နဂါးမှန်းသိအောင် အမောက်ထောင်ပြခဲ့သော အစ္စရေး

1970 ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် အီဂျစ်နိုင်ငံကောင်းကင်ပြင်ထက် အစ္စရေး နှင့် ဆိုဗီယက် တို့၏ လေကြောင်းစီးချင်းတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲမှာ အဆုံးအဖြတ်တိုက်ပွဲတစ်ခုမဟုတ်သော်ငြား အစ္စရေး ကို ကမ္ဘာ့အင်အားကြီးစူပါပါဝါ နိုင်ငံကြီးများက ရှိန် သွားလောက်အောင် စွမ်းရည်ပြနိုင်ခဲ့သော တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။


စစ်ရေးအကူအညီ

Image Credit - forward.com

အစ္စရေး နှင့် အာရပ်စုပေါင်းနိုင်ငံများ၏ ခြောက်ရက်တာစစ်ပွဲအပြီး စစ်ပန်းနေသောကာလတွင် ဆိုဗီယက်မှ အီဂျစ်အား အင်အားအလုံးအရင်းထောက်ပံ့ခဲ့သည်။ T 50 တင့်ကားများ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးများ၊ လက်နက်ငယ်များ၊ DsHK စက်သေနတ်ကြီးများ၊ APC သံချပ်ယာဉ်များ၊ မီဟိုင်း ရဟတ်ယာဉ်များအပါအဝင် လေကြောင်းတပ်မတစ်ခုလည်းပါဝင်သည်။ ထိုလေကြောင်းတပ်မကြီးမှာ ၁၉၇၀ ခေတ်က ခေတ်အမီဆုံး MIG 21 တိုက်လေယာဉ်များဖြစ်ပြီး ထိုလေယာဉ်များကို ဝေဟင်မှ ဝေဟင်ပစ် AA 2 Atoll ဒုံးများတပ်ဆင်ပေးထားသည်။

ထိုအချိန်က အစ္စရေးမှာ စစ်ရှုံးခဲ့သော အီဂျစ်နိုင်ငံထဲထိ ဝင်ရောက်ပြီး လေယာဉ်များပျံသန်းခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ ကင်းထောက်ခြင်းများ ပြုလုပ်နေချိန်ဖြစ်သည်။ အီဂျစ်သို့ ဆိုဗီယက်တို့၏ အမှတ် ၁၃၅ လေကြောင်းချီတပ်မကြီး ရောက်လာသောအခါ ဆိုဗီယက်တို့နှင့် ပြဿနာမဖြစ်လိုသော အစ္စရေးမှ ပြုလုပ်နေကျ လေကြောင်းပျံသန်းမှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် အစ္စရေးလေယာဉ်များကိုလည်း အီဂျစ်ကောင်းကင်ယံထဲ မပျံသန်းရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် ဆိုဗီယက် မစ်တိုက်လေယာဉ်များက အစ္စရေးလေယာဉ်များကို ရန်စတိုက်ခိုက်ကြသည်။ အစ္စရေး လေပိုင်နက်အထိ ဝင်ရောက်ပြီး အစ္စရေးလေယာဉ်များကို စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ချင်း တိုက်လုနီးနီးပူးကပ်ပျံသန်းခြင်း၊ ဒုံးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်သည်။ သို့သော် အစ္စရေးတို့မှ ပြန်လည်တုံ့ပြန်ခြင်းမပြုပေ။


ဆိုဗီယက်မှ ရန်စခြင်း

Image Credit - teamxbox ( brussell )

၁၉၇၀ ဇူလိုင် ၂၅ တွင် အစ္စရေးလေတပ်မှ A 4 Skyhawk မြေပြင်တိုက်ခိုက်ရေးလေယာဉ် ကို ဆိုဗီယက် မစ် ၂၁ များက လိုက်လံပစ်ခတ်ခဲ့ရာ အစ္စရေးလေယာဉ်မှာ AA 2 ဒုံးပျံ ထိမှန်ပြီး ဆိုင်းနိုင်းကျွန်းပေါ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။

