လူတွေဝန်ခံဖို့ကြောက်ကြတဲ့ ခါးသီးတဲ့အမှန်တရားများ

လူတော်တော်များရဲ့ ဘဝမှာ ရင်ဆိုင်ဖို့ ကြောက်ရွံ့ကြတဲ့ အကြောက်တရားတွေရှိတတ်ကြပါတယ်။ တချို့သော အမှန်တရားတွေဟာလည်း ခါးသီးကြတာကြောင့် လူတွေအနေနဲ့ ရင်ဆိုင်ဖို့တွန့်ဆုတ်ကြပါတယ်။ အမှန်တရား ဆိုတာ ရေရှည် ဖုံးကွယ်ထားလို့မရတာကြောင့် ဖုံးကွယ်ထားလေ၊ ကိုယ့်ကို စိတ်ဒုက္ခပိုရောက်စေလေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ရင်ဆိုင်ဖို့ကြောက်ရွံ့ရင်တောမှ အမှန်တရားဆိုရင် ဘယ်လောက်ပဲခါးသီးသီး ရင်ဆိုင် ကျော်လွှားဖို့ လိုအပ်ပါတယ်။


အဲဒီလို အမှန်တရားတွေကို ရင်ဆိုင်ဖို့အတွက် အရင်ဆုံးအနေနဲ့ လူအတော်များများ ဝန်ခံဖို့ တွန့်ဆုတ်တတ်ကြ တဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ဖော်ပြပေးချင်ပါတယ်။


၁။ ခါးသီးတဲ့ အမှတ်တရ


လူတိုင်းရဲ့ဘဝမှာ အမှတ်တရတွေ ရှိကြပါတယ်။ ကောင်းမွန်တဲ့ အမှတ်တရတွေဖြစ်နိုင်သလို ခါးသီးတဲ့ အမှတ်တရတွေလည်း ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ လူအတော်များများဟာ ခါးသီးတဲ့အမှတ်တရတွေကို မေ့ထား ကြပြီး ပျော်ရွှင်တဲ့အမှတ်တရတွေအဖြစ် စိတ်ကူးပုံဖော် အစားထိုးတတ်ကြပါတယ်။ မကောင်းတဲ့အမှတ်တရ တွေကို မေ့ထားတာဟာ ကောင်းပေမဲ့ အဲဒီလိုခါးသီးတဲ့ အမှတ်တရတွေထဲမှာ သင့်အတွက် သင်ခန်းစာယူစရာ တွေ ပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ဘဝမှာ နောက်ထပ်မမှားယွင်းစေဖို့ ခါးသီးတဲ့အမှတ်တရ တွေကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို ပိုကောင်းရှေ့ဆက်ပါ။ ခါးသီးခဲ့တဲ့ အမှတ်တရတွေကို ဝန်ခံဖို့လည်း တွန့်ဆုတ်မနေပါနဲ့၊ လူတိုင်းမှားဖူးပါတယ်။ ကိုယ့်အမှားကို ဝန်ခံတတ်ခြင်းဟာလည်း အကျင့်ကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ မှားပြီးသားအမှားကို ထပ်မလုပ်မိဖို့တော့ လိုပါတယ်။


