
အချစ်ရေး ကံမကောင်းလို့ သင်ရည်းစားမရတာမဟုတ်ပါဘူး။ ဒီအချက် (၆) ချက်ကြောင့်ပါ။
ဒီဆောင်းပါးကတော့ ချစ်ဖို့အသင့်ဖြစ်နေပေမယ့် ချစ်သူရှာမတွေ့နိုင်ဖြစ်နေတဲ့ သူတွေအတွက်ပါ။ အထူးသဖြင့် FA တွေအတွက်ပေါ့နော်။ အချစ်က ကိုယ့်ဆီရောက်မလာရင် အချစ်ဆီ ကိုယ်က ရောက်အောင် သွားရမယ် မဟုတ်လား။ တကယ်က သင့်ရဲ့အတိတ်ဖူးစာရှင်က အိပ်ပျော်နေတာ မဟုတ်ဘဲ သင်က လုံလောက်တဲ့ အားမစိုက်ထုတ်သေးလို့ ဖြစ်ပါလိမ့်မယ်။ အခုပြမယ့် ပုံလေးတွေက သင့်ကို အဖြေတစ်ခုခုတော့ ပေးမှာပါ။
၁) သင့်ဘဝမှာ အချစ်အတွက် နေရာမရှိတာ
သင်က ချစ်ချင်တယ်။ သင့်ကို ချစ်ပေးမယ့်သူလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီအချစ်ကို အစပျိုးဖို့ အချိန်မပေးနိုင်ဘူး။ သင့်ဘဝမှာ အခြားအရာတွေကိုပဲ အချစ်ထက် ဦးစားပေးနေမိတယ်။
တကယ်တမ်း သင်လုပ်သင့်တာက?
သင့်အနေနဲ့ တာဝန်ဝတ္တရားတွေအကုန်လုံးကို တစ်ယောက်တည်း ထမ်းထားဖို့ မလိုပါဘူး။ အခက်အခဲ ပြဿနာတွေကြားမှာပဲ ပိတ်မိမနေသင့်ပါဘူး။ ဦးစားပေးမှုမှားရင် ဘဝက ပျော်ရွှင်ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ့်ကိုယ်ချစ်ပါ။ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ တာဝန်ဝတ္တရားတွေကြားက ခဏဖြစ်ဖြစ် ရုန်းထွက်ပြီး အချစ်အတွက် အချိန်ပေးကြည့်ပါ။
၂) သင့်ရဲ့ပြီးခဲ့တဲ့အချစ်ရေးနဲ့အမြဲနှိုင်းယှဉ်မိနေတယ်
အချစ်ကို တွေ့ပါပြီတဲ့။ ချိန်းတွေ့ကြတဲ့အခါ လက်ရှိရည်းစားကို အရင်ရည်းစားနဲ့ နှိုင်းယှဉ်နေမိတယ်။ လက်ရှိရည်းစားရဲ့ မတော်တဆ အပြုအမူတွေက သင့်ရည်းစားဟောင်းအကြောင်း လွမ်းမောစရာ၊ ရင်နာစရာတွေ ပြန်သတိရလာပြီး လက်ရှိရည်းစားကို ပြောပြနေမိမယ်။ ဒါဆိုရင်တော့ လက်ရှိရည်းစားက သင့် ex ကို မပြီးပြတ်နိုင်သေးဘူးထင်ပြီး သင်တို့အချစ်ရေးက ခဏနဲ့ အဆုံးသတ်သွားမှာပါ။
တကယ်တမ်း သင်လုပ်သင့်တာက?
ခုချိန်ထိ ဘာလို့ ex အတွက် ခံစားနေရတာလဲဆိုတာ စဉ်းစားပါ။ အချိန်ခရီးသွားစက်လည်း မပေါ်သေးတော့ ဘာကိုမှ ပြန်ပြင်လို့ မရတော့ဘူးလေ။ မရမယ့်အတူတူ ဘာကို လွမ်းနေမှာလဲ။ နောက်ပြီး သင့် ex ဆိုးခဲ့တာ၊ ကောင်းခဲ့တာက ခုရည်းစားနဲ့ဘာမှမဆိုင်ဘူးလေ။ ဒါကြောင့် လက်ရှိမှာ ရည်းစားရနေပြီဆိုရင်၊ ချစ်ပေးမယ့်သူ တွေ့နေပြီဆိုရင် သူ့အပြုအမူတွေကို ex ရဲ့စံနှုန်းနဲ့ မတိုင်းမိပါစေနဲ့။
၃) အိမ်ထဲမှာပဲ အမြဲ အချိန်ကုန်နေတယ်
နွေရာသီကျ ပူလို့၊ မိုးရာသီကျ မိုးစိုလို့၊ ဆောင်းကျ အေးလို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အိမ်ထဲမှာပဲ ခွေပြီး စားလိုက်သောက်လိုက်၊ ကိုရီးယားကားလေးကြည့်လိုက်နဲ့ပဲ နေနေတယ်။ လူရှုပ်တာတွေမကြိုက်လို့ သူငယ်ချင်းတွေခေါ်လည်း ဘယ်မှမလိုက်ဘူး။
တကယ်တမ်း သင်လုပ်သင့်တာက?