တစ်နေ့တခြားအတင့်ရဲလာသော ဆိုဗီယက်တို့အား နဂါးမှန်းသိအောင် အမောက်ထောင်ပြရန်အတွက် စစ်ဆင်ရေးတစ်ခုကို ရေးဆွဲခဲ့ကြသည်။ ထိုစစ်ဆင်ရေးကို အစ္စရေးလေတပ်ဗိုလ်ချုပ်များက လျှို့ဝှက်စွာရေးဆွဲခဲ့ပြီး ထိုစဉ်က အစ္စရေးဝန်ကြီးချုပ် ဂိုလ်ဒါမေယာ က စစ်ဆင်ရေးကို ခွင့်ပြုခဲ့သည်။

တိုက်ပွဲစတင်ခြင်း


Image Credit - istockphoto.com

၁၉၇၀ ဇူလိုင် ၃၀ တွင် ဆူးအက်တူးမြောင်းတစ်လျှောက် အစ္စရေးလေယာဉ်များ စတင်ပျံသန်းခဲ့ကြပြီး ဆိုဟာနာ ရှိ အီဂျစ်ပိုင် ရေဒါစခန်းများကို အနိမ့်ပျံတိုက်ခိုက်ကြသည်။ ရေဒါစခန်းနှစ်ခု အစ္စရေးဒုံးပျံထိမှန်ပြီး အဆောက်အအုံများကို အစ္စရေး လေယာဉ်များမှ စက်သေနတ်ဖြင့် ပစ်ခတ်ကြသည်။ ထိုအစီအစဉ်မှာ ကနဦးဖြစ်ပြီး ဆိုဗီယက်လေယာဉ်များ ပျံတက်လာပါက နောက်ချန် အစ္စရေး လေယာဉ်များနှင့် ရှေ့နောက်ညှပ်တိုက်ရန်ဖြစ်သည်။ သို့သော် ဆိုဗီယက်ဘက်မှ လေယာဉ် ၂၄ စီးတိတိပျံတက်လာသောအခါ ညှပ်ပူးညှပ်ပိတ်တိုက်ရန် အစီအစဉ်ကို ပြောင်းလဲခဲ့ပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်ရန်ကို ရွေးချယ်ခဲ့ကြသည်။

ပထမဆုံးလေယာဉ်ထိမှန်ခြင်း ( Nikolai Yavchinko - KIA )

Image Credit - wallpaperaccess.com

ဆိုဗီယက် နှင့် အစ္စရေး လေယာဉ်များ မျက်နှာချင်းဆိုင်တွေ့ပြီး မိနစ်အနည်းငယ်အတွင်း အစ္စရေး ဘက်မှ ပြင်သစ်လုပ် မီရပ်ချ် ၃ စီ လေယာဉ်မှ ဆိုဗီယက် မစ် ၂၁ ကို ပစ်ချနိုင်ခဲ့သည်။ အစ္စရေးလေယာဉ်မှ ဆိုဗီယက်လေယာဉ်နောက်မြီးကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သော AIM 9D ဒုံး မှာ ဆိုဗီယက်လေယာဉ်ကို တည့်တည့်ထိမှန်ပြီး ပေါက်ကွဲသောကြောင့် ဆိုဗီယက်ပိုင်းလော့ နစ်ကိုလိုင် ယက်ဗ်ရှင်ကို ကျဆုံးခဲ့သည်။

ဒုတိယလေယာဉ်ထိမှန်ခြင်း ( Capt. Yarkolev - KIA )


Image Credit - istockphoto.com

လေယာဉ်များ လုံးထွေးနေကြစဉ်အချိန်တွင် အစ္စရေးလေယာဉ်မှူး အက်ရှာ မှ ဆိုဗီယက်လေယာဉ် တစ်စီးကို lock လုပ်ပြီး ဒုံးပျံတစ်စင်းကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့သည်။ ဒုံးပျံမှာ ဆိုဗီယက်လေယာဉ်ကို ထိမှန်ပေါက်ကွဲပြီး ဆိုဗီယက်လေယာဉ်မှုးမှာ eject လုပ်နိုင်ခဲ့သော်လည်း လေထီးမပငွ့်ခဲ့သောကြောင့် ဆိုဗီယက်ဗိုလ်ကြီး ယာကိုလက်ဗ် ကျဆုံးခဲ့သည်။

