၂၁ ရာစုမှာ ပြောင်းလဲသင့်နေပြီဖြစ်တဲ့ အယူအဆဟောင်းများ

လူ့အဖွဲ့အစည်းမှာ အတန်းအစားခွဲခြားမှုတွေ၊ ပြောင်းလဲသင့်တဲ့ အတွေးအခေါ်အယူအဆဟောင်းတွေ များစွာ ရှိခဲ့ပြီး တချို့အရာတွေဆိုရင် အခုထက်ထိ ရှိနေဆဲဖြစ်ပါတယ်။ အရာရာတိုင်းကို တစ်ပြိုင်နက်တည်း ပြောင်းလဲ ပစ်ဖို့ မဖြစ်နိုင်ပေမဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရရင် လိင်ခွဲခြားမှု၊ အထူးသဖြင့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုနဲ့ လူမျိုးချင်း အသားအရောင်ခွဲခြားမှုတွေပါပဲ။
အဲဒါကြောင့် ၂၁ ရာစုမှာ ခေတ်နဲ့အညီ အတွေးအခေါ်မြင့်မားမှန်ကန်သူတစ်ယောက် ဖြစ်လာစေဖို့အတွက် ပြောင်းလဲသင့်နေတဲ့ အတွေးအခေါ်ဟောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အမျိုးသမီးတွေဟာ ဇနီးကောင်းနဲ့ မိခင်ကောင်းတွေ ဖြစ်နိုင်သလို အသက်မွေးဝမ်းကြောင်းအတွက်လည်း ယောကျာ်းတွေနဲ့ တန်းတူ ငွေရှာလာနိုင်ပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေကို အိမ်တွင်းပုန်းပြီး ယောကျာ်းစကားကို တသွေမတိမ်းလိုက်နာရမယ့် အားနည်းသူတွေအဖြစ်ပဲ ထင်မြင်နေခြင်းကို ဖျောက်ဖျက် သင့်ပါပြီ။ ဒီနေ့ခေတ်မှာ အိမ်အလုပ်ရော ပိုက်ဆံရှာတဲ့အလုပ်ကိုပါ တစ်ပြိုင်တည်းလုပ်နေကြတဲ့ အမျိုးသမီးတွေ ဟာ ယောကျာ်းသားတွေထက်တောင် ပိုမိုတဲ့ စွမ်းအားတွေရှိတယ်လို့ ဆိုနိုင်ပါတယ်။


၂။ တက်တူးထိုးထားတိုင်း ဆိုးသွမ်းဟော့ရမ်းသူတွေ မဟုတ်ပါဘူး၊ သူတို့ကြိုက်တဲ့အရာကို သူတို့လုပ်ခွင့် ရှိပါတယ်။ တက်တူးထိုးတာကို လူတိုင်းကြိုက်ချင်မှကြိုက်မှာပါ။ ဒါပေမဲ့ ကိုယ့်အသားပေါ်မှာ ကိုယ့်ဘာသာ ကိုယ် တက်တူးထိုးခြင်းဟာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ ဒီခေတ်မှာ တက်တူးထိုးခြင်းကို လက်ခံလာကြပြီး မိန်းကလေးတွေလည်း တက်တူးထိုးလာကြပါပြီ။ ဒါပေမဲ့ တက်တူးထိုးထားတိုင်း ဟော့ရမ်းဆိုးသွမ်းသူတွေ အဖြစ် မြင်နေကြသေးတဲ့ အတွေးအခေါ်နောက်ကျနေသူတွေလည်း ရှိနေပါသေးတယ်။


၃။ ဒီခေတ်မှာ ခန္ဓာကိုယ်အတွက် အတိုင်းအတာစံနှုန်းတွေ မလိုအပ်တော့ပါဘူး။ ပိန်ပိန်ဝဝ လှလှပပနေနိုင် တယ်ဆိုတာကို လက်ခံလာကြပါပြီ။ ဝတဲ့သူတွေအတွက်လည်း plus size အဝတ်အစားလှလှတွေ ရှိလာသလို plus size မိုဒယ်လှလှလေးတွေကလည်း သူတို့အတွက် ခွန်အားပါပဲ။ အရင်ကဆိုရင် ပိန်လွန်းခြင်း၊ ဝလွန်းခြင်း အပေါ် ကဲ့ရဲ့လှောင်ပြောင်မှုတွေရှိလာပေမဲ့ အခုနောက်ပိုင်းမှာတော့ ပိန်ခြင်း၊ ဝခြင်းအပေါ် body shaming မလုပ်ဖို့ အသိတရားရှိသူတွေလည်း များလာပါပြီ။


၄။ ဘယ်အသက်အရွယ်မှာ ဘာလုပ်မယ်ဆိုတာဟာ ကိုယ်ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ဖြစ်လာပြီး ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုတွေ နည်းလာပါပြီ။ အရင်ကဆိုရင် ပညာရှာရမယ့်အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့အရွယ်ဆိုပြီး ကန့်သတ်ချက်တွေနဲ့ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ပညာ သင့်ရမယ့် အရွယ်ဆိုတာ အကန့်အသတ်မရှိတော့ဘဲ အမြဲတမ်းသင်ယူစရာတွေ ပြည့်နှက်နေတာကို လက်ခံ လာကြပါပြီ။ ဒီလိုပါပဲ၊ အိမ်ထောင်ပြုခြင်းကိုလည်း အသက်အရွယ်ကြောင့် အလျင်စလိုမပြုလုပ်ကြတော့ဘဲ မိမိ အဆင်သင့်ဖြစ်မယ့် အချိန်မှ လက်ထပ်ရဲလာကြပါပြီ။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ၊ လူပျိုကြီး၊ အပျိုကြီးဆိုပြီး shaming လုပ်တာတွေ လုံးဝပပျောက်သွားတာမဟုတ်ပေမဲ့ အရင်လောက်တော့ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှု မရှိတော့ဘဲ ကိုယ်လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်လာကြပြီ ဖြစ်ပါတယ်။


