ခုန်ဆွခုန်ဆွသရဲ ( သို့မဟုတ် ) ကျန်းရှီသွေးစုတ်ကောင်

ကျန်းရှီ ( သို့မဟုတ် ) hopping zombie ဆိုသည်မှာ တရုတ်ကျေးလက်ဒဏ္ဍာရီများထဲတွင်ပါရှိသော မကောင်းဆိုးဝါး တစ်မျိုးဖြစ်သည်။ ခရစ်နှစ် ၁၆၃၆ ချင်မင်းဆက် စတင်ရာ ဟုန်ဒါဂျီဧကရာဇ်လက်ထက်တွင် ကျန်းရှီ သရဲများစတင်ပေါ်ပေါက်ခဲ့သည်။


Image Credit - youkou.com

ကျန်းရှီမှာ မြန်မာဒဏ္ဍာရီများထဲတွင်ပါဝင်သော ဖုတ်သရဲ နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ဖုတ် ( ghoul ) ဆိုသည်မှာ သေလွန်သောသူ၏ ခန္ဓာကိုယ်ထဲ ပူးကပ်နေထိုင်ပြီး လူအပါအဝင် တိရစ္ဆာန်များ၊ အစားအသောက်များကို တနင့်တပိုးစားသောက်တတ်သော မကောင်းဆိုးဝါးတစ်မျိုးဖြစ်သည်။

ကျန်းရှီ အကြောင်းကို ချင်မင်းဆက်တွင် ပေါ်ပေါက်ခဲ့သော ပညာရှိ ချီရှောင်လန် မှ သူ၏ ယွီေ၀ အမည်ရှိ ကျမ်းတစ်ခုတွင် ထည့်သွင်းရေးသားခဲ့သည်။ " သေဆုံးပြီးသော အလောင်းကောင်ကို အသက်ပြန်သွင်းခြင်းဆိုရာတွင် မကြာသေးမီက သေဆုံးပြီးသော လတ်လတ်ဆတ်ဆတ်အသေကောင်ကို အသက်သွင်းခြင်း နှင့် မပျက်မစီးစေအောင် စီမံထားသော ( မံမီလုပ်ထားသော - mummified corpse ) များကို ပြန်လည်ဖော်ယူပြီး အသက်သွင်းခြင်း တို့ဖြစ်သည် " ဟုရေးသားထားသည်။

နှစ်ကာလကြာရှည်စွာ မံမီပြုလုပ်ထားသော အလောင်းတို့မှာ အထက်တန်းလွှာများမှဖြစ်ရာ များသောအားဖြင့် အသက်ပြန်သွင်းထားသော အလောင်းတို့ကိုကြည့်လျှင် မန်ချုးရီးယန်းခေတ်အထက်တန်းလွှာတို့ဝတ်ဆင်ကြသော ဝတ်ကောင်းစားလှများဆင်ယင်ထားသည်ကိုတွေ့နိုင်သည်။


Image Credit - acientorigin.net


ကျန်းရှီ နှင့်ပတ်သက်ပြီး နောက်ထပ် အဆိုတစ်ခုရှိသည်။ လူ့ခန္ဓာကိုယ်တွင် ကောင်းသောစိတ် ( ဟန် ) သုံးခု နှင့် ယုတ်မာသောစိတ် ( po ) ခုနှစ်ခုတို့ရှိကြသည်။ လူသေဆုံးခဲ့သည်ရှိသော် ဟန် က ထွက်ခွာပြီး ပို ကျန်ရစ်ခဲ့လျှင် ထိုအလောင်းကောင်မှာ ကျန်းရှီအဆင့်သို့ရောက်လေသည်။