တတိယလေယာဉ်ထိမှန်ခြင်း ( Snir - Moderate Damaged )

Image - screenshot ( Battlefield IV - PS4 )

ဆိုဗီယက်လေယာဉ်တစ်စီးမှ ပစ်ခတ်လိုက်သော AA2 ဒုံးမှာ အစ္စရေးပိုင်းလော့ စနီယာ မောင်းနှင်သော မီရပ်ချ် လေယာဉ်နောက်မြီးကို တိုက်ရိုက်ထိမှန်ခဲ့သည်။ သို့သော် အစ္စရေး ပိုင်းလော့မှ လေယာဉ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြေပြင်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည်။

စတုတ္ထလေယာဉ်ထိမှန်ခြင်း
( Georgy Syrkin - Escaped )


Image Credit - gamewallpapers.com ( Ace Combat 5 Assault Horizon - Bandai Namco - Chapter 3 - Operation ANNEX ) 

ဆိုဗီယက် Captain ဂျော်ဂျီဆာကင် နှင့် အစ္စရေး ပိုင်းလော့ ဆယ်လာ တို့၏ တိုက်ပွဲဖြစ်သည်။ သူတစ်ပြန်ကိုယ်တစ်ပြန် ပစ်ခတ်နေသော်လည်း မထိမှန်ပဲရှိနေကြရာမှ အစ္စရေး ပိုင်းလော့မှာ လေယာဉ်ကို Barrel Roll ကစားပြီး ဆိုဗီယက်လေယာဉ်ကို AIM 9D ဒုံးဖြင့် ပစ်ခတ်လိုက်ရာ ဆိုဗီယက်လေယာဉ်မှာ နောက်မြီး နှင့် အင်ဂျင်များ ဖွာလန်ကျဲသွားခဲ့သည်။ အစ္စရေးလေယာဉ်မှုးမှ နောက်ထပ်ဒုံးတစ်လုံးထပ်မံပစ်လွှတ်ခဲ့ရာ ဆိုဗီယက်လေယာဉ်မှာ ပေါက်ကွဲသွားပြီး လေယာဉ်မှုးမှာ လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့သည်။

ပဉ္ဇမလေယာဉ်ထိမှန်ခြင်း - ( Zuravlev - KIA )

Image Credit - bandainamco.net ( Acecombat 5 Assault Horizon - Chapter 1 - Glacial Skies )

ဆိုဗီယက်လေယာဉ်များမှာ အခြေအနေမဟန်သဖြင့် တိုက်ပွဲမှ ဆုတ်ခွာပြီး ထွက်ပြေးကြသည်။ ထိုအချိန်တွင် အစ္စရေးလေယာဉ်မှ ဆိုဗီယက် မစ် ၂၁ သို့ချိန်ရွယ်ပြီး AIM 9D နှစ်လုံးပစ်ခတ်လိုက်သည်။ သို့သော် ဆိုဗီယက်လေယာဉ်မှ ရှောင်တိမ်းမှုကြောင့် ဒုံးပျံများမှာ လေထဲတွင်သာ ပေါက်ကွဲခဲ့သည်။ ဒုံးပျံများကုန်ခါနီးတွင် AIM 9D တစ်လုံးမှာ ဆိုဗီယက်လေယာဉ်နောက်မြီးသို့ ထိမှန်ခဲ့သည်။ သို့သော် ဆိုဗီယက်လေယာဉ်မှာ ဆက်လက်ပျံသန်းနေသဖြင့် အစ္စရေးလေယာဉ်မှုး အီဗရာဟင် မှ ဆိုဗီယက်လေယာဉ်အား ၃၀ မမ DEFA စက်အမြှောက်နှစ်လက်ဖြင့် ကျည်ကုန်သည်အထိ နောက်မှလိုက်လံ ပစ်ခတ်ခဲ့သည်။ ကျည် ၁၈၀ ကုန်သောအခါ ဆိုဗီယက်လေယာဉ်ပေါက်ကွဲပြီး လေယာဉ်မှုး ဇူရာဘလက်ဗ် ကျဆုံးခဲ့သည်။

