တိုးတက်ပြောင်းလဲလာတဲ့ စီးပွားရေးလောကထဲမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အောင်အောင်မြင်မြင် ရပ်တည်စေဖို့

အိပ်မက်တွေကို အတွေးအခေါ်အသစ်၊ အမြင်အသစ်တွေနဲ့ အကောင်အထည်ဖော်ရင်း စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ Rangoon Tea House, Mr.Wok နဲ့ Naked Cafe တို့ရဲ့ ပဲ့ကိုင်ရှင် မ Isabella ဆွေတင် က သူမရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး စိတ်ဝင်စားဖွယ် အကြံဉာဏ်တွေ၊ အောင်မြင်ဖို့ သူမကျင့်သုံးခဲ့တဲ့ Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

၁။ အခြားလူတစ်ယောက်ကို စိတ်ခွန်အားပေးနိုင်ဖို့ ကိုယ်ကိုယ်တိုင်က စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ 

လူတစ်ယောက်မှာ အချိန်တိုင်း ပျော်ရွှင်နေရတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းရဲ့ ဘဝမှာ အောင်မြင်တဲ့အချိန်တွေ ရှိသလို၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်တွေလည်းရှိတတ်ပါတယ်။ လူတိုင်းက ကိုယ့်ရဲ့ ရည်မှန်းချက် ဒါမှမဟုတ် ရပ်တည်မှုတစ်ခုအတွက် နေ့စဉ်မပြတ် ကြိုးစားနေကြရတာပါ။ Isabella ကိုယ်တိုင်လည်း ဒီနေ့ ဒီအချိန်ထိ ကြိုးစားနေရတုန်းပဲ။ ဘဝခရီးလမ်းကို လျှောက်လှမ်းနေတဲ့ အချိန်မှာ Isabella အကြံပေးချင်တဲ့ အရိုးရှင်းဆုံး အချက်တစ်ခု ကတော့ ဘဝမှာ ကိုယ်လျှောက်လှမ်းခဲ့တဲ့ အမှတ်တရ အခိုက်အတန့်တွေကို ပြန်ကြည့်ပြီး ကိုယ် ခက်ခက်ခဲခဲဖြတ်သန်းခဲ့တဲ့ ခရီးတွေကို ပြန်လည်အမှတ်ရရင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ အဆင်မပြေခဲ့တဲ့ ဆုံးရူံးမှုတွေအတွက်ကတော့ ဘဝသင်ခန်းစာလို့ မှတ်ယူပြီး သင်ယူလိုက်ပါ။ Isabella က ချစ်ရတဲ့သူတွေနဲ့ ခရီးသွားရတာ၊ ခရီးမှာ စာအုပ်တွေ ဖတ်ရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ခရီးက လူတစ်ယောက်ကို လန်းဆန်းစေတယ်။ နောက်ပြီး စာအုပ်တွေက ဘဝခွန်အားတွေပေးတယ်။ Isabella ကတော့ စိတ်ဖိစီးမှုတွေကို ခရီးသွားရင်း စာအုပ်တွေ ဖတ်ရင်း ဖြေဖျောက်ပြီး စိတ်သစ်၊ လူသစ်၊ ခွန်အားအပြည့်နဲ့ အစက ပြန်စတယ်။ အားလုံးကိုလည်း အခုလို စိတ်ဖိစီးမှုတွေရှိလာခဲ့ရင် ခံစားချက်ကြီးကို သိမ်းပိုက်ထားပြီး ရှေ့ဆက်ဖို့ ကြောင့်ကြနေတာမျိုး မဖြစ်ဖို့ အဓိက အကြံပေးလိုပါတယ်။ ပြီးတော့ Isabella အကြံပေးချင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကျဆုံးမှုပဲဖြစ်စေ၊ အောင်မြင်မှုပဲဖြစ်စေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားဖို့ပါ။ ဒီလိုပြင်ဆင်ထားမယ်ဆိုရင် “စိတ်သာရှင်စော၊ ဘုရားဟော” ဆိုတဲ့အတိုင်း မအောင်မြင်ခဲ့ရင်တောင် ပြန်မထနိုင်တဲ့အထိ ကျရှုံးသွားမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်တစ်ခုမှာဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ ဖြစ်စေ ကိုယ်ကိုယ်တိုင် စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစား နေထိုင်ရင်း ရင်းနှီးကျွမ်းဝင်သူတွေ၊ မိသားစုဝင်တွေကို စိတ်ခွန်အားပေးသွားနိုင်တဲ့ လူတစ်ယောက်အဖြစ် ပံ့ပိုးပေးနိုင်ပါစေလို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။ 


