အမျိုးသမီးတိုင်းအတုယူသင့်တဲ့ Miss Universe 2019 ဆုရ အလှမယ်ရဲ့ အဖိုးတန်စိတ်ထား

ဒီဇင်ဘာ ၈ ရက်နေ့က Miss Universe 2019 ရဲ့ winner ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ အသက် ၂၆ နှစ်အရွယ် တောင်အာဖရိက ကိုယ်စားပြုအလှမယ် Zozibini Tunzi ပဲ ဖြစ်ပါတယ်။ အခုနှစ်ဟာ Miss Universe အတွက်ရော၊ တောင်အာဖရိကနဲ့ Zozibini အတွက်ပါ ထူးခြားတဲ့နှစ်လို့ ဆိုရမှာပါ။

Photo Credit: Pinterest

Zozibini ဟာ Miss Universe ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ တတိယမြောက် တောင်အာဖရိကအလှမယ်ဖြစ်ပါတယ်။ ဒါ့ပြင် သူမဟာ Miss Universe 2011 အလှမယ် ပြီးတဲ့နောက် ၈ နှစ်အတွင်းမှာ Miss Universe ဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသမီးအလှမယ်လည်း ဖြစ်ပါတယ်။

Photo Credit: Getty Image

Miss Universe ဟာ အမျိုးသမီးတွေရဲ့ အလှကိုတင် ကြည့်တာမဟုတ်ဘဲ အဆင်းရော အချင်းကိုပါ ထည့်သွင်း စဉ်းစားတဲ့ အလှမယ်ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပနဲ့ အရည်အချင်းတင်မက လူမှုဆက်ဆံရေး၊ စိတ်နေသဘောထား၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်မှု တွေကလည်း Miss Universe မှာ winner ဖြစ်ရေးအတွက် အရေးပါတဲ့အရာတွေပါ။


Photo Credit: Pinterest

အဆင်းရောအချင်းပါ ပြည့်စုံတဲ့ Miss Universe 2019 အလှမယ် Zozibini ဟာ သဘာဝဆန်တဲ့ အလှတရား ကို ပိုင်ဆိုင်ထားသူဖြစ်သလို အတွင်းစိတ်ကလည်း ယုံကြည်မှုအပြည့်နဲ့ လှပနေသူ ဖြစ်ပါတယ်။ Miss Universe ရဲ့ Official website page မှာ ဖော်ပြထားချက်အရဆိုရင် သူမဟာ “အမျိုးသမီးတွေအနေနဲ့ သူတို့ကိုယ်သူတို့ အရှိအတိုင်း ချစ်မြတ်နိုးတတ်စေအောင် တိုက်တွန်းအားပေးနိုင်ဖို့” မျှော်လင့်ထားပါတယ်။

Photo Credit: Pinterest

ဒါ့ပြင် သူမဟာ “ကျွန်မလို အသားအရောင်၊ ဆံပင်အရောင်အသွေးမျိုးကို မိန်းမတစ်ယောက်အတွက် လှတယ် လို့ မသတ်မှတ်ကြတဲ့ ကမ္ဘာမှာ ကျွန်မကြီးပြင်းခဲ့ရတာပါ၊ ဒီနေ့ခေတ်မှာတော့ အဲဒါတွေကို ရပ်တန့်ရမယ့် အချိန် ရောက်ပြီလို့ ကျွန်မထင်ပါတယ်” လို့လည်း ပွဲအတွင်းမှာ ပြောခဲ့ပါတယ်။

Photo Credit: Pinterest

ဒါ့ပြင် သူမကို ဒီခေတ်မိန်းမငယ်လေးတွေကို ဘာတွေသင်ကြားပေးသင့်တယ်လို့ ထင်ပါသလဲလို့ မေးမြန်းရာမှာတော့ သူမက ခေါင်းဆောင်မှုပညာကို သင်ကြားပေးသင့်ကြောင်းနဲ့ ဒီခေတ်လူ့အဖွဲ့အစည်းမှာအမျိုးသမီးတွေနေရာယူတတ်ဖို့ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ သူမရဲ့အဖြေကို ကြားချိန် မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဟာ သောင်းသောင်းဖြဖြ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။


Photo Credit: Pinterest

သူမဟာ ကျား/မ ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Zozibini ဟာ စာအုပ် ဖတ်ခြင်းနဲ့ စာအုပ်တွေကို ချစ်မြတ်နိုးသူဖြစ်တာကလည်း သူမကို ဉာဏ် ပညာမြင့်မားသူ ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။

Photo Credit: Pinterest

Zozibini ကို ၁၉၉၃ ခုနှစ်က တောင်အာဖရိကနိုင်ငံ၊ Eastern Cape က Tsolo မြို့ငယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး Cape Town မြို့က Cape Peninsula နည်းပညာတက္ကသိုလ်မှာ ပြည်သူ့ဆက်ဆံရေး ဘာသာအဓိကနဲ့ ဘွဲ့ရရှိ ခဲ့ပါတယ်။ သူမက ၂၀၁၇ ခုနှစ်ကျမှ အလှမယ်ပြိုင်ပွဲတွေထဲ ဝင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတော့ Miss South Africa 2019 အဖြစ် Miss Universe ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုလို Winner ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Instagram

Zozibini Tunzi ဟာ တောင်အာဖရိကနဲ့ လူမည်းအမျိုးသမီးတွေအတွက် ဂုဏ်ယူလောက်တဲ့ စံပြအမျိုးသမီး တစ်ယောက်ဖြစ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားလေးစားမှု၊ အမျိုးသမီးတွေဘက်က ရပ်တည်ပေးမှုတွေဟာလည်း အမျိုးသမီးတိုင်း စံနမူနာယူထိုက်တဲ့ သူမရဲ့ အဖိုးတန် အရည်အချင်းနဲ့ စိတ်နေ သဘောထားတွေပဲ ဖြစ်ပါတယ်။

Ref: Wikipedia
Source: https://www.eonline.com/news/1100633/5-things-to-know-about-miss-universe-2019-zozibini-tunzi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။