ကျန်းရှီ နှင့်ပတ်သက်ပြီး နောက်ထပ်အယူများရှိသည်။ လူသေဆုံးပြီးနောက် မိုးရာသီဖြစ်လျှင် အလောင်းကို ချက်ခြင်းမြှုပ်နှံရမည်။ လူထူထပ်သော မြို့တွင်း၊ မင်းနေပြည်တော်ကဲ့သို့နေရာမျိုးဖြစ်လျှင် အလောင်းကို မီးသဂြိုဟ်ရမည်။ မိုးရာသီအတွင်း အခေါင်းကို မိုးကြိုးပစ်မိပါက လူသေကောင်အသက်ပြန်ဝင်လာမည်။ လူနေထူထပ်သောနေရာဖြစ်ပါက ကိုယ်ဝန်သည်၊ မီးနေသည်ပါသော လှည်းများ အခေါင်းဘေးနားက ဖြတ်မိလျှင် ( သို့ ) အလောင်းမြှုပ်ထားသော နေရာမှ ဖြတ်မိလျှင် ကိုယ်ဝန်ပျက်ကျမည်၊ လူသေကောင်လည်း အသက်ပြန်ဝင်လာမည် ဟုဖြစ်သည်။


Image Credit - mydramalist.com

ကျန်းရှီ တို့၏ ရုပ်သွင်ကို တိတိကျကျတော့ ဖော်မပြကြချေ။ သို့သော် ကာလကြာရှည်မြှုပ်နှံထားရာမှ အသက်ပြန်ဝင်လာသော ခန္ဓာကိုယ်တို့မှာ ပုပ်ဆွေးပြီး အော်ဂလီဆန်စရာမြင်ကွင်းရှိသည်။ တချို့ကျန်းရှီများမှာ ခြောက်သွေ့ပြီး အရိုးပြိုင်းပြိုင်းကျလျှက်ရှိ၏။ အောက်လမ်းဆရာ တို့မှ လူသေကောင်ကို အကြံဖြင့်ဖော်ယူပြီး ဆိုးရွားသော နည်းလမ်းများဖြင့် အသက်သွင်းကြသည်။ ထိုသို့ရည်ရွယ်ချက်ဖြင့် အသက်သွင်းထားသော ကျန်းရှီ များကို အဆိပ်သုတ်ထားသော သံလက်သည်းများတပ်ပေးထားလေ့ရှိသည်။ အများအားဖြင့် ထိုကျန်းရှီများမှာ ပြိုင်ဘက်ဆရာများကို သုတ်သင်ရန်၊ သတ်ဖြတ်ရန်တို့ဖြစ်ကြသည်။

ကျန်းရှီများမှာ သာမန်လူသားများကဲ့သို့ လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော သေလွန်စက ထိုသူတို့၏ ခန္ဓာကိုယ်ကို ကြိုးများဖြင့်တုတ်နှောင်ခြင်း၊ အကြောများဖြတ်တောက်ခြင်းတို့ပြုလုပ်ထားသဖြင့် ကျန်းရှီများမှာ တောင့်တောင့်ကြီးများဖြစ်နေတတ်သည်။ လမ်းသွားရာတွင်လည်း သာမန်လမ်းလျှောက်ခြင်းမျိုးမဟုတ်တော့ပဲ ခုန်ဆွခုန်ဆွဖြင့်သာသွားလာကြသည်။


Image Credit - deviantart.com ( Mists of Pandaria - WOW )

ကျန်းရှီ တို့သည် မှန်ကို အလွန်ကြောက်ကြ၏။ မှန်တွင် ပြန်မြင်ရသော သူတို့၏ ရုပ်သွင်ကို ကြောက်ကြခြင်းဖြစ်သည်။ ကျန်းရှီ ကို သာမန် ဓားလှံတို့ဖြင့် သတ်မရချေ။ အောက်လမ်းစီရင်မှုမျိုးစုံဖြင့် စီရင်ထားသော ကျန်းရှီ၏ ခန္ဓာကိုယ်မှာ အလွန်မာကျောလျှက် သာမန်လက်နက်များတိုးမပေါက်နိုင်ဖြစ်သည်။ ထို့ကြောင့် ကျန်းရှီ ကို သတ်မည်ဆိုလျှင် မီး၊ လောင်စာ တို့ဖြင့် ပစ်ကာသတ်ဖြတ်နိုင်သည်ဟု အဆိုပါကျမ်းတွင်ပါရှိသည်။


