အိပ်ပျော်နေရင်း ဘီလူးစီးခြင်း ( သို့မဟုတ် ) Sleep Paralysis ဆိုသည်မှာ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင်းမှ ရုတ်တရက် လန့်နိုးလာတဲ့အခါ တစ်ကိုယ်လုံးလှုပ်မရတော့တာမျိုး၊ ရင်ဘတ်ပေါ် တစ်ခုခုက အားနဲ့တက်ဖိထားသလိုမျိုး၊ မျက်လုံးထဲမှာ ကြောက်စရာကောင်းတဲ့အရာတွေ မြင်တတ်တာမျိုး ဖြစ်ဖူးကြမှာပါ။ အဲ့ဒါကို လူကြီးသူမတွေက ဘီလူးစီးတယ် ( ဒါမှမဟုတ် ) ထမင်းလုံးတစ္ဆေခြောက်တယ် လို့ခေါ်တယ်။


Image Credit - medium.com

တကယ်တော့ အဲ့ဒါကို ဆေးပညာအခေါ်နဲ့ Sleep Paralysis လို့ခေါ်ပါတယ်။ Sleep Paralysis ဟာ ရောဂါမဟုတ်ပါဘူး။

လူ တစ်ရာမှာ အနည်းဆုံး ခြောက်ဆယ့်လေးယောက် ဟာ ဘီလူးစီးခြင်း ကို ကြုံတွေ့ရနိုင်တယ်။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ဖြစ်နိုင်ချေတွေကအများကြီးရယ်ပါ။ Sleep Paralysis ဟာ ကျန်းမာတဲ့သူဖြစ်ဖြစ်၊ မကျန်းမာတဲ့သူဖြစ်ဖြစ် ကြုံတွေ့နိုင်တယ်။ အဓိကဖြစ်တတ်သူတွေကတော့ အာရုံကြောအားနည်းတဲ့သူတွေပါ။ ဥပမာ ရံဖန်ရံခါ ခေါင်းကိုက်၊ ဇက်ကြောတက်၊ မျက်ရိုးကိုက် တတ်တဲ့သူတွေဖြစ်တတ်တယ်။ နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။ အေးတဲ့အခန်း ( ဥပမာ - အဲကွန်းတစ်ညလုံးဖွင့်ထားတာမျိုး၊ ပြတင်းပေါက်ကြီးဖွင့်အိပ်တာမျိုး၊ အခန်းအပူချိန်က ပြင်ပအပူချိန်ထက် နည်းနေတဲ့အခါမျိုး ) တွေမှာလည်း Sleep Paralysis ဖြစ်နိုင်တယ်။


Image Credit - businessinsider.com

Sleep Paralysis ဖြစ်နိုင်တဲ့အနေအထားတွေကို ကျွန်တော်သိသလောက် ပြန်မျှဝေပါမယ်။ နံပါတ်တစ် ကတော့ အိပ်ရေးမဝတဲ့အခါ၊ လုံလုံလောက်လောက်မအိပ်ရတဲ့အနေအထားမျိုး နဲ့ အိပ်ရေးမမှန်တဲ့အနေအထားမျိုးတွေမှာဖြစ်တတ်တယ်။ အိပ်ရေးမမှန်တာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီနဲ့သက်ဆိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါမျိုးတွေမှာ ရုတ်တရက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ ဇီဝနာရီရဲ့ စည်းချက်ကြောင့် လူက ရုတ်တရက်လန့်နိုးတဲ့အခါ Sleep Paralysis ဖြစ်တတ်ပါတယ်။

နောက်တစ်ချက်က ကြွက်သားတွေ အပြင်းအထန်လှုပ်ရှားရတဲ့အနေအထားပါ။ ဥပမာ - Gym ကို ကာလကြာရှည်မဆော့ပဲနေရာကနေ တစ်ရက်လောက် အပြင်းအထန်ဆော့လိုက်မိတာမျိုးပေါ့။ အဲ့ဒီအခါ ကြွက်သားတွေညောင်းကိုက်ရာကနေ အိပ်ပျော်တဲ့အခါ Sleep Paralysis ဖြစ်တတ်တယ်။

နောက်တစ်ခုကတော့ စိတ်ကျရောဂါ ခံစားနေရပြီး စိတ်ကျဆေးတွေ သောက်နေရတဲ့သူတွေမှာလည်းဖြစ်တတ်တယ်။ အများအားဖြင့် စိတ်ကျရောဂါရှိတဲ့သူတွေက အိပ်မပျော်တာများပါတယ်။ အိပ်ရေးမဝတဲ့အခါ Sleep Paralysis ဖြစ်ဖို့ အခွင့်အလမ်းပိုများတယ်။

အရက်သောက်တဲ့သူတွေမှာလည်း Sleep Paralysis ဖြစ်နိုင်တယ်။ အရက်သောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပြီလို့ထင်ကြမှာပါ။ အဲ့ဒါမဟုတ်ပါဘူး။ ရုတ်တရက်လန့်နိုးလာတဲ့အခါ မျက်စေ့ထဲမှာ တကယ်မရှိတဲ့အရာတွေကို မြင်ရတာမျိုး၊ ကြောက်စရာအသွင် သဏ္ဍာန်တွေမြင်ရတာမျိုးဖြစ်တတ်တဲ့အတွက် အရက်သောက်တဲ့သူတွေ Sleep Paralysis ဖြစ်ရင် တော်တော်ကြောက်ဖို့ကောင်းပါတယ်။


