သဘာဝအတိုင်း ခန္ဓာကိုယ်ပြည့်ဖြိုးလှပစေမယ့် အံ့ဖွယ်နည်းလမ်း (၁၀) ခု

ခန္ဓာကိုယ်အလေးချိန် ကျချင်သူတွေ ရှိသလို၊ ခန္ဓာကိုယ်အလေးချိန် ပိုတက်ချင်သူတွေလည်း ရှိကြပါတယ်။ တချို့ဆိုရင် သွေးသားကြောင့်ဖြစ်စေ၊ မျိုးရိုးကြောင့်ဖြစ်စေ၊ ဘယ်လောက်စားစား ဝမလာတဲ့သူတွေ ရှိပါတယ်။ ဝိတ်ကျစေမယ့် နည်းလမ်းတွေကို အမျိုးမျိုးရေးသား ဖော်ပြကြပေမဲ့ ပိန်ရာကနေ ဝချင်သူ၊ ပြည့်ချင်သူတွေ အတွက်တော့ ရေးကြတာ ရှားပါတယ်။ ခန္ဓာကိုယ်ဟာ ဝလွန်းရင်မကောင်းသလို၊ ပိန်လွန်းရင်လည်း မကောင်း ပြန်ပါဘူး။ ဒါပေမဲ့ နည်းလမ်းမှန်မှန်နဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်တက်ဖို့ဆိုတာလည်း မလွယ်လှပါဘူး။


အဲဒါကြောင့် ခန္ဓာကိုယ်ကို အခုထက် ပိုမိုပြည့်ဖြိုးချင်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝအတိုင်း ဝိတ်တက်လာစေမယ့် အံ့ဖွယ်နည်းလမ်း (၁၀) ခုကို ဖော်ပြပေးချင်ပါတယ်။


၁။ အနီရောင်ရှိတဲ့ အသားတွေကို စားသုံးပါ   


အနီရောင်ရှိတဲ့အသားတွေမှာ ကိုလက်စထရောဓာတ်မြင့်မားတာကြောင့် ဝိတ်တက်စေဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသားမှာ ပရိုတိန်းနဲ့ သံဓာတ်လည်း ပါဝင်ပါတယ်။ အနီရောင်ရှိတဲ့အသားကို သံလွင်ဆီအစက်အနည်းငယ်ထည့်ပြီး ကင်စားမယ်ဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ဝိတ်လည်းတက်စေမှာပါ။


နံရိုး၊ အရိုးနဲ့တွဲနေတဲ့အသားနဲ့ အမဲမိုးခိုသားတို့လို အစိတ်အပိုင်းတွေဟာ အသားမှာ အကောင်းဆုံး အစိတ်အပိုင်းတွေဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပါဝင်ပါတယ်။ ဒါပေမဲ့ အသားတွေကို ဆီအများကြီးနဲ့ ချက်စားတာမျိုးကိုတော့ ရှောင်ကြဉ်ပါ။ အဲဒီလိုစားသုံးခြင်းဟာ ကျန်းမာရေးနဲ့မညီညွတ်ဘဲ အဆီပဲတက်လာမှာ ဖြစ်ပါတယ်။


၂။ မြေပဲထောပတ်ကို စားသုံးပါ


မြေပဲမှာ ပရိုတိန်းနဲ့ အဆီဓာတ်ပါဝင်တာကြောင့် သဘာဝအတိုင်း ဝိတ်တက်ချင်သူတွေအတွက် အသားဓာတ် ကို ပေးနိုင်ပါတယ်။ မြေပဲထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ၁၀၀ ကယ်လိုရီဝန်းကျင်ရှိပါတယ်။ မြေပဲ ထောပတ်မှာလည်း မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဗီတာမင်ဘီနဲ့ အီးတို့ ပါဝင်ပါတယ်။ သင့်ကို ကျန်းမာဝဖြိုး စေမယ့် မနက်စာအဖြစ် ပေါင်မုန့်ပေါ်မှာ မြေပဲထောပတ်ထူထူလေးသုတ်ပြီး စားသုံးပေးနိုင်ပါတယ်။