၅။ ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း ဒါမှမဟုတ် အားနည်းချက်တစ်ခုခုနဲ့ မွေးဖွားလာခြင်းဟာ အနှိမ်ခံရမယ့် အကြောင်းအရင်းတစ်ခု မဟုတ်တော့ပါဘူး။ မသန်ပေမဲ့လည်း စွမ်းတယ်ဆိုသလို လူတိုင်းမှာ သူ့အားနည်းချက် နဲ့သူ၊ သူ့အားသာချက်နဲ့သူ ရှိနေတာကို သိလာကြပါပြီ။ အဲဒီလိုလူတွေကို နှိမ်ချပြောဆိုဆက်ဆံခြင်းနဲ့ လှောင်ပြောင်သရော်ခြင်းဟာလည်း အဆင့်အတန်းမရှိသူတွေ၊ လူမဆန်သူတွေသာ လုပ်လေ့ရှိတဲ့ အပြုအမူ ဖြစ်ပါတယ်။


၆။ အသားအရောင် ခွဲခြားမှု အရင်ကထက် နည်းပါးလာပါပြီ။ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အရည်အချင်းကို အဆုံးအဖြတ်ပေးတာဟာ သူ့ရဲ့အသွင်ပြင်မဟုတ်သလို သူ့ရဲ့အသားအရောင်ကို ကြည့်ပြီး စိတ်သဘောထားကို ကောက်ချက်ချဖို့လည်း မဖြစ်နိုင်ပါဘူး။ ဘယ်လူမျိုးကဆိုးတယ်၊ ကောင်းတယ်ဆိုတာ မရှိပါဘူး။ ဘယ်လူမျိုး ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိပါတယ်။ 


၇။ အိမ်မှုကိစ္စဆိုတာ အမျိုးသမီးတွေရဲ့အလုပ်ချည်းပဲ မဟုတ်တော့ပါဘူး။ အရင်ခေတ်က ယောကျာ်းက စီးပွားရှာပြီး မိန်းမဖြစ်သူတစ်ယောက်တည်းက အိမ်မှုကိစ္စလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ စီးပွားရေး ကြပ်တည်းမှုကြောင့်ဖြစ်စေ၊ ခေတ်အခြေအနေအရဖြစ်စေ အမျိုးသမီးတွေလည်း အလုပ်ထွက်လာကြပါပြီ။ အဲဒါကြောင့် တချို့အိမ်ထောင်တွေမှာဆိုရင် ယောကျာ်းရောမိန်းမပါ စီးပွားရှာသလို အိမ်မှုကိစ္စနဲ့ ကလေးဝေယျာဝစ္စကိုလည်း အတူလုပ်လာကြပါပြီ။ သေချာတာကတော့ အရင်ကလို လင်ကိုဘုရား၊ သားကို သခင်လို့ သဘောထားရတဲ့ ခေတ်မရှိတော့ပါဘူး။ တကယ်တမ်းတွေးကြည့်ရင်လည်း မိန်းမတွေပါ စီးပွားရှာနေ ရတဲ့ ခေတ်မှာ အိမ်မှုကိစ္စဆိုတိုင်း မိန်းကလေးတွေအလုပ်လို့ မယူဆသင့်တော့ပါဘူး။


၈။ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ အသက်ကြီးတယ်၊ ငယ်တယ်ဆိုတဲ့ ခွဲခြားမှု မရှိတော့ပါဘူး။ အရင် ဆိုရင် အသက်ကြီးမှ အတွေ့အကြုံများတယ်လို့ ယူဆကြသလို၊ တချို့အလုပ်တွေမှာလည်း အသက်ကြီးရင် ဘောင်မဝင်တော့သလို သတ်မှတ်ကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ အသက်အရွယ်ထက် တကယ့်လုပ်နိုင်စွမ်းနဲ့ အရည်အချင်းကိုပဲ ကြည့်လာကြပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းကြီးတွေ ကို ဦးဆောင်နေကြသူတွေလည်း အများကြီးရှိလာပါပြီ။ အဲဒါကြောင့် လူတစ်ယောက်ရဲ့လုပ်နိုင်စွမ်းနဲ့ အရည်အချင်းဟာ အသက်အရွယ်ပေါ် မူတည်မနေပါဘူး။


၉။ အရင်က လိင်တူချစ်ကြိုက်သူတွေကို ပြောစရာဆိုစရာတစ်ခုလို ပတ်ဝန်းကျင်က ဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အဓိကနဲ့သာမညကို ခွဲခြားတတ်လာပြီး လူ့အခွင့်အရေးကို သိတတ်လေးစား လာကြတာကြောင့် အဲဒီလိုခွဲခြားမှုတွေ တဖြည်းဖြည်းပြောင်းလဲလာပါပြီ။ လိင်တူချစ်ကြိုက်ချင်းဟာ ဘယ်သူ့ကို မှ မထိခိုက်စေဘဲ သူတို့ဘဝကို သူတို့ကိုယ်တိုင်ရွေးချယ်မှုဖြစ်တာကြောင့် ဘယ်သူကမှ ဝေဖန်စရာအကြောင်း မရှိပါဘူး။ အဲဒါဟာ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စမျှသာဖြစ်ပြီး ဘယ်သူကိုမှမထိခိုက်စေသလို စိတ်နေ စိတ်ထားနဲ့ အရည်အချင်းအပေါ်လည်း သက်ရောက်မရှိပါဘူး။


By Cherry Mon
Photo Credit: Unsplash, Pinterest
Ref; Brightside

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။