၂။ အောင်မြင်မှုအသီးအပွင့်တစ်ခု ရရှိဖို့အတွက် အချိန်တစ်ခုရင်းပြီး စိတ်ရှည်ရှည်ကြိုးစားဖို့နဲ့ သူမတူတဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ ရှိဖို့ လိုအပ်ပါတယ်။

အောင်မြင်မှု အသီးအပွင့်ဟာ ဒီနေ့ညစိုက်ပျိုးပြီး မနက်ဖန်စားသုံးနိုင်တာမျိုး မဟုတ်ပါဘူး။ အချိန်တစ်ခု ပေးဆပ်ပြီး မှန်မှန်ကန်ကန် ကြိုးစားသွားမှ ရရှိနိုင်တာပါ။ တန်ဖိုးရှိတဲ့ အောင်မြင်မှုတိုင်းအတွက် စိတ်ရှည်ရှည် စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီလို အချိန်တစ်ခုပေးဆပ်ပြီး အောင်မြင်မှုကို စောင့်ဆိုင်းနိုင်ဖို့ဆိုရင် မိမိ လုပ်ဆောင်နေတဲ့ အရာဟာ မိမိဝါသနာပါရာ၊ စိတ်ဝင်စားရာဖြစ်ဖို့ အဓိကလိုအပ်ပါတယ်။ ဒီလိုမှသာ ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ၊ အားသွန်ခွန်စိုက် အချိန်ပေးလုပ်ကိုင်နိုင်မှာပါ။ နောက်တစ်ခုကတော့ အများမြင်သလို မမြင်ပဲ အမြင်သစ်တစ်ခုကိုမြင်တတ်ဖို့၊ အတွေးအခေါ်သစ်တွေကို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ဆင့် အနေနဲ့မှ အဲဒီအမြင်ကို ဘယ်လို ဆန်းသစ်မှုတစ်ခုနဲ့ လူတိုင်းအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ စဉ်းစားရမှာပါ၊ အမြဲတမ်း လူတိုင်း ဒီလမ်းကိုလျှောက်လို့ လိုက်လျှောက်တာထက် စာရင် ပိုပြီးဆန်းသစ်တဲ့ အမြင်တစ်ခုခုကို ချပြနိုင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ အခု Isabella တို့ ပတ်ဝန်းကျင်ကိုပဲ ကြည့်ပါစို့။ နည်းပညာတွေက မျက်စိတစ်မှိတ်အတွင်းမှာကို ပြောင်းလဲနေတာ။ နောက်ကျတဲ့သူကတော့ ခံရမှာပဲ။ ဒီလိုပဲ အရည်အသွေးကို ထိန်းသိမ်းပြီး ဆန်းသစ်နိုင်တဲ့သူကတော့ ထိပ်ကို ရောက်နေမှာပါပဲ။ ဥပမာ​ပြောရရင် Isabella က တစ်ခုခုမှတ်ချင်တဲ့အခါ ​မေ့မသွား​အောင် ချက်ချင်း​ရေးမှတ်တဲ့အကျင့်ရှိတယ်။ Note book ကလဲ အမြဲသယ်မသွားချင်​တော့ အခုသုံး​နေတဲ့ Note10+ ရဲ့ S pen ​လေးထုတ်​ပြီး မှတ်လိုက်တာပဲ။ လက်​ရေး (Hand Writing) ပုံစံက​နေ စာ (Text) ပုံစံကိုလဲ တခါတည်း​ပြောင်းလို့ရတယ်ဆို​တော့ အရမ်းအချိန်ကုန်သက်သာတာပဲ။ ပြီးတော့ Isabella က Instagramable  ဖြစ်တဲ့ ဓါတ်ပုံလေးတွေ ရိုက်ရတာကြိုက်တယ်။ ဒီ Galaxy Note 10+ Camera မှာပါတဲ့ Wide Angle features တွေက အရမ်းမိုက်တယ်ဆိုတော့ ကွက်တိပဲ။ ရှုခင်းအပြည့်ရော လူအများကြီးရောပါအောင် ရိုက်နိုင်တော့ အရမ်း သဘောကျမိပါတယ်။ သူ့ရဲ့ Features ​လေး​တွေက ဆန်းတဲ့အပြင် ​နေ့တိုင်းသုံးလို့ရတဲ့ တကယ်အသုံးဝင်တဲ့ features ​လေး​တွေဆို​တော့ ဆက်သုံးဖြစ်​နေတာ​ပေါ့။ ဒီလိုပြောင်းလဲလာတဲ့ ဈေးကွက်တစ်ခုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်တာကလည်း Isabellaတို့အားလုံးအတွက် အတုယူစရာတစ်ခုပါ။


