ဂျပန်နိုင်ငံလူဦးရေရဲ့ ၇၅%လောက် တစ်နေ့တစ်ခွက်သောက်လေ့ရှိတဲ့ မီဆိုစွပ်ပြုတ်ဆိုတာ

မီဆိုစွပ်ပြုတ်လို့ လူသိများကြတဲ့  (味噌汁 မီဆိုရှီရူ ) ဟာ ဂျပန်ရိုးရာ ချက်ပြုတ်နည်းနဲ့ ပြုလုပ်ထားတဲ့ စွပ်ပြုတ်တစ်မျိုးဖြစ်ပြီး "ဒါရှီ"လို့ခေါ်တဲ့ ဟင်းရည်တစ်မျိုးထဲကို မီဆိုအနှစ် ထည့်မွှေထားတာပဲဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၇၅%လောက်ဟာ တစ်နေ့ကို အနည်းဆုံး မီဆို စွပ်ပြုတ်တစ်ခွက်စီလောက်တော့ သောက်လေ့ရှိကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။


မီဆို စွပ်ပြုတ် တစ်ခုရဲ့ ဝိသေသနဲ့ အရသာဟာ မီဆိုအနှစ် ရွေးချယ်မှုပေါ်မှာ အများကြီး မူတည်ပါတယ်။  မီဆိုအနှစ်ကို များသောအားဖြင့် အနီနဲ့အဖြူ ၂ မျိုးတွေ့နိုင်ပြီး အချိန်အကြာကြီး အချဉ်ဖောက်ထားတဲ့ မီဆိုအနှစ်အနီမျိုးဟာ မီဆိုစွပ်ပြုတ်တစ်ခွက်ကို ပိုမိုပြင်းပြနက်ရှိူင်းတဲ့ အရသာမျိုးကို ပေးစွမ်းနိုင်ပါတယ်။ အနှစ်ဖြူ မီဆိုလိုမျိုး အချိန်ခဏလေးသာ အချဉ်ဖောက်ထားတဲ့ မီဆိုအနှစ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ချိုမြမြ မီဆိုစွပ်ပြုတ်အရသာကို ပေးစွမ်းနိုင်ပါတယ်။


ဂျပန်ချက်ပြုတ်နည်းစစ်စစ်မှာတော့ အသီးအရွက်အများအပြားကို အသားနဲ့ အရည်စပ်စပ်ရောလေ့ရှိပြီး အထူးသဖြင့် မှိုအမျိုးမျိုး၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ အာလူး၊ တို့ဟူးနဲ့ ငါးတွေကိုလည်း ထည့်လေ့ရှိပါတယ်။ အရေးကြီးတဲ့အချက်က အသီးအရွက်နဲ့ အသားများကို အရင်ချက်ကာ အအေးခံပြီးမှ မီဆိုအနှစ်ကိုထည့်ပါတယ်။ အကယ်၍ မီဆိုထဲမှာ ဝက်သားပါထည့်ထားရင်တော့ တန်ဂျီရူလို့ ခေါ်ပြီး"ဝက်သား စွပ်ပြုတ်"လို့ အဓိပ္ပါယ်ပြောင်းသွားပါတယ်။


ဂျပန်လူမျိုးတွေရဲ့ ရိုးရာမနက်စာဟာ ထမင်းဖြူနဲ့ မီဆို စွပ်ပြုတ်ပါ။ မီဆိုစွပ်ပြုတ်ကို လူတန်းစားမရွေးနှစ်ချိုက် သောက်သုံးလာခဲ့ကြတာ ရာစုနှစ်နဲ့ ချီပြီဖြစ်ပါတယ်။ မီဆို စွပ်ပြုတ်ကို ပုံမှန်အားဖြင့် အဖုံးပါသော ယွန်းပန်းကန်လုံးဖြင့် တည်ခင်းလေ့ရှိပြီး ပန်းကန်လုံးလိုက် မ ပြီးတော့ မော့သောက်လေ့ရှိကြပါတယ်။ ပြီးတော့မှ ကျန်တဲ့ အဖတ်တွေကို တူနဲ့စားကြတာပါ။


ဒီလောက်ဆိုရင်တော့ We Food ရဲ့ ပရိတ်သတ်တွေလည်း မီဆိုအကြောင်းကို တော်တော်လေးတော့ နှံ့နှံ့စပ်စပ်သိလောက်ပြီလို့ထင်ပါတယ်။ အကယ်၍ မီဆိုစွပ်ပြုတ်ကို မစားဖူးသေးဘူးဆိုရင်လည်း အခါအခွင့်သင့်တဲ့အခါကျရင် မြည်းစမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်. . . ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။