နယ်စပ်ခိုးဝင်ပြဿနာကို အစ္စရေးတို့ ပြတ်ပြတ်သားသားကိုင်တွယ်ကြပုံ

အစ္စရေး ဆိုသည်မှာ အရှေ့အလယ်ပိုင်းဒေသတွင်တည်ရှိပြီး အစ္စလာမ်ဘာသာကိုးကွယ်သော နိုင်ငံများကြားထဲမှာ ဂျူး ( ဟီဗရူးဘာသာ ကိုးကွယ်သည့် ) တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ၁၉၄၈၊ မေလ အစ္စရေးဆိုသည့် နိုင်ငံစတင်တည်ထောင်ချိန်မှစပြီး ယနေ့အထိ ခြိမ်းခြောက်ရန်စခြင်း၊ စစ်မက်ခင်းခြင်းများ ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရပြီး ပြင်ပရန်အန္တရာယ်ကို အချိန်မလပ်ရင်ဆိုင်နေရသောနိုင်ငံဖြစ်သည်။ ပြင်ပရန်ခြိမ်းခြောက်မှုက အမြဲတစေရှိနေသည့်အတွက် နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးမှန်သမျှ စစ်မှုမထမ်းမနေရစနစ်ပြဌာန်းထားသော နိုင်ငံဖြစ်သလို အရည်အချင်းပြည့်ဝသော၊ တိုက်ရည်ခိုက်ရည်ဝနေသော၊ အတွေ့အကြုံရှိသော စစ်သည်ထောင်ချီရှိသော နိုင်ငံလည်းဖြစ်သည်။


Image Credit - timeofisrael.com

ခြောက်ရက်စစ်ပွဲအပြီးတွင် ဘေးပတ်လည်ရှိနိုင်ငံများနှင့် အစ္စရေးမှာ ရန်သူတော်နိုင်ငံများအဖြစ်သို့လုံးလုံးရောက်လေသည်။ စစ်ပွဲအနေဖြင့် အစ္စရေးကို ယှဉ်ပြိုင်မရမှန်းသိလာသော ပါလက်စတိုင်းတို့မှာ အစ္စရေးနိုင်ငံအတွင်း နည်းမျိုးစုံဖြင့် ခိုးဝင်ပြီး အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်လာကြသည်။

ကမ္ဘာ့နိုင်ငံကြီးများ နှင့် လူ့အခွင့်အရေးတွင်တွင်အော် နေသောနိုင်ငံများ၏ သဘောထားအရ နှစ်ဖက်စစ်သည်တို့ မျက်နှာချင်းဆိုင်ပစ်ခတ်ခြင်းသည် တရားဝင်သော်လည်း ခိုးဝင်လာသော ( စစ်သွေးကြွဖြစ်စေကာမူ ) ပစ်ခတ်မိလျှင် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သော ဟူ၏။ ထိုအခါ အစ္စရေးတို့အနေဖြင့် လက်နက်ကိုင်မထားသော်လည်း စည်းရိုးကို ခပ်တည်တည်ဖြတ်ကျော်လာသော စစ်သွေးကြွတို့ကို ချေမှုန်းရန်အခက်တွေ့လာရတော့သည်။


Image Credit - theelectronicinfada

စစ်သွေးကြွတို့မှာ အလွန်ပင်ဉာဏ်များ၏။ အစ္စရေး နှင့် ပါလက်စတိုင်းထိစပ်နေရာ ဂါဇာကမ်းမြောင်ဒေသ နှင့် အနောက်ဘက်ကမ်း ( west bank ) ဒေသများတွင် နိုင်ငံရပ်ခြားမှ၊ အထူးသဖြင့် အစ္စလာမ်နိုင်ငံများမှ သတင်းထောက်များအမြဲပင်ရှိနေလေရာ ပါလက်စတိုင်းစစ်သွေးကြွတို့မှာ တခြားဆန္ဒပြသူများနှင့်ရောပြီး သတင်းထောက်တို့ကို ငိုပြလေ့ရှိကြသည်။ အစ္စရေးစစ်တပ်ကို ပါလက်စတိုင်းတို့က ကျောက်ခဲများ၊ ဓာတ်ဆီဗုံးများနှင့် ပစ်ပေါက်သဖြင့် တစ်ဖက်မှပြန်လည်ပစ်ခတ်သောအခါ ပါလက်စတိုင်းစစ်သွေးကြွတို့အဖို့အကြိုက်ဖြစ်တော့သည်။ ထိုဓာတ်ပုံများကို သတင်းထောက်တို့က အမိအရရိုက်ယူကြပြီး အစ္စရေးအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေပါသည်ဟု အစ္စလာမ်မီဒီယာတို့က ကမ္ဘာကိုအော်ပြကြသည်။