၃။ ကိုယ့်တက်လမ်းတွေအတွက် တစ်ဖက်တစ်လမ်းက တွန်းအားတွေပေးနိုင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်ဆံပေါင်းသင်းပြီး အမြဲလေ့လာသင်ယူပါ။

လူတစ်ယောက် ဘဝမှာ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး”ဆိုတဲ့ အတိုင်း အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့ အပေါင်းအသင်းက အများကြီးအရေးပါပါတယ်။ ကိုယ့်ကို အမြင့်ရောက်အောင် နည်းလမ်းပေးနိုင်တဲ့သူ၊ စိတ်ဓာတ်ခွန်အားပေး ပေးနိုင်တဲ့သူတွေ ဘဝမှာ လိုအပ်ပါတယ်။ Isabella ဆိုရင်လည်း ဒီလို တွန်းအားပေးခဲ့တဲ့သူ၊ လက်တွဲခေါ်ပေးတဲ့သူ၊ စိတ်ဓာတ်ကျချိန်မှာ ဖေးမပေးတဲ့ မိတ်ဆွေ၊ သူငယ်ချင်း တွေကြောင့် ဒီနေ့ ဒီလိုနေရာမှာ အဆင်ပြေနေနိုင်တာပါ။ ဒါကြောင့် ကိုယ့်မှာ အဲလို အပေါင်းအသင်းတွေရှိနေပြီဆို မအားသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ friendship တစ်ခုကို အပျက်မခံပါနဲ့။ အခုလို technology ပိုင်းတွေ တိုးတက်လာတဲ့အချိန်မှာ ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အပေါင်းအသင်းတွေနဲ့ ဆက်သွယ်ဖို့ ပိုတောင်လွယ်ကူလာပါသေးတယ်။ လူချင်း တကူးတက သွားမတွေ့နိုင်ရင်တောင်၊ ဖုန်းထဲမှာ၊ အင်တာနက်ပေါ်မှာ လွယ်လွယ်ကူကူနဲ့ ပြောဆိုဆက်သွယ်လို့ ရနေတော့ ကိုယ်အနားမှာ ၂၄ နာရီ အမြဲအဆင်သင့်ရှိနေတဲ့ ဖုန်းထဲကနေ လွယ်လွယ်ကူကူပဲ မိတ်ဆွေကောင်းတွေနဲ့ အဆက်အသွယ်လုပ်ပြီး စိတ်ဓာတ်ခွန်အား ရယူဖို့ တိုက်တွန်းလိုပါတယ်။ ဒါပေမဲ့ သတိထားရမှာ တစ်ခုက လူတစ်ယောက်စီမှာ အတုယူသင့်တဲ့ အချက်တွေရှိသလို၊ သူ့လိုမဖြစ်အောင် ရှောင်ရမယ်ဆိုတဲ့ အချက်တွေလည်း ရှိပါတယ်။ အားသာချက်ဖြစ်စေ၊ အားနည်းချက်ဖြစ်စေ ဒါဟာ ကိုယ့်အတွက် မှတ်သားစရာဆိုတာကို နားလည်ထားဖို့လိုပါတယ်။ ကိုယ့်တက်လမ်းတွေအတွက် တစ်ဖက်တစ်လမ်းက တွန်းအားတွေပေးနိုင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်ဆံပေါင်းသင်းပြီး အမြဲလေ့လာသင်ယူနေဖို့ Isabella အကြံပြုလိုပါတယ်။


