ယိုးဒယားကြက်ဥလိပ်လုပ်နည်း

ပါဝင်သော ပစ္စည်းများ

အသားစင်းကော (ကြက်သား၊ အမဲသား၊ ဝက်သား....) - (၃၅ဝ) ဂရမ်

ပုစွန်မှုန့် - (၁၅ဝ) ဂရမ်

မြေပဲဆီ - (၉ဝ) မီလီမီတာခန့်

ပါးပါးလှီးထားတဲ့ကြက်သွန်နီ - (၁) ဥခန့်

ထောင်းထားတဲ့ကြက်သွန်ဖြူ - (၂) ဥခန့်

မြေပဲလှော် - (၇ဝ) ဂရမ်

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း(၁) ဇွန်း

ငံပြာရည် - ထမင်းစားဇွန်း(၃) ဇွန်း

သကြား - အနည်းငယ်

ကြက်ဥ - (၆)လုံး 

ငရုတ်သီး - (၁) တောင့် 

နံနံမြစ် - အနည်းငယ်

နံနံရွက် - အနည်းငယ်


ချက်ပြုတ်ပုံ အဆင့်ဆင့်

နှစ်သက်ရာအသားကို နုတ်နုတ်စင်းပြီး ပုစွန်မှုန့်နဲ့ သမအောင် နယ်ပါ။ မြေပဲဆီ အနည်းငယ်ကို ပူအောင်တည်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီသတ်ပါ။ ပုစွန်စင်းကော အသားနယ်ကို မစိုမခြောက် ကြော်လိုက်ပါ။ ပြီးနောက် မြေပဲလှော်၊ ငရုတ်ကောင်းမှုန့် ငံပြာရည်၊ သကြား၊ နံနံမြစ်တို့ထည့်ပြီး သုံးမိနစ်ခန့် ကြော်ပါ။ ကျန်နေတဲ့ ဆီအနည်းငယ်ကို အကြော်ဒယ်အိုးပြားပါ်မှာထည့်ပြီး ပူအောင်တည်ပါ။ ကြက်ဥကိုခလောက်၍မွှေပြီး အဝိုင်းပုံ ခပ်ပါးပါးလေးရအောင် ချိန်ဆပြီး ကြော်ပါ။ ရရှိလာတဲ့ ကြက်ဥကြော်များကို အအေးခံပါ။ အသားကြော် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို ကြက်ဥကြော်ပေါ် တင်၍ ငရုတ်သီး၊ နံနံရွက် အနည်းငယ်စီထည့်ပါ။ ကြက်ဥကြော်ကို ဖြည်းဖြည်း ချင်းလိပ်ပြီး လုံအောင်ပိတ်ပါ။ ထို့နောက် ကြက်ဥလိပ်ကို အနေတော်အတုံးလေးများ လှီးပါ။ ဒါဆိုရင် မြင်ရုံနဲ့ စားချင်စိတ် တဖွားဖွား ပေါ်လာနိုင်တဲ့ ထိုင်းကြက်ဥလိပ်ကို ရပါပြီ။ နှစ်သက်ရာ ဆော့အချဉ်နဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။