ဂရမ်မီဆုပေးပွဲကြီးရဲ့ ပလစ်ခြင်းခံခဲ့ရတဲ့ Halsey အတွက် ခံပြင်းနေတဲ့ ပရိသတ်များ

ဒီနှစ် လူကြိုက်အတော်များခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Halsey ဟာ ဇန်နဝါရီလ၂၀၂၀ မှာကျင်းပတော့မယ့် ဂရမ်မီ ဂီတဆုပေးပွဲကြီးရဲ့ ပလစ်ခြင်းကို ခံခဲ့ရပါတယ်။ ၆၂ ကြိမ်မြောက်ကျင်းပမယ့် ဒီဆုပေးပွဲကြီးရဲ့ ဆန်ခါတင်စာရင်းကို ၂၀၁၉ နိုင်ဝင်ဘာ ၂၀ ရက်နေ့မှာ အတိအလင်း ထွက်ပေါ်လာခဲ့ပါတယ်။ အားလုံးထဲမှာ Billie Eilish, Lil Nas X နဲ့Lizzo တို့ကတော့ ဆုပေါင်းများစွာမှာ ဆန်ခါတင်စာရင်း ဝင်ထားကြပါတယ်။ ဒါပေမဲ့ Billboard Hot 100 lists မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ Halsey ရဲ့ Without Me သီချင်းကတော့ ဆုလေးတစ်ခုမှာတောင် မပါဝင်ခဲ့ပါဘူး။


ဒီကိစ္စနဲ့ပတ်သက်ပြီး Halsey ရဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ “ဂရမ်မီက Halsey ကို မကြိုက်တာဖြစ်မယ်။ အသိသာကြီးလေ။ Without Me သီချင်းကိုတောင် ဆန်ခါတင်မပေးဘူးဆိုတော့” ဆိုပြီး ပရိသတ်တစ်ယောက်က ရေးထားပါတယ်။ အခြားပရိသတ်တွေကလည်း Halsey ရဲ့သီချင်းဟာ ဆန်ခါတင်စာရင်းဝင်သင့်ကြောင်းကို အားမလိုအားမရ ရေးသားထားကြပါတယ်။ ဒါ့အပြင် BTS နဲ့သီဆိုခဲ့တဲ့ “Boy With Luv” သီချင်းဟာလည်း လူကြိုက်များခဲ့ပေမယ့် ဆန်ခါတင်မဝင်ပြန်ပါဘူး။ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို သူနဲ့ထိုက်တန်တာ မရရင် ပရိသတ်တွေဒေါသထွက်တာ ဆန်းတော့မဆန်းပါဘူး။


Billboard က အသိအမှတ်ပြုခဲ့တဲ့ Halsey ရဲ့ Without Me သီချင်းဟာ ဂရမ်မီရဲ့ Song of the year, Record of the year, Album of the year, Best New Artist ဆိုတဲ့ ဆုကြီး(၄)ဆုရဲ့ လျစ်လျူရှုခြင်းကိုတော့ ခံခဲ့ရပါတယ်။ ဂရမ်မီဆုမရရင်တောင် ဆန်ခါတင်ထဲတော့ ဝင်စေချင်ကြတာပါ။ ပရိတ်သတ်တစ်ယောက်က “Halsey ရဲ့ Without Me သီချင်းက Song of the year ရသင့်ပါတယ်။ ဒါပေမဲ့ သူတို့လှေ ဆိုတော့လည်း သူတို့သဘောပဲပေါ့” လို့ ရေးသားခဲ့ပါတယ်။ Halsey ဟာ ဂရမ်မီမှာ အသိအမှတ်ပြုခြင်းမခံရပေမယ့် အပြုံးမပျက်ဘဲ ဆန်ခါတင်စာရင်းဝင်သွားတဲ့ အနုပညာရှင် သူငယ်ချင်းတွေအတွက် ဝမ်းသာဂုဏ်ပြုကြောင်း ရေးသားခဲ့ပါတယ်။


ပရိသတ်တွေရဲ့တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ Halsey က “ကျွန်မရဲ့ ချစ်ပရိသတ်ကြီးရေ။ ဒေါသတွေနဲ့ စိတ်ပျက်မှုတွေကို မဖြုန်းတီးပစ်ပါနဲ့။ အားလုံးတော်တော်လေး စိတ်ပျက်နေတယ်ဆိုတာကို သိပါတယ်။ ကျွန်မလည်း ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ဘယ်အရာကမှ အရေးမကြီးပါဘူး။ ပရိသတ်ကြီး ရှိနေတယ်။ ကျွန်မရှိနေတယ်။ ပြီးတော့ အရာရာတိုင်းက ပုံမှန်အတိုင်း လည်ပတ်နေမှာပါပဲ။ Without Me သီချင်းကလည်း အရမ်းကောင်းမွန်ပြီး စံချိန်မှီတဲ့သီချင်းတစ်ပုဒ်အဖြစ် ဆက်လက်တည်ရှိနေမှာပါပဲ” လို့ ရေးသားခဲ့ပါတယ်။


Ref; Twitter Posts


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။