၃။ အဆီပြည့်နွားနို့ကို သောက်သုံးပါ


နွားနို့သောက်သုံးခြင်းဟာလည်း သင့်ကို ဝိတ်တက်လာစေမယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ ဝိတ်မတက်ချင်သူတွေသောက်ဖို့ အဆီထုတ် နွားနို့တွေလည်း ရှိတာကြောင့် သင် ဝိတ်တက်ချင်တယ်ဆိုရင်တော့ အဆီပြည့်နွားနို့ကိုပဲ ရွေးချယ်သောက်သုံးဖို့မမေ့ပါနဲ့။ နွားနို့ဟာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေပြီး အဆီထုတ်ထားတဲ့ နွားနို့ထက်စာရင် ၆၀ ကယ်လိုရီ ပိုမိုပါဝင်ပါတယ်။ ဒါ့ပြင် ဗီတာမင်ဒီနဲ့ အေလည်း ပြည့်ဝစွာ ပါဝင်ပါတယ်။ နွားနို့ကို ကွေကာမှုန့်တွေနဲ့လည်း ရောနှောသောက်သုံးနိုင်ပါ တယ်။ သင့်ကို ကျန်းမာစွာဝဖြိုးလာစေမှာပါ။


၄။ သစ်သီးတွေ စားသုံးပါ


သစ်သီးတွေ၊ အထူးသဖြင့် အပူပိုင်းဒေသထွက် အသီးတွေဟာ သင့်ကို ကျန်းမာဝဖြိုးလာစေနိုင်ပါတယ်။ သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီးနဲ့ နာနတ်သီးတို့ဟာ သဘာဝသကြားဓာတ်ပါဝင်ပြီး ဝိတ်တက်စေဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဓာတုပစ္စည်းနဲ့ လုပ်ယူထားတဲ့ သကြားတွေကိုသုံးမယ့်အစား သဘာဝသကြားဓာတ်ပါဝင်တဲ့ သစ်သီးတွေကို အချိုတည်းတဲ့အနေနဲ့ စားသုံးနိုင်ပါတယ်။ အသီးချည်းပဲ မစားချင်ဘူးဆိုရင်လည်း သစ်သီးမျိုးစုံကိုရောနှောပြီး smoothie အဖြစ် သောက်သုံးနိုင်ပါတယ်။


၅။ ထောပတ်သီး


ထောပတ်သီးစားသုံးခြင်းဟာ သင့်ကို သဘာဝအတိုင်း ကျန်းမာဝဖြိုးလာစေမယ့် အကောင်းဆုံးနည်းလမ်းတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ အဆီဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီမျိုးဖြစ်ပြီး ထောပတ်သီးတစ်ခြမ်းမှာတင် ၁၄၀ ကယ်လိုရီလောက် ပါဝင်နေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးမှာ မီတာမင်အီးမြင့်မားစွာပါဝင်ပြီး ဖောလစ်အက်စစ်နဲ့ ပိုတက်စီယမ်တို့လည်း ပါဝင်ပါတယ်။ အဲဒါကြောင့် ထောပတ်သီးကို ပုံမှန်စားသုံးပေးပါ။


၆။ ဂျုံကြမ်းပေါင်မုန့်စားသုံးပါ


ဂျုံကြမ်းပေါင်မုန့်ဟာ သင့်ကို အလွယ်တကူဝိတ်တက်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဂျုံကြမ်းပေါင်မုန့်တွေမှာ အာဟာရဓာတ်များစွာပါဝင်တာကြောင့် သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဝိတ်တက်စေမယ့် မနက်စာပါပဲ။ သာမန်ပေါင်မုန့်ဖြူတွေမှာ မပါဝင်တဲ့ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေလည်း ဂျုံကြမ်းပေါင်မုန့်တွေမှာ ပါဝင်နေပါတယ်။