ရင်မွန် ၂၀ စစ်ဆင်ရေး ( Operation Rinmon 20 )

Image Credit - rbth.com

ထိုတိုက်ပွဲကို အစ္စရေးတို့က ရင်မွန် ၂၀ စစ်ဆင်ရေး ( Operation Rinmon 20 ) ဟု ခေါ်ပြီး စူပါပါဝါ ဆိုဗီယက် နှင့် အစ္စရေး တို့၏ လူသိရှင်ကြားဖြစ်ခဲ့သော လေကြောင်းတိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲတွင် အစ္စရေးဘက်မှ မီရပ်ချ် ၃ စီ ၁၂ စီး၊ အက်ဖ် ၄ အီး တစ္ဆေ ၄ စီး ပေါင်း ( ၁၆ ) စီး နှင့် ဆိုဗီယက်ဘက်မှ မစ် ၂၁ လေယာဉ် ၂၄ စီးတို့ တွေ့ဆုံတိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် နှစ်ဖက် တိုက်ပွဲဝင် လေယာဉ်မှုးများမှာ လက်ရွေးစင်များချည်းဖြစ်သည်။ သို့သော် အစ္စရေးဘက်မှ Ace များမှာ တိုက်ပွဲအတွေ့အကြုံရှိပြီး တိုက်ရည်ခိုက်ရည် ၀ နေသော လေယာဉ်မှုးများဖြစ်သလောက် ဆိုဗီယက်လေယာဉ်မှုးများမှာ တိုက်ပွဲအတွေ့အကြုံမရှိချေ။ နည်းပညာကို အားကိုးသော ဆိုဗီယက် တို့ကို အစ္စရေးလေယာဉ်မှုးများက အတွေ့အကြုံဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

ဆိုဗီယက်လေယာဉ် စုစုပေါင်း ၅ စီးပျက်ကျ၊ လေသူရဲ လေးဦး ကျဆုံးပြီး အစ္စရေးဘက်မှ မီရပ်ချ် တစ်စီး အတန်အသင့်ပျက်စီးကာ အသေအပျောက်မရှိချေ။ ထို့ကြောင့် ဆိုဗီယက်တို့မှ ထိုဖြစ်စဉ်ကို ခုံရုံးဖွဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဆိုင်းနိုင်းကျွန်းဆွယ်နှင့် ဂိုလန်ကုန်းမြင့်ရှိ ဝေဟင်တွင် ပျံသန်းနေသော အစ္စရေးတိုက်လေယာဉ်များအား ဆိုဗီယက် တို့မှ ရန်စတိုက်ခိုက်ခြင်းများမရှိတော့ပေ။ အစ္စရေးတို့ကို စစ်ရှုံးခဲ့သဖြင့် စိတ်ဓာတ်ကျနေသော အီဂျစ်တပ်မတော်မှာ ဆိုဗီယက်လေယာဉ်မှုးများကိုပါ ဆုံးရှုံးခဲ့ရသဖြင့် ပိုပြီး စိတ်ဓာတ်ကျဆင်းခဲ့လေသည်။

ထိုတိုက်ပွဲအကြောင်းမှာ ကမ္ဘာပေါ်တွင် လူသိရှင်ကြားဖြစ်ခဲ့ပြီး ဆိုဗီယက်တို့ကို အရှက်တကွဲဖြစ်စေခဲ့သော တိုက်ပွဲများထဲမှ တစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် အစ္စရေးသည် နဂါးမှန်းသိအေင် အမောက်ထောင်ပြတတ်မှန်းကိုလည်း စူပါပါဝါနိုင်ငံကြီးများ သိရှိခဲ့လေသည်။

Tiki Tiki
Source
- https://en.wikipedia.org/wiki/Operation_Rimon_20


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။