်။ သင့်မှာ ဆိုးတဲ့အရာတွေ ရှိနိုင်သလို ကောင်းတဲ့အရာတွေလည်း ရှိနေတာကို ဘယ်တော့မှ မမေ့ပါနဲ့။


၉။ သင့်အပေါ်မကောင်းတဲ့သူတွေကို လက်လွှတ်လိုက်ပါတော့


သမီးရည်းစားချင်းပဲဖြစ်ဖြစ်၊ လင်မယားအချင်းချင်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း သူငယ်ချင်းတွေကြားမှာပဲ ဖြစ်ဖြစ် ဘယ်သူမဆိုကတော့ အကောင်းဆုံးဆက်ဆံရေးဖြစ်ဖို့ မျှော်လင့်ကြတာပါပဲ။ ဒါပေမဲ့ တချို့ကိစ္စတွေဟာ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတတ်ပါဘူး။ ဘယ်လို ဆက်ဆံရေးမှာပဲဖြစ်ဖြစ် သင့်အပေါ်မကောင်းတဲ့သူတွေ၊ သင့်အပေါ် မစစ်မှန်တဲ့သူတွေကို ဘာအကြောင်းကြောင့်မှ ဆက်ဆွဲမထားပါနဲ့။ လက်လွှတ်လိုက်ပါနဲ့။ ဆက်ဆွဲ ထားခြင်းက နှစ်ဦးနှစ်ဖက်လုံးကို နာကျင်စေပါလိမ့်မယ်။ သင့်ကိုယ်သင် ချစ်ပါ၊ သူတစ်ပါးအတွက် အနစ်မွန်း မခံပါနဲ့တော့။


by Cherry Mon
Photo Credit: Freepik, Unsplash

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။