အခုခေတ်လူနေမှုဘဝမှာ မလုပ်သင့်တော့တဲ့ ရှက်စရာအပြုအမူများ

လူရယ်လို့ ဖြစ်လာရင် လူပီသဖို့လိုသလို၊ ရှက်သင့်တဲ့အရာကို ရှက်ပြီး ကြောက်သင့်တဲ့အရာကိုလည်း ကြောက်သင့်ပါတယ်။ ဒါပေမဲ့ အရှက်အကြောက်တရားကို တလွဲအသုံးမချသင့်ပါဘူး။ တချို့တွေက ရှက်သင့်တာကို မရှက်ဘဲ မရှက်သင့်တာကို ရှက်နေတတ်ကြပါတယ်။ ရှက်သင့်တဲ့အရာများစွာထဲကမှ အခုခေတ်လူနေမှုဘဝ မှာ လူအများကြား ရှင်သန်နေထိုင်တဲ့အခါ ရှက်သင့်တဲ့အရာတွေ ရှိနေပါတယ်။

၁။ စနစ်တကျ အမှိုက်မပစ်ခြင်း


Photo Credit: Freepik

မိမိတို့နေထိုင်ရာ ဝန်းကျင်သန့်ရှင်းသာယာလှပဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှာတင်မကဘဲ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အများပြည်သူသွားလာရာနေရာတွေ၊ လမ်းတွေပေါ်မှာ ထင်သလို အမှိုက်စွန့်ပစ်ချခြင်းဟာ အတော်လေးရှက်စရာကောင်းတဲ့ အပြုအမူတစ်ခုပါ။ အများက သန့်ရှင်းအောင် ဖန်တီး ထားတဲ့ နေရာဝန်းကျင်ဟာ မိမိကြောင့်ညစ်ပတ်သွားခဲ့ရင် မိမိအဆင့်အတန်းကို မိမိဘာသာဆွဲချလိုက်ရာလည်း ကျပါတယ်။ နဂိုအမှိုက်ရှုပ်နေတဲ့နေရာဆိုရင်တောင် မိမိရဲ့အမှိုက်တစ်စကြောင့် ပိုရှုပ်မသွားစေသင့်ပါဘူး။ အမှိုက်ရှင်းပေးစရာမလိုပါဘူး၊ ကိုယ်တိုင်က စည်းကမ်းမဲ့အမှိုက်မပစ်ဖို့ပဲ လိုပါတယ်။

၂။ တန်းမစီဘဲ ကြားဖြတ်ဝင်ခြင်း   


Photo Credit: Pinterest

လူတိုင်းဟာ သူ့ကိစ္စနဲ့သူ၊ သူ့အကြောင်းနဲ့သူတော့ အရေးကြီးနေကြသူချည်းပါပဲ။ အဲဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံ တော်တော်များများမှာ တန်းစီတဲ့ စနစ်ကို နေရာတိုင်းလိုလို ကျင့်သုံးကြပါတယ်။ အဲဒီအပြုအမူဟာလည်း နိုင်ငံ ကြီးသားပီသတဲ့ အဆင့်အတန်းရှိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ လူတိုင်းတန်းစီနေကြတဲ့ နေရာမှာ မိမိကိစ္စကို ပဲ အရေးတကြီးလုပ်ပြီး ကြားဖြတ်ဝင်ခြင်းဟာ ရိုင်းစိုင်းရာကြသလို၊ လူလိုမသိတတ်ရာလည်း ကျပါတယ်။ အဲဒါဟာလည်း မိမိအဆင့်အတန်းကို အောက်ကိုဆွဲချလိုက်တဲ့ အပြုအမူတစ်ခုပါပဲ။

၃။ အများပြည်သူပိုင်နေရာကို ဖျက်စီးခြင်း


Photo Credit: Freepik

ပတ်ဝန်းကျင်သန့်ရှင်းလှရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြုလုပ်ပေးထားတဲ့ နေရာတွေကို ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ မိမိပိုင် မဟုတ်တဲ့ အများပိုင်ပစ္စည်းတွေကို ပျက်စီးစေခြင်းတို့ဟာလည်း အဆင့်အတန်းရှိသူတွေ မလုပ်ကြတဲ့ ရှက်စရာအပြုအမူတစ်ခု ဖြစ်ပါတယ်။ အများပြည်သူဆိုတဲ့နေရာမှာ မိမိ ကိုယ်တိုင်ပါဝင်ပြီး မိမိတို့အကျိုးအတွက် လုပ်ပေးထားတဲ့အရာတွေကို မိမိပယောဂကြောင့် မပျက်စီးစေသင့်ပါ ဘူး။