Image Credit - theirishtimes.com

ပိုက်ဆံများများသုံးနိုင်ပြီး လက်တံရှည်သော မီဒီယာများဖြစ်သည့်အတွက် ပါလက်စတိုင်းတို့ခံရသည်မှာ လူသိသော်လည်း အစ္စရေးစစ်သည်များကို ပါလက်စတိုင်းစစ်သွေးကြွတို့ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ စစ်ယာဉ်တန်းများကို ချောင်းမြောင်းပစ်ခတ်ခြင်းများမှာ လူမသိကြချေ။

ထိုပြဿနာများအမြဲတစေရင်ဆိုင်လာရသောအခါ အစ္စရေးတို့မှာ အေးဆေးသက်သာဖြေရှင်းခြင်းထက် အကြမ်းဖက်သောနည်းကို ရွေးခဲ့သည်။ ထိုနည်းကို ရွေးပြီးနောက်ပိုင်း ပြဿနာတို့အတော်ပင်ပြေလည်သွားခဲ့လေသည်။


Image Credit - pinterest

အစ္စရေးတို့ ဖြေရှင်းပုံက တခြားမဟုတ်ချေ။ ကီလိုမီတာ ၆၀ ( မိုင် ၄၀ အရှည်ရှိ ) နယ်စပ်နေရာများတွင် လူသတ်ကွင်း ( killing field ) များ တည်ဆောက်လိုက်ခြင်းဖြစ်သည်။ Killing Field ဆိုသည်မှာ စက်သေနတ်ကိုင်စစ်သည်များ၊ လက်ဖြောင့်ရိုင်ဖယ်ကိုင်ထားသော စနိုက်ပါတပ်သားများကို မျှော်စင်ပေါ်တွင် အစောင့်ချထားခြင်းမဟုတ်ချေ။ RCWS ( Remote Controlled Weapon System ) ဟုခေါ်သော လူထိန်းချုပ်ရသည့်လက်နက်စနစ်များကို တည်ဆောက်ခြင်းဖြစ်သည်။

အစ္စရေးတို့ တည်ဆောက်ထားသော သတ်ကွင်းများထဲတွင် မြေပေါ်မြေအောက်အာရုံခံကိရိယာများ၊ မိုင်းကွင်းများ၊ မောင်းသူမဲ့ဒရုန်းယာဉ်များ၊ စက်သေနတ်ကြီးများ၊ ရိုဘော့များပါဝင်သည်။ အထူးသဖြင့် ဂါဇာ နှင့် West Bank ဒေသရှိ foxhole ဟုခေါ်သော ဝပ်ကျင်းများထဲတွင် ပွိုင့် ၅ စက်သေနတ်ကြီးများကို ကနဦးတပ်ဆင်ခဲ့သည်။ ထိုစက်သေနတ်များမှာ ၃၆၀ ဒီဂရီလှည့်ပတ်နိုင်သော ဆုံလည်စနစ်ဖြစ်ပြီး လူထိန်းချုပ်နိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်းများ၊ အင်တာနက်စနစ်များကို နောက်တန်းခံစစ်များမှ အခိုင်အမာတည်ဆောက်ခဲ့ကြသည်။