၇။ ထောပတ်စားသုံးပါ


ထောပတ်မှာ ကယ်လိုရီမြင့်မားစွာ ပါဝင်ပါတယ်။ ပေါင်မုန့်မှာ ထောပတ်သုတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာအဖြစ် စားသုံးနိုင်ပါတယ်။ အဲဒီမနက်စာဟာ သင့်ကို တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အာဟာရဓာတ် ကို ပေးနိုင်ပါတယ်။ ထောပတ်တချို့မှာ ကျန်းမာရေးနဲ့မညီတဲ့ အဆီတွေလည်း ပါဝင်နိုင်တာကြောင့် စားမယ် ဆိုရင်တော့ အကန့်အသတ်ထားပြီး စားသုံးပါ။ ဖြစ်နိုင်ရင်တော့ သန့်စင်တဲ့ထောပတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထောပတ်မျိုးကို ရွေးချယ်စားသုံးပါ။


၈။ အစေ့အဆံတွေ စားသုံးပါ


အစေ့အဆံတွေဆိုတာလည်း ဝိတ်တက်စေမယ့် သွားရည်စာတွေပါပဲ။ အဲဒီလိုအစေ့အဆံတွေမှာ ကျန်းမာရေး အတွက် ကောင်းတဲ့ အဆီဓာတ်နဲ့ အာဟာဓာတ်တွေ များစွာပါဝင်ပါတယ်။ အစေ့အဆံတချို့မှာဆိုရင် အမျှင်ဓာတ်လည်း ပါဝင်တတ်ပါတယ်။ အဲဒါကြောင့် အစေ့အဆံတွေ စားသုံးပေးခြင်းက သင့်ကို ကျန်းမာစွာ ပြည့်ဖြိုးလှပစေမှာ ဖြစ်ပါတယ်။


၉။ ဒိန်ခဲ (Cheese)


ချိစ်လို့ခေါ်ကြတဲ့ ဒိန်ခဲဟာ နို့လိုပဲ အာဟာဓာတ်များစွာ ပါဝင်နေတဲ့ စားစရာတစ်မျိုးပါ။ ချိစ်မှာ အဆီဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် သင့်ကို သဘာဝအတိုင်း ဝိတ်တက်လာစေနိုင်ပါတယ်။


၁၀။ အာလူး


အာလူးဟာ စားလို့ကောင်းသလို ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တာကြောင့် သင့်ကို အလျင်အမြန် ဝိတ်တက်လာစေနိုင်ပါတယ်။ အာလူးမှာ ပရိုတိန်းနဲ့ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ဗီတာမင်စီလည်း လုံလုံလောက်လောက် ပါဝင်ပါတယ်။ ဒါပေမဲ့ အာလူးကို စားသုံးတဲ့အခါ အခွံမနွှာသင့်ပါဘူး။ အခွံနွှာလိုက်မယ်ဆိုရင် အဓိကအရေးကြီးတဲ့ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားပါ လိမ့်မယ်။


ဆီကြော်တွေနဲ့ အချိုရည်တွေကို စားသောက်ခြင်းကလည်း ဝိတ်တက်မြန်စေတယ်ဆိုပေမဲ့ အဲဒီအစားအစာတွေ ဟာ ကျန်းမာရေးနဲ့မညီညွတ်ဘဲ အဆီကိုပဲတက်စေတာဖြစ်လို့ မလိုလားအပ်တဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် ဓာတုပစ္စည်းနဲ့ပြုလုပ်ထားတဲ့ သကြား၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေနဲ့ တခြား ကျန်းမာရေး နဲ့ မညီညွတ်တာတွေကို ရှောင်ရှားပြီး အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကိုပဲ ကျန်းမာဝဖြိုးအလှတိုး အောင် စားသောက်သင့်ပါတယ်။


by Cherry Mon
Photo Credit: Unsplash, Pinterest
Ref: Healthline.com




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။