၄။ မိမိတစ်ဦးတည်း၊ တစ်ဖွဲတည်းအတွက် အများကို အနှောင့်အယှက်ဖြစ်စေခြင်း

Photo Credit: Freepik

ဘယ်သူ့ကိုမှမထိခိုက်စေတဲ့ လွတ်လပ်မှုကိုမှ စစ်မှန်တဲ့၊ မှန်ကန်တဲ့ လွတ်လပ်မှုလို့ ဆိုနိုင်ပါတယ်။ မိမိတစ်ဦး တစ်ယောက်တည်းအတွက် ဒါမှမဟုတ် မိမိတို့လူနည်းစုအတွက် အများကို အသံအားဖြင့်၊ အမြင်အားဖြင့် အနှောင့်အယှက်ဖြစ်စေတာမျိုးနဲ့ စိတ်အနှောက်အယှက်ဖြစ်စေတာမျိုးတွေဟာ လည်း အဆင့်အတန်းမရှိတဲ့ လုပ်ရပ်မျိုးသာ ဖြစ်ပါတယ်။ ဥပမာ အများပိုင်နေရာမှာ သီချင်းတွေအော်ကြီးဟစ်ကျယ်ဖွင့်ပြီး အများကို နားဒုက္ခ ပေးတာမျိုး၊ ဒါမှမဟုတ် စကားတွေအော်ကြီးဟစ်ကျယ်ပြောပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုးတို့ပါပဲ။ အများကို စိတ်မသက်မသာဖြစ်အောင် ပြုမူတာမျိုး၊ ထိတ်လန့်စေတာမျိုး၊ စိတ်တိုဒေါသထွက်စေတာတွေလည်း အကျုံးဝင်ပါတယ်။

၅။ အချောင်လိုချင်စိတ်ရှိခြင်း


Photo Credit: Freepik

ဘယ်အရာမှ အလကားရတယ်ဆိုတာ မရှိပါဘူး။ လိုချင်မှုတစ်ခုအတွက် တစ်ခုခုတော့ ပေးဆပ်ရတာချည်းပါပဲ။ ကိုယ်လိုချင်တာရဖို့အတွက် အတိုင်းအတာတစ်ခုအထိတော့ ကြိုးစားအားထုတ်ကြရပါတယ်။ အဲဒါကြောင့် သူများ ကြိုးစားထားတဲ့အရာကို အလကားအချောင်လိုချင်စိတ် ရှိခြင်းဟာ အတော်ကိုအောက်တန်းကျတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ သူတပါးပိုင်ဆိုင်ထားတဲ့အရာ၊ သူတပါးရဲ့ ကြိုးစားအားထုတ်မှုကို အချောင် လိုချင်စိတ် ရှိခြင်းကို သူများမသိရင်တောင်မှ မိမိကိုယ်ကိုမိမိ ရှက်သင့်ပါတယ်။

Photo Credit: Freepik

လူအများကြားမှာ ရှင်သန်နေထိုင်တဲ့အခါ ရှက်သင့်တဲ့အရာများစွာ ရှိပြီး အခုဖော်ပြခဲ့တဲ့ အရာ (၅) ခုဟာလည်း ရှက်ကိုရှက်သင့်တဲ့ အပြုအမူနဲ့ စိတ်နေစိတ်ထားတွေပါပဲ။ အဲဒီလိုအရာတွေကို လုပ်မယ်ဆိုရင် ရှက်စရာကောင်း ရုံတင်မက အဆင့်အတန်းမရှိရာလည်း ကျပြီး မိမိကိုယ်ကို တာဇံဇာတ်သွင်းလိုက်သလိုပါပဲ။ သူများမသိဘူး ဆိုရင် မိမိကိုယ်ကိုသိပါတယ်၊ ကိုယ့်လိပ်ပြာက သိပါတယ်။

by Katie Scarlett

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။