တစ်ယောက်တည်း စောင်ထဲကွေးပြီး စာအုပ်လေးဖတ်နေရတာ ကောင်းပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲလို အခန်းပိတ်နေနေမှတော့ ဘယ်လိုရည်းစားက ရပါအုံးမလဲ။ အိမ်အပြင်လေး ထွက်လည်ကြည့်၊ ခရီးလေးဘာလေး သွားကြည့်ပါ။ သူငယ်ချင်းတွေနဲ့အတူ ပါတီတွေဘာတွေ တက်ကြည့်ပါ။ ကိုယ့်ဘက်ကလည်း နည်းနည်းတော့ အားစိုက်ထုတ်အုံးမှပေါ့။
၄) ဖြစ်သလိုနေတယ်
ဘယ်သွားသွား ညအိပ်ဝတ် မဝတ်ရုံတမယ် ဖြစ်သလို ဝတ်တယ်။ ဆံပင်စုတ်ဖွား၊ မျက်နှာပြောင်နဲ့မြို့ပတ်နေမယ်။ သွားစရာ လာစရာ ပွဲရှိရင်တောင် သက်တောင့်သက်သာ အဖြစ်ဆုံးကို ရွေးဝတ်မယ်။ ခန္ဓာကိုယ်ကိုလည်း ဂရုမစိုက်ဘူး။ စားချင်သလိုစားတယ်။ ကိုယ်ကနေချင်သလို နေနေပြီး လှလှပပနေတဲ့ သင့်သူငယ်ချင်းကို လူတွေဝိုင်းငေးတဲ့အခါ ဆိုက်ကိုတွေဖောက်မယ်။
တကယ်တမ်း သင်လုပ်သင့်တာက?
ဘယ်သူမဆို အလှကြိုက်တာပဲ။ အချစ်ဆိုတာ မလာခင် အမြင်အာရုံခံစားမှုက အရင်လာပါတယ်။ သင့်အနေနဲ့ မင်းသမီးတစ်ယောက်လို လှနေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အနေအထားနဲ့ကိုယ် သပ်ရပ်လှပစွာ ဝတ်ဆင်ပါ။ ခန္ဓာရော စိတ်ကိုပါ လှအောင် နေထိုင်ပါ။
၅) မိဘတွေကို မလွန်ဆန်နိုင်ဘူး
ကိုယ်ကြိုက်မယ့်သူက ကိုယ့်မိဘလိုချင်တဲ့ပုံဖြစ်ပါ့မလား တွေးပြီး သင့်အကြိုက်နဲ့ သင့်မိဘအကြိုက်ကြားမှာ ဗျာများနေလား။
တကယ်တမ်း သင်လုပ်သင့်တာက?
မိဘတွေကို ပုန်ကန်ဖို့ မပြောပါဘူး။ ဒါပေမဲ့ သင်တစ်သက်လုံး လက်တွဲရမယ့်သူဆိုတော့ သင်နဲ့အဆင်ပြေမယ်ထင်ရင် ရွေးသင့်ပါတယ်။ လေ့လာသူတွေရဲ့ စစ်တမ်းတွေအရ မိဘတွေဟာ သားသမီးတွေရဲ့ရွေးချယ်မှုတွေကို မကြိုက်ကြတာများပါတယ်။ ဒါကပုံမှန်ပါပဲ။ ဒါကြောင့် သင့်ဦးနှောက်နဲ့နှလုံးသားကို မျှအောင်သုံးပြီး သင့်အကြိုက်ကို ရွေးချယ်ပါ။
၆) အသစ်အသစ်တွေကို မလေ့လာချင်ဘူး
အမြဲတမ်း ထိုင်နေကျ ကော်ဖီဆိုင်ပဲ ထိုင်တယ်။ စားနေကျမုန့်ပဲစားတယ်။ ကြည့်နေကျ ရုပ်ရှင်တွေပဲ ကြည့်တယ်။ “ဒါတွေက ငါလုပ်နေကျ၊ ငါဒါပဲလုပ်တတ်တယ်၊ ငါဒါပဲလုပ်ချင်တယ်” ဆိုပြီး အသစ်အဆန်းတွေကို လေ့လာကြည့်ဖို့ အမြဲငြင်းဆန်နေမယ်။
တကယ်တမ်း သင်လုပ်သင့်တာက?
သင့်အတွက်သင် ခတ်ထားတဲ့ ဘောင်တွေထဲက ထွက်ခဲ့ပါ။ ကမ္ဘာကြီးက ကျယ်ပြောပြီး အရာရာတိုင်းက သူ့ပုံစံနဲ့သူ ကွဲထွက်နေတာပါ။ သင့်ရဲ့ဖူးစာရှင်ဟာ သင်ခတ်ထားတဲ့ဘောင်ရဲ့အပြင်ဘက်၊ ပုံစံမတူတဲ့ ကမ္ဘာကြီးမှာ သင့်ကို စောင့်နေနိုင်ပါတယ်။
Ref; Brightside
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။