Image Credit - konsberg.net

ပြီးခဲ့သော ၂၀၁၆ က အစ္စရေးတို့အနေဖြင့် နည်းပညာကို တိုးမြှင့်ခဲ့ပြီး ဆုံလည် ပွိုင့် ၅ စက်သေနတ်ကြီးများနေရာတွင် GAU 8 စက်အမြှောက်များဖြင့် အစားထိုးတပ်ဆင်ခဲ့သည်။ ထို့ပြင် ဆုံလည်စက်အမြှောက်များနှင့်အတူ Cheytac M 100 intervention တာဝေးပစ်စနိုက်ပါရိုင်ဖယ်များပါ တွဲလျက်တပ်ဆင်ထားပြီး ထိုလက်နက်စနစ်က နယ်စပ်စည်းရိုးမှနေပြီး မီတာ ၁၅၀၀ - ၂၀၀၀ အကွာအဝေးအထိ ကောင်းကောင်းထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် အမေရိကန်တို့ဆီမှ ဝယ်ယူထားသော USMC Mark 19 ၄၀ မမ ဗုံးသီးပစ်လောင်ချာများကိုလည်း တပ်ဆင်ထားပြီး လောင်ချာမှ အလိုအလျောက်ဗုံးသီးပစ်စနစ်က အစုအဝေးဖြင့်ရောက်လာသော ပစ်မှတ်များကို ချေမှုန်းပေလိမ့်မည်။

ထိုလက်နက်များ စုပြုံတည်ဆောက်ထားသော Weapon System တစ်ခုမှာ ဒေါ်လာသိန်းနှင့်ချီတန်ကြေးရှိပြီး လက်နက်တပ်ဆင်ထားသော ဝပ်ကျင်းများကို တစ်ခုနှင့်တစ်ခု မီတာရာဂဏန်းသာခြားပြီး တည်ဆောက်ထားသည်။ လက်နက်စနစ်များကို ဖျက်ဆီးမရစေရန် ၇၆.၂ မီလီမီတာ ( သုံးလက်မ ) အထူရှိသော သံချပ်ကာဖြင့်အကာအကွယ်ပေးထားပြီး friendly target/hostile target ခွဲခြားနိုင်ရန် အာရုံခံကိရိယာများမှ toggle လုပ်ပြီး ပစ်မှတ်ခွဲခြားပေးမည်ဖြစ်သည်။ တစ်ခုပြောလိုသည်မှာ နည်းပညာမြင့်ကိရိယာများတပ်ဆင်ပေးထားသော တပ်မတော်တိုင်းတွင် ရှေ့တန်းစစ်သည်များအသီးသီး အတွက် IR Stroke ဟူသော ကိရိယာများထုတ်ပေးထားသည်။ ထို IR Stroke များကို ပုံမှန်ကြည့်လျှင် မမြင်ရသော်လည်းအာရုံခံကိရိယာမှတဆင့် toggle camera ဖြင့်ကြည့်ပါက friendly unit များတွင် တစ်လက်လက်ဖြစ်နေသော အရောင်များဖြင့်မြင်ရမည်ဖြစ်သည်။ ထိုကား ရန်သူနှင့်မိတ်ဆွေ အလွယ်တကူခွဲခြားနိုင်သော အချက်ပင်ဖြစ်သည်။


Image Credit - reihnmetall.com

ထို သတ်ကွင်းကို စောင့်ကြည့်ရန်အတွက် မည်သည့်စစ်သည်မှ စွန့်စားစရာမလိုချေ။ ကွန်ပျုတာထိန်းချုပ်စခန်းထဲတွင် စောင့်ကြည့်ရန် စစ်သည် ၁၀ ဦးမှ ၁၄ ဦးအထိသာလိုအပ်သည်။ သို့သော် သတ်ကွင်းဖြစ်ပြီး အားပြင်းလက်နက်များဖြစ်သည့်အလျောက် ထိန်းချုပ်ရေးစစ်သည်တို့မှာ စိတ်ခိုင်ရန်တော့လိုအပ်မည်ဖြစ်သည်။ ပစ်မှတ်ပုံရိပ်များကို ရှေ့တန်းရှိ စောင့်ကြည့်ကင်မရာစနစ်များက ပေးပို့မည်ဖြစ်ပြီး ပစ်ခတ်ရန်အမိန့်ကျသည်နှင့် ကွန်ပျုတာရှိ mouse ခလုတ် ( သို့မဟုတ် ) keyboard ရှိ enter ခလုတ်ကို ခေါက်လိုက်ရန်သာဖြစ်သည်။ ထိုအခါ လက်နက်စနစ်တို့မှ ကြောက်စရာပစ်အားတို့ဖြင့် ကျုးကျော်သူတို့ကို ချေမှုန်းမည်။ လက်နက်တို့၏ ပစ်အားမှာ ပြင်းထန်လွန်းသဖြင့် ထိမှန်ခံရသူတို့မှာ အရိုးအသားတို့ တစ်ခြားစီ၊ တစ်စစီဖြစ်ပေလိမ့်မည်။