Image Credit - screen shot from Jiang Shi Shu Shu 1988 chinese comedy-horror film

နောက်ထပ် ကျန်းရှီ နှင့်ပတ်သက်သော ဒဏ္ဍာရီတစ်ခုရှိသည်။ ချင် မင်းဆက်ခေတ်က တရုတ်အမျိုးသားများသည် တောထဲသို့သွားပြီး သစ်ခုတ်ခြင်း၊ တောင်ယာလုပ်ခြင်းတို့ကို လုပ်ကိုင်ကြသည်။ အိမ်နှင့်ခွဲကာအဝေးကြီးလာရခြင်းဖြစ်သောကြောင့် ထိုသူတို့မှာ အိမ်တွင်ကျန်ခဲ့သော မိသားစု တို့ကို သတိရကြသည်။ ထိုသူများထဲမှ တစ်ယောက်သေဆုံးသောအခါ ကျန်သောသူတို့မှာ အလောင်းကိုပြန်ပို့ရန် လှည်း၊ မြင်း တို့ဌားရန်မတတ်နိုင်ကြချေ။ ထိုအခါ အနီးအနားရှိ တောက် ( Tao ) ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ပြီး ထိုသူ၏ အလောင်းကို သရဏဂုံတင်ကြသည်။ ထို့နောက် ဘုန်းတော်ကြီးက သေလွန်သူ၏ ဝိဉာဉ်ကို ကောင်းကင်ဘုံ ( သို့မဟုတ် ) ငရဲ မှ ခဏပြန်ဌားပြီး သူ၏ အိမ်ရှိရာသို့ ပြန်စေသည်။ သို့သော အသက်မရှိ၊ အလောင်းသက်သက်မှန်းသိစေရန် သူ၏ ခေါင်းတွင် အမှတ်အသားတစ်ခုကို ကပ်ပေးလိုက်သည်။ ထိုအလောင်းမှာ လူသာမန်တို့ကဲ့သို့ပြန်ခြင်းမဟုတ်ပဲ နောက်ပြန်လျှောက်ကာ အိမ်သို့ပြန်လေသည်။ ညဘက်မှသာ သွားလာပြီး နေ့ဘက်တွင် ချုံများ၊ သစ်ပင်များကြားတွင် လဲလျောင်းနေလေ့ရှိသည်။ အိမ်ရှိ တံစက်မြိတ်အောက်ရောက်လျှင် ဝိဉာဉ်ထွက်ခွာသွားသည်။ ထိုအခါ အလောင်းမှာ လဲကျပြီး ပုတ်ဆွေးသွားလေသည်။ ကျန်ရစ်သော မိသားစုက ကျန်ရစ်သော ခန္ဓာကိုယ်ကို သဂြိုဟ်မှုပြုကြရသည်။
( ချင်မင်းဆက်စာဆို - လျောင်ရီဝူ ၏ The Corpse Walker )


Image Credit - pinterest.com

ကျန်းရှီ နှင့်ပတ်သက်ပြီး ယခုထိ တရုတ်နိုင်ငံတွင် အယူသည်းမှုများရှိနေသေးသည်။ လျောင်နင်၊ ဟေးလုံကျန်း၊ ကွေ့ကျိုး၊ ဂန်ဇု၊ ချုံကျင်း ( ချုံကင်း )၊ အန်ဟွေ့ နှင့် ဖူကျန့် စသော စီရင်စုများတွင် အိမ်တစ်ချို့၏ တံခါးများ၊ ပြူတင်းပေါက်များတွင် ဖုန်းရွှေသံလိုက်အိမ်မြှောင်များချိတ်ဆွဲထားခြင်း၊ မကောင်းဆိုးဝါးမလာနိုင်သော ဂါထာစာရွက်များကပ်ထားခြင်း၊ တံခါးမများတွင် မကောင်းဆိုးဝါးနှိမ်နှင်းသော နတ်စစ်သူကြီးရုပ်ပုံများထွင်းထုထားကြဆဲဖြစ်သည်။

TikiTiki
Source - https://en.wikipedia.org/wiki/Jiangshi


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။