၂။ လူအဖွဲ့အစည်းမှာ အခွင့်အရေးညီမျှစွာ မွေးလာကြတာမဟုတ်ပါဘူး


လူတိုင်းမှာ အသက်ရှူစရာနှာခေါင်းပေါက်၊ ပါးစပ်ပေါက်နဲ့ လှုပ်ရှားစရာ ခြေ၊ လက်တွေ အပြည့်အစုံပါဝင်တိုင်း အခွင့်အရေး တန်းတူညီမျှစွာ မွေးဖွားလာတာမဟုတ်ပါဘူး။ တချို့တွေက ချမ်းသာတဲ့မိသားစုကနေ မွေးဖွား လာကြပြီး တချို့တော့ လူလတ်တန်းစား၊ တချို့ကတော့ ဆင်းရဲနိမ့်ကျစွာ မွေးဖွားကြီးပြင်းလာရတာပါ။ ကိုယ့် ဘဝအခြေအနေအရ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရတာပါ။ အဲဒါကြောင့် လူတွေအကုန်လုံးဟာ အခွင့်အရေး ညီမျှစွာ မွေးဖွားလာတာမဟုတ်ဘူးဆိုတာကို နားလည်ထားဖို့လိုအပ်ပါတယ်။ အဲဒီလိုနားလည်ထားမှ ကိုယ့်ဘ၀ ကို လိုအပ်တာတွေဖြည့်ဆည်းပြီး ပြောင်းလဲယူနိုင်မှာပါ။ လူလူချင်းအတူတူပဲ ဆိုတဲ့စကားနဲ့ ဘဝကို မျှောလိုက် မနေပါနဲ့။ သင့်အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးယူရမှာ ဖြစ်ပါတယ်။


၃။ ကိုယ့်ဘာသာကိုယ်မှ မချစ်ရင် ဘယ်သူကမှ သင့်ကို မချစ်ပါဘူး


လူတိုင်းဟာ အချစ်ခံချင်ကြပါတယ်။ ကိုယ့်ဘဝရဲ့အဓိကဇာတ်ကောင်ဟာ ကိုယ်ကိုယ်တိုင်ပါပဲ။ သူများတွေ အတွက်လည်း သူတို့ဘဝရဲ့ဇာတ်ကောင်က သူတို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် လူတိုင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ။ သူတစ်ပါးကို ကိုယ့်ကိုယ်ကိုထက် ပိုချစ်ဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့အရာပါ။ အဲဒါကြောင့် သူတစ်ပါးအချစ်ကို တောင့်တနေမယ့်အစား ကိုယ့်ကိုယ်ကို အရင်ဆုံးချစ်ပါ။ ကိုယ့်ကို ကိုယ်ကိုယ်တိုင်ထက် ဘယ်သူကမှ ပိုမချစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကို လက်သင့်ခံလိုက်ပါ။


၄။ ကိုယ်ကိုယ်တိုင်ကြိုးစားမှ ကိုယ်ရမှာပါ


လူတိုင်းမှာ ကိုယ့်ရဲ့အားသာချက်နဲ့ကိုယ်၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရှိကြပါတယ်။ သင့်မှာ မွေးရာပါ ပါရမီ၊ အရည်အချင်းတစ်ခုခု ပါလာတယ်ဆိုရင် ကိုယ်တိုင်တိုးတက်အောင် လုပ်နိုင်မှ သင့်အရည်အသွေးပေါ်လွင်လာ မှာပါ။ သင့်အတွက် ဘယ်သူကမှ လမ်းမခင်းပေးပါဘူး၊ နေရင်းထိုင်ရင်းလည်း မအောင်မြင်နိုင်ပါဘူး။ သင်ကိုယ်တိုင်ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ သင်ကြိုးစားရင်ကြိုးစားသလို အခွင့်အရေးတွေက သင့်ဆီ ရောက်လာမှာပါပဲ။ အဲဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီး တစ်ယောက်တည်းရင်ဆိုင်ဖို့ မကြောက်ရွံ့ပါနဲ့။


၅။ ပြီးပြည့်စုံတဲ့ဘဝဆိုတာ စိတ်ကူးယဉ်သက်သက်ပါ


လူတော်တော်များများဟာ တစ်ခုခုစတင်လုပ်ဆောင်ဖို့ အချိန်မှန်ကို စောင့်စားနေရင်းနဲ့ပဲ ဘဝရဲ့အချိန်တွေကို ဖြုန်းတီးမိတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်အရာအတွက်မဆို၊ အချိန်ကို စောင့်ဆိုင်းမနေပါနဲ့၊ အခုစိတ်ကူး ပေါ်လာရင် အခုပဲ ထလုပ်လိုက်ပါ။ နည်းနည်းပဲ လုပ်လို့ရရင်လည်း နည်းနည်းပဲ အရင်စထားပါ။ အကုန်လုံး ပြည့်စုံမှဆိုရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အချိန်မဆွဲပါနဲ့၊ ရတဲ့အချိန်မှာ ရသလို ကိုယ့်ကိုယ်ကို ဖြည့်ဆည်းထားပါ။


