ကယ်လ်ဖိုးနီးယားကမ်းစပ်မှာ ထောင်နဲ့ချီပြီး သောင်တင်နေတဲ့ အကောင်လေးများ

ဒီဇင်ဘာလ ၆ရက်နေ့က ကယ်လ်ဖိုးနီးယားနိုင်ငံ၊ Drakes ကမ်းခြေရဲ့သောင်ယံမှာ အမျိုးသားအင်္ဂါနဲ့တူတဲ့ ပိုးကောင်တွေ ထောင်နဲ့ချီ သေဆုံးနေခဲ့ပါတယ်။ မကြာသေးခင်က တိုက်ခိုက်သွားတဲ့ မုန်တိုင်းကြောင့် ဒီပိုးကောင်တွေဟာ ရေအောက်ကနေ မျက်နှာပြင်ပေါ်မှာ လာသောင်တင်နေတာ ဖြစ်တယ်လို့ သုနေသနပညာရှင်တွေက ကောက်ချက်ချထားကြပါတယ်။


ဒီအကောင်လေးတွေဟာ အင်းအိုင်တွေမှာတွေ့ရတတ်တဲ့ တီကောင်တစ်မျိုးဖြစ်ပြီး အင်းစောင့်ပိုးလို့ ခေါ်ကြပါတယ်။ ၂၅ စင်တီမီတာလောက်ရှိတဲ့ ဒီရေနေသတ္တဝါလေးတွေဟာ ပန်းရောင် ဝက်အူချောင်းပုံသဏ္ဍာန် ရှိပါတယ်။ ဒီပိုးကောင်လေးတွေက သဲတွေ၊ ရွှံ့တွေမှာ ယူပုံသဏ္ဍာန် မြေကျင်းလေးတွေ တူးခဲ့ပြီး အခြားသတ္တဝါလေးတွေနေဖို့ ချန်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း အင်းစောင့်ပိုးလို့ ခေါ်ကြတာပါ။


အင်းစောင့်ပိုးတွေဟာ သံလုံးကောင်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ တွားသွားသလို ရေထဲမှာ လျှောတိုက်ပြီးလည်း သွားပါတယ်။ သဲနဲ့ရွှံ့ထူထပ်တဲ့ မြေကြီးထဲမှာ အသက်မွေးပြီး သက်တမ်းက ၂၅ နှစ်ကျော်ထိ ရှိပါတယ်။ အပင်ငယ်၊ အကောင်ငယ်လေးတွေနဲ့ အမှုန်ငယ်တွေကို စားပါတယ်။ ယူပုံသဏ္ဍာန် မြေကျင်းလေးတွေ တူးပြီး အဝင်အထွက်တစ်ပေါက်စီ ဖောက်ထားပါတယ်။ အဲဒီကနေမှ အကောင်တွေကို ဖမ်းစားပါတယ်။ 


မြေကျင်းတွေကို ခဏပဲသုံးပြီး စွန့်ပစ်ခဲ့တဲ့အတွက် ကျန်တဲ့အကောင်တွေက သူတို့မြေကျင်းတွေကို ယူသုံးလိုက်ကြတာပါ။ သမိုင်းအထောက်အထားများအရ အင်းစောင့်ပိုးတွေက လွန်ခဲ့တဲ့  နှစ်သန်း ၃၀၀ ကတည်းက ရှိခဲ့တယ်လို့ ဆိုပါတယ်။


Ref; 9gag


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။