၄။ ဘဝမှာ ကိုယ့်ဝါသနာအတွက် ပြောင်းလဲမှုတွေ၊ စွန့်စားမှုတွေလုပ်ဖို့ တွေဝေမနေပါနဲ့။

Isabella ဘဝမှာ အရမ်းကျေနပ်ခဲ့ရတဲ့ စွန့်စားမှုတစ်ခုရှိတယ်။ သိတဲ့သူတွေသိမှာပါ။ Isabella တို့ Rangoon Tea House မှာ မုန့်ဟင်းခါးတစ်ပွဲကို ၅,၀၀၀ ကျပ် နဲ့ရောင်းလို့ Negative comments တွေ အများကြီး ရခဲ့ဖူးတယ်။ သရော်တာတွေလည်း အစုံပေါ့နော်။ တစ်ကယ်တမ်း ဝေဖန်နေတဲ့သူတွေက Isabella တို့ရဲ့ မုန့်ဟင်းခါးကို တစ်ခါမှ လာမမြည်းစမ်းဖူးကြလို့ပါ။ စားဖူးတဲ့ သူတွေကတော့ ဒီတန်ဖိုးနဲ့ ညီမျှတဲ့ အရသာကို ရတယ်လို့ အမြဲတမ်း Feedback ပေးကြတယ်။ အဲလို Feedback တွေရတိုင်းလည်း ကျေနပ်ပီတိ ဖြစ်ရတယ်။ အချို့ဝန်ထမ်းတွေကတော့ အကြံပေးတယ်၊ ဈေးကို လျော့ဖို့ပေါ့နော်။ ဒါပေမယ့် Isabella ယုံကြည်တယ်၊ ဒီမုန့်ဟင်းခါးတစ်ပွဲ ဖြစ်လာဖို့ အချိန်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ သန့်ရှင်းမှုတွေ အတွက် ၁၀၀% အပြည့်အဝ အာမခံနိုင်ပါတယ်။ ဒါကြောင့် Isabella အကြံပေးလိုတာကတော့ မှန်ကန်ပြီး ဖြောင့်မတ်တဲ့ နည်းလမ်းနဲ့သာဆိုရင်၊ ကိုယ်စိတ်အားထက်သန်တာ၊ ဝါသနာပါတာ သေချာခဲ့ရင် အများရဲ့ ဝေဖန်မှုတစ်ခုကြောင့် ရပ်တန့်ဖို့မလိုပါဘူး။ Isabella အနေနဲ့ အကြံပေးချင်းတာက အဲ့ဒီဝေဖန်မှုတွေကို တွန်းအားတစ်ခုအနေနဲ့ မှတ်ယူပြီး မိမိယုံကြည်ရာကို ဆက်လုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ နောက်ပြီး စွန့်စားမှုတွေလုပ်ဖို့လည်း မတွေဝေသင့်ပါဘူးလို့ အကြံပေးချင်ပါတယ်။

လောကမှာ အများရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေဆီကနေ သင်ယူလိုက်ရတာတွေ အများကြီးရှိကြပါတယ်။ ဒီနေ့မှာလည်း Isabella အခုပြောပြပေးခဲ့တဲ့ အတွေးအမြင်တွေ၊ အတွေ့အကြုံတွေ ကနေ အတွေးသစ်၊ အမြင်သစ်တွေနဲ့ မိမိစိတ်အားထက်သန်တဲ့ ဝါသနာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ချစ်သော Isabella 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။