Image Credit - timeofisrael

နိုင်ငံတကာမှ ချမှတ်ထားသော ထိတွေ့မှုစည်းကမ်း ( engagement law ) အရ လက်နက်ကိုင်ဆောင်လာသောသူကိုသာ ပစ်ခတ်ခွင့်ရှိသည်။ ကျုးကျော်သူတို့မှာ လက်နက်မပါချေ။ လိုဏ်ခေါင်းများမှ ခိုးဝင်လာပြီး အစ္စရေးမြေပေါ်တွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်မည်ဖြစ်သည်။ ဝမ်းနည်းစရာက ထိုအကြောင်းကို ကမ္ဘာက သိသူရှားလှသည်။ အစ္စရေးတို့အနေဖြင့် လူ့အခွင့်အရေး နှင့် အမိမြေလုံခြုံရေးယှဉ်သော် အမိမြေလုံခြုံရေး ( homeland security ) ကိုသာ ဦးစားပေးရွေးချယ်သလို ပြတ်ပြတ်သားသားလည်း ဆောင်ရွက်သဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့၏ အမြင်တွင်မျက်မုန်းကျိုးစရာဖြစ်လေသည်။

ထိုသို့သော ပြတ်သားသည့်ဆောင်ရွက်ချက်တို့ကြောင့် ရန်သူများဝိုင်းနေသည့်ကြားက ယနေ့အချိန်အထိ အစ္စရေးတို့ လက်မထောင်နေနိုင်ခြင်းဖြစ်သည်။ ဂါဇာ နှင့် အနောက်ဘက်ကမ်းဒေသများတွင် ကင်းလှည့်နေသော အစ္စရေးစစ်သည်တို့ လူမသိသူမသိပြန်ပေးဆွဲသတ်ဖြတ်ခံရခြင်းကို ငြိမ်ခံနေရခြင်းထက် ယခုကဲ့သို့ ကျုးကျော်သူများကို အတိအလင်းချေမှုန်းရခြင်းသည်ပင် အဖြေတစ်ခုဖြစ်တော့သည်။


Image Credit - timeofisrael

ထိုကဲ့သို့ အလားတူပြဿနာမျိုးကို လူမသိသူမသိခံနေရသော နိုင်ငံများစွာရှိသည်။ ခိုးဝင်သူတို့မှာ သူတို့က စတင်ကျုးလွန်ပြီး သူတို့ကသာမှန်နေသယောင် ကမ္ဘာသိအောင် အော်ဟစ်ပြကြသည်။ ထို့အတွက် ဖြေရှင်းရန်နည်းလမ်းမှာ မည်သူ့စကားကိုမှ ဂရုမစိုက်ပဲ ပြတ်ပြတ်သားသားဖြေရှင်းရန်သာဖြစ်သည်။ လူ့အခွင့်အရေးဟူသော စကားလုံးကို ဒိုင်းသဖွယ်လုပ်ကာ လူပါးဝချင်သူတို့အတွက် အမာကို အမာနှင့်တိုက်ခြင်းက solution ဖြစ်သည်။

ကျွန်တော်တို့သည် လူသားများဖြစ်သည့်အလျောက် လူသားတို့ရသင့်သော လူ့အခွင့်အရေးမှန်သမျှကို လေးစားရမည်။ သို့သော် လူ့အခွင့်အရေးဆိုသည်မှာ အမျိုးသားအကျိုးစီးပွား၊နိုင်ငံတော်အရေးတို့နှင့် ပတ်သက်လာလျှင် ဒုတိယဦးစားပေးသက်သက်သာဖြစ်ကြောင်း ခွဲခြားသိမြင်ဖို့တော့လိုအပ်မည်ဖြစ်ပါသည်။


TikiTiki
Source - https://electronicintifada.net/content/israels-killing-zone-gaza/9167




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။