
အသက် ၅၀ မှာ ဝင်းလက်ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်ထားတဲ့ ဂျေလိုရဲ့ လျှို့ဝှက်ချက်
ကမ္ဘာကျော် အဆိုတော် ဂျယ်နီဖာ လိုးပက်ဇ်ရဲ့ အလှအပဂုဏ်သတင်းတွေကတော့ မသိသူမရှိသလောက်ပါပဲ။ အခုဆိုရင် သူမအသက် ၅၀ ရှိနေပါပြီ။ ဒါတောင် သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ အသားအရေကို ကောင်းကောင်းထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဒါတောင် ဂျေလိုဟာ ကလေး(၄)ယောက် အမေပါ။ ဂျေလိုဟာ သူမရဲ့ အလှအပထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ တစ်ဖွဲ့တစ်နွဲ့ ဖော်ပြ ပြောဆိုတတ်သူတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း သူမရဲ့ အင်တာဗျူးတွေမှာ ပြောလေ့ရှိတဲ့ သူမရဲ့ အသားအရေ ထိန်းသိမ်းပုံလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
၁) Exfoliation
အင်တာဗျူးတစ်ခုမှာ ဂျေလိုပြောထားတာက သူမဟာ exfoliate ပုံမှန်လုပ်ပါတယ်တဲ့။ Exfoliate လုပ်တယ်ဆိုတာက အလွယ်ပြောရရင် ချေးချွတ်ပြီး ဆဲလ်သေဖယ်ခြင်းလို့ ပြောရမှာပေါ့။ ဆိုင်မှာသွားလုပ်လို့ ရသလို exfoliator တွေဝယ်သုံးလို့လည်း ရပါတယ်။ ဂျေလိုကတော့ အသားအရေ ကျန်းကျန်းမာမာနဲ့ Glow and Clear ဖြစ်ဖို့ Glycolic Acid ကို သုံးပါတယ်တဲ့။ ဒီတော့ glow ချင်တဲ့ ပျိုပျိုမေများ glycolic acid ပါဝင်တဲ့ exfoliator တွေ၊ facial peel တွေ ဝယ်သုံးပါ။ ပုံမှန်သုံးပေးမယ်ဆိုရင် တစ်လအတွင်း သိသာတဲ့ ရလဒ်ကို ပေးနိုင်တယ်လို့ ဆိုပါတယ်။
၂) Sunscreen
အသားအရေဆရာဝန်တွေ အမြဲပြောသလိုပဲ ဂျေလိုကလည်း သူမရဲ့အသားအရေ နုပျိုတင်းရင်းနေစေဖို့ နေရောင်ခြည်ကနေ အထူးကာကွယ်ပါတယ်တဲ့။ “ကျွန်မ အလုပ်ကိစ္စမရှိတဲ့အခါ မိတ်ကပ်အများကြီး မလိမ်းပါဘူး။ ပြီးတော့ ကျွန်မက SPF (နေလောင်ကာခရမ်) သုံးရတာ ကြိုက်နှစ်သက်သူတစ်ယောက်ပါ၊ နေပူထဲမှာလည်း အကြာကြီး နေလေ့မရှိပါဘူး” လို့ InStyle နဲ့အင်တာဗျူးမှာ ဖြေထားပါတယ်။ ဒီတော့ ပျိုမေတို့လည်း Sucscreen နေ့တိုင်းလိမ်းဖို့ မမေ့နဲ့နော်။ အထူးသဖြင့် အစိုဓာတ်ဖြည့်ပေးတဲ့ hyaluronic acid၊ အသားအရေကြည်လင်စေတဲ့ Pearl Extract၊ အဆိပ်အတောက်ကင်းစေတဲ့ Assam Tea၊ SPF 50+ စတာတွေ ပါဝင်တဲ့ Sunscreen မျိုးကို ရွေးချယ်ပါ။
၃) အိပ်ရေးဝအောင်အိပ်တယ်
ဂျေလိုရဲ့သဘာဝ ဖြည့်စွက်စာကတော့ အိပ်စက်ခြင်းပါပဲ။ “အရေးအကြီးဆုံး နံပတ်တစ်ကတော့ လုံလောက်စွာ အိပ်စက်ခြင်းပါပဲ။ ကျွန်မက စိတ်အဖိစီးမခံပါဘူး။ တစ်နေ့ကို ၉နာရီကနေ ၁၀နာရီကြာလောက်ထိ အိပ်ရတာ ကြိုက်ပါတယ်။ အဲလိုမဟုတ်ရင်တောင် အနည်းဆုံး ၈နာရီကြာတော့ အိပ်ပါတယ်” လို့ ဂျေလိုက InStyle မှာ ဖြေထားပါတယ်။ ဒါကတော့ လွယ်ကူပါတယ်နော်။ အိပ်ရေးဝအောင် အိပ်ရုံပဲဆိုတော့။ ဒီထက်ထိရောက်ချင်ရင်တောင် Sleep Mask လေး သုံးအိပ်ပေါ့။
၄) မျက်နှာကို ပုံမှန်သန့်စင်တယ်
“အားကစားလုပ်ပြီးတာနဲ့ မျက်နှာသစ်ပါတယ်။ အဲလိုလုပ်ခြင်းက ချွေးပေါက်တွေကို သန့်စင်ပေးပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်” လို့ ဂျေလိုက Hello နဲ့အင်တာဗျူးမှာ ပြောထားပါတယ်။ Regenerating Cleanser အမျိုးအစားကတော့ ဂျေလိုရဲ့အကြိုက်ဆုံးပဲလို့ သိရပါတယ်။
၅) ပျော်ပျော်နေတယ်
အခုဂျေလိုကနေ ဆယ်ကျော်သက်ဘဝက ဂျေလိုကို အလှအပအကြံဉာဏ် ဘယ်လိုပေးချင်လဲလို့ မေးတော့ “ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ သူများတွေ ဘယ်လိုထင်မလဲဆိုတာ စိတ်ပူနေရင်းနဲ့ အချိန်တွေမဖြုန်းပစ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ကိုယ့်ဘဝကိုယ် ပျော်အောင်နေတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်ပါ ကောင်းတဲ့အကျိုး သက်ရောက်မှုတွေ ရှိလာပါတယ်။ ဒါကပဲ စစ်မှန်တဲ့ လှပခြင်းကို ပေးနိုင်တာပါ။” လို့ ဂျေလိုက ဖြေခဲ့ပါတယ်။ နောက်တစ်ခု သူမပြောတာက “moisturizer ကောင်းကောင်းသုံးပါ” တဲ့။ ဝက်ခြံထွက်လွယ်တဲ့သူတွေ ဆိုရင်တော့ Light weight moisturizer အမျိုးအစား သုံးပေးပါနော်။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။