၆။ ကိုယ်ကိုယ်တိုင်အတွက်ပဲ ပြည့်စုံအောင် ကြိုးစားပါ၊ သူများအကြိုက်မလိုက်ပါနဲ့


ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးပါ။ လူတွေဟာ တစ်ခါတရံမှာ အများကြားဝင်မဆံ့မှာ ဒါမှမဟုတ် တစ်စုံ တစ်ယောက်က ကိုယ့်ကို မကြိုက်တော့မှာကို ကြောက်တတ်ကြပါတယ်။ အဲဒီအတွက် သူများအကြိုက်ပဲ လိုက်နေရင်းကနေ ကိုယ့်ရဲ့ဖြစ်တည်မှု ပျောက်ဆုံးသွားတတ် ပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ပြောင်းလဲပါ၊ သူတစ်ပါးအတွက် မပြောင်းလဲပါနဲ့။


၇။ မျှော်လင့်တိုင်း ဖြစ်မလာတတ်ပါဘူး


ဘဝမှာ မျှော်လင့်ချက်ဆိုတာ ထားကိုထားသင့်တဲ့အရာပါ။ မျှော်လင့်ချက်ရှိမှလည်း ဘဝက အဓိပ္ပါယ်ပြည့်၀ နေမှာပါ။ ဒါပေမဲ့ မျှော်လင့်တိုင်း ဖြစ်မလာတတ်တာကိုတော့ သတိပြုပါ။ မျှော်တော့မျှော်လင့်ပါ၊ မျှော်လင့်တိုင်း ဖြစ်မလာတတ်ဘူးဆိုတာကိုလည်း ခေါင်းထဲထည့်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ အခါ ပြန်ရုန်းထဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။


၈။ သင့်အတွက်အချိန်မပေးနိုင်ဘူးဆိုတာ မဟုတ်ပါဘူး၊ သင့်ကို တကယ်ဂရုမစိုက်လို့ပါ


သင့်ဘက်က စာတိုတွေအကြိမ်ကြိမ် ပို့လျက်နဲ့ ဖုန်းတွေ ခဏခဏဆက်ထားလျက်နဲ့ ပြန်မတုံ့ပြန်ဘူးဆိုရင် သေချာတာကတော့ သူအလုပ်ရှုပ်နေလို့ မဟုတ်ပါဘူး၊ သင့်ကို အလေးမထားတာ၊ ဂရုမစိုက်တာပါ။ အဲဒီအရာ ကို သင့်မသိစိတ်ကသိနေပေမဲ့ သိစိတ်က လက်မခံချင်တာပါ။ အဲဒါကြောင့် သင့်ကိုယ်သင် အကြောင်းပြချက် တွေပေးပြီး အဲဒီလူကိုပဲ ဆက်တွယ်ကပ်နေမိတတ်ပါတယ်။ အမှန်တရားကို လက်သင့်ခံလိုက်ပါ၊ သင့်ကို ဦးစား ပေးနေရာမှာ မထားတဲ့သူ၊ သင့်အတွက် အချိန်မပေးတဲ့သူ၊ အလေးမထားတဲ့သူကို ဆက်ပြီးတွယ်ကပ်မနေပါနဲ့ တော့။ သင့်အတွက် ပိုကောင်းတာတွေနဲ့ ပိုကောင်းတဲ့သူတွေကို ကြုံတွေ့လာရဦးမှာပါ။


by Cherry Mon
Photo Credit: Freepik, Unsplash
Ref: StyleCraze.com



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။