Myanmar's Pride Awards 2019 ရဲ့ အလှမယ်နဲ့မော်ဒယ်ကဏ္ဍအတွက် ဆန်ကာတင်စာရင်းဝင်များအကြောင်း သိကောင်းစရာများ

ချောမောလှပတဲ့မိန်းကလေးတွေ ပေါများလှတဲ့လောကကြီးမှာ အလှမယ်တစ်ဦးကို ဘယ်အရာတွေက အောင်မြင်မှုရရှိစေပါ သလဲ။ သေချာတာတစ်ခုကတော့ အောင်မြင်မှုရရှိဖို့ လှပကျော့ရှင်းရုံတစ်ခုထဲနဲ့ မလုံလောက်တော့ပါဘူး။ စင်မြင့်ထက်မှာ အစွမ်းပြနိုင်ဖို့အတွက် အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေး ရှိဖို့လိုအပ်သလို အင်မတန်အပြိုင်အဆိုင်ပြင်းထန်တဲ့ ဒီမော်ဒယ်နဲ့ အလှမယ်လောကမှာ ရေရှည်ရပ်တည်နိုင်ဖို့ ဆိုတာ သတ္တိ၊ ဘက်စုံထူးချွန်မှုနဲ့ ဇွဲလုံ့လတို့ရှိဖို့လိုအပ်ပြီး အရေးအကြီးဆုံးကတော့ ဉာဏ်ရည်ထက်မြက်မှုရှိဖို့ပါ ပဲ။


Kendall Jenner တို့ Gigi Hadid တို့လို စူပါမော်ဒယ်တွေကို ကမ္ဘာ့စင်မြင့်ထက်မှာ မြင်ဖူးနေကြဖြစ်မှာပါ။ သူတို့လိုပဲ မြန်မာနိုင်ငံက လှပပြီးထက်မြတ်တဲ့ မော်ဒယ်နဲ့ အလှမယ် အတော်များများဟာလည်း နိုင်ငံတကာစင်မြင့်ထက်ကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ တချို့က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများမှာ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ကြပြီး တချို့က runway တိုင်းကို နိုင်ငံ့နာမည်ထမ်းပြီး လျှောက်ကြပါတယ်။ Myanmar’s Pride Awards ဟာဆိုရင် ၂၀၁၉ ခုနှစ်အတွက် ထူးချွန်ထင်ရှားပြီး နိုင်ငံတကာမှာပါ မြန်မာကိုကိုယ်စားပြုနိုင်တဲ့  တိုင်းပြည်က ဂုဏ်ယူရတဲ့ အလှမယ်တွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ကနေမှ ဆန်ကာတင်အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ တေးဂီတကဏ္ဍအတွက် အကဲဖြတ်ဒိုင်များက ပြည်သူတွေချစ်ရတဲ့ အလှမယ်လေးဦးကို ရွေးပေးခဲ့ပါတယ်။ ဆန်ကာတင်စာရင်းမှာပါဝင်တဲ့သူတွေကတော့ ဟန်တီ၊ သက်သက်သင်း (ခ) Beauty၊ အောန်ဆိုင်းနဲ့ မေဘရဏီသော်တို့ပဲ ဖြစ်ပါတယ်။


ဟန်တီ (G23)

New York Film Academy ကနေ Associate Degree in Fine Arts ဘွဲ့ကို ရရှိထားတဲ့ ဟန်တီဟာ ၂၀၁၂ ခုနှစ်မှာ မော်ဒယ်နဲ့အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီ့အပြင် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာအလှမယ်ရွေးချယ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များစွာလည်း ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia Model Festival မှာ Model Star Award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ ဟန်တီဟာ နာမည်ကျော် အမှတ်တံဆိပ်များရဲ့ Brand Ambassador အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး စီးပွားရေးကြောငြာများစွာအတွက်လည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။


သက်သက်သင်း (ခ) Beauty (G14)


Beauty ဟာ အမေရိကန်အခြေစိုက် Next Top Model အစီအစဉ်ရဲ့အခွဲဖြစ်တဲ့ Asia Next Top Model ရဲ့ Cycle 6 မှာ မြန်မာနိုင်ငံကိုယ်စားပြုမော်ဒယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရာကနေ လူသိများလာ တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာမော်ဒယ်တစ်ဦးအနေနဲ့ရပ်တည်နေပြီး London Fashion Week 2019 နဲ့ မကြာသေးခင်က ကျင်းပခဲ့တဲ့ New York Fashion Week Spring-Summer 2020 တို့မှာ ဖက်ရှင်မော်ဒယ်အဖြစ် အလှပြ cat walk လျှောက်ခဲ့တဲ့ ပထမဆုံး မြန်မာမော်ဒယ်ဖြစ်ပါတယ်။ 


အောန်ဆိုင်း (G05)

နာမည်ကြီး ဝါရင့်မော်ဒယ်တစ်ဦးဖြစ်တဲ့ အောန်ဆိုင်းဟာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံမော်ဒယ် (Miss ASEAN) အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia Model Festival ပွဲမှာ Myanmar Model Star Award ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်တာခံခဲ့ရပါတယ်။ အောန်ဆိုင်းဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ Shanghai Fashion Week 2019 မှာ ကမ္ဘာကျော် Hugo Boss ဖက်ရှင်အတွက် runway မော်ဒယ်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ 


မေဘရဏီသော် (G32)

Miss Universe Myanmar ဖြစ်တဲ့ မေဘရဏီသော်ဟာ Miss People Myanmar 2013  ပြိုင်ပွဲမှာ 1st runner-up၊ Miss International 2014 ပြိုင်ပွဲမှာ 1st runner-up နဲ့ Miss Photogenic ဆုတို့ကို ရရှိခဲ့တဲ့ အလှမယ်တစ်ဦးဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Miss Universe Myanmar သရဖူကို ဆွတ်ခူးရရှိခဲ့ပြီးတော့ Las Vegas မှာကျင်းပခဲ့တဲ့ ၆၄ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။  


မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝအလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေအထိ ဂုဏ်ယူဝင့်ကြွားလို့ရတဲ့အရာတွေ များစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့်ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွားတွေကို မဲပေးပြီး ဒီလိုဂုဏ်ယူဖွယ်ရာစာရင်းထဲကို နောက်တစ်ခုထပ်ထည့်ဖို့တိုက်တွန်းချင်ပါတယ်။  ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းနှင့် အများပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot ကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်ပြီး အတည်ပြုဆုံးဖြတ် သွားမှာဖြစ်တဲ့အတွက်  အများပြည်သူက ပေးအပ်တဲ့ မဲတစ်ခုစီတိုင်းက အလွန်အရေးပါပါတယ်။ ပြည်သူလူထုကို အထက်မှာဖော်ပြထားတဲ့ ဆန်ကာတင်စာရင်းဝင်တို့ရဲ့ ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။  မဲပေးဖို့ဆိုရင် မိမိမဲပေးလိုသူ၏ နံပါတ်စဉ်ကို  09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊   www.facebook.com/myanmarsprideawards ကတဆင့် messenger chatbot ကို ဝင်ရောက် ပြီးဖြစ်စေ မဲပေးနိုင်ပါတယ်။ 


ဆန်ကာတင်စာရင်းဝင်တွေထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီးတော့ Grand Royal Special Reserve က title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပါတယ်။  ဒီဆုပေးအပ်တဲ့ အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေမှ စိတ်ကူးအကြံဉာဏ်ရလာ တာဖြစ်ပါတယ်။  


Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို  ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ https://myanmarsprideawards.com/  ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards  ကို like နှင့် follow လုပ်ထားနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။