Image Credit - ihorror.com

Sleep Paralysis ဖြစ်တဲ့သူတစ်ယောက်အနေနဲ့ အသံနက်ကြီးနဲ့အော်မိတာမျိုး၊ ကြောက်စရာအသံနဲ့ညည်းတွားတာမျိုး၊ အိပ်နေရင်းနဲ့လှုပ်မရတော့ ဒေါသတကြီး အိပ်ယာကို လက်သီးနဲ့ထုမိတာမျိုး၊ လှုပ်လို့ရတဲ့အခါ ရုတ်တရက်ထထိုင်မိတာမျိုးတွေဖြစ်နိုင်တယ်။ ကျန်တာက ကိစ္စမရှိပေမယ့်အိပ်နေရာကနေ ရုတ်တရက် ထထိုင်တာက အခန့်မသင့်ရင် Stroke ဖြစ်ပြီး အသက်ဆုံးရှုံးတတ်တယ်။ အဲ့ဒါကိုတော့ သတိပြုရပါမယ်။

တစ်ခါတစ်လေ Sleep Paralysis က တော်တော်ထူးဆန်းပါတယ်။ ကိုယ်က အိပ်နေပေမယ့် ဘေးနားမှာရှိသမျှ အရာတွေအကုန်မြင်ရတာမျိုး။ ဥပမာ - ကိုယ့်ကို ( ဘီလူးစီးနေတယ်ပဲ ပြောကြပါစို့ ) အချိန်မှာ အခန်းထဲ တစ်ယောက်ယောက်ဝင်လာတယ်။ သူ့ကိုလည်း မြင်နေရတယ်။ သူပြောသမျှလည်း ကြားရပေမယ့် အကူအညီတောင်းဖို့အသံမထွက်တာ၊ လှုပ်မရတာမျိုးပေါ့။ ပြောရရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ကိုပါ တစ်ခုခုက ချုပ်နှောင်ထားတဲ့အတိုင်းပဲ။


Image Credit - shutterstock

Sleep Paralysis ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ( NREM - Non Rapid Eye Movement State ) ထက်စာရင် အိပ်လို့မပျော့်တပျော်အနေအထား ( REM - Rapid Eye Movement State ) မှာဖြစ်တာပိုများတယ်။ ကျွန်တော်တို့ဟာ အဲဒီအနေအထားမှာ Sleep Paralysis ကို ကောင်းကောင်းကြုံတွေ့နိုင်သလို Sleep Paralysis ရဲ့ စတင်ဖြစ်ပေါ်ပုံကိုလည်း ထိတွေ့ခွင့်ရကြတယ်။ Sleep Paralysis စပြီ ဆိုတာနဲ့ နားထဲမှာ လေတိုးသံလို တစီစီ အသံတွေစကြားရမယ်။ နားတွေအူလာမယ်။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်မှာတော့ သင့်တစ်ကိုယ်လုံး သိမ့် ကနဲဖြစ်ပြီး လေထဲမြောက်သွားသလိုခံစားရမယ်။ ပြီးရင် တစ်စုံတစ်ခုက သင့်ကို ဆွဲခေါ်သွားသလို၊ အဆင်းလမ်း ( ဒါမှမဟုတ် ) ခရီးတစ်ခုကို လေထက်မြန်တဲ့အရှိန်နဲ့သွားနေရသလို လေတွေ မရပ်မနားတိုးနေသလို ခံစားရမယ်။ အဲ့ဒီနောက်မှာတော့ သင့်တစ်ကိုယ်လုံးလှုပ်လို့မရတော့ပါဘူး။ Sleep Paralysis ကို သင်တကယ်မကြိုက်ဘူး၊ မကြုံချင်ဘူးဆိုရင်တော့ နားတွေ အူလာတဲ့ State မှာတင် ရုတ်တရက် မျက်လုံးကိုဖွင့်ပြီး ခပ်ဖြေးဖြေးထထိုင်လိုက်တာ အကောင်းဆုံးပါပဲ။

Sleep Paralysis ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ကုရမယ် ဆိုတဲ့နည်းလမ်းတော့မရှိသေးဘူး။ ဖြစ်နိုင်တာက အိပ်နေရင်းနဲ့ ကြွက်သားတွေ ရုတ်တရက်ဆိုင်းသွားတာ၊ အရမ်းအေးလွန်းတာ လည်းဖြစ်နိုင်တယ်။ Sleep Paralysis နဲ့ မကြုံချင်ဘူး ဆိုရင်တော့ အိပ်ရေး၀၀အိပ်ဖို့၊ ညအိပ်ခါနီး အစားအသောက်တွေ တနင့်တပိုးမစားမိဖို့၊ အိပ်ယာဝင်ခါနီး ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန်မလုပ်မိဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ သိရသလောက် ကုထုံးလေးတွေပါ။

နောက်ဆုံးတစ်ချက် အနေနဲ့ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြန်မျှဝေပါမယ်။ ဘီလူးစီးခြင်း ကို ဖိတ်ခေါ်တာပါ။ ဒါကတော့ ကြောက်ဖို့ကောင်းတဲ့အတွက် လုပ်ချင်လည်းလုပ်၊ မလုပ်ချင်လည်း Skip လိုက်ပါ။

Summoning Sleep Paralysis Demon ( ဘီလူးစီးခြင်းကို ဖိတ်ခေါ်ခြင်း )


Image Credit - ihorror.com

အရင်ဆုံး သက်တောင့်သက်သာ လှဲနေရမယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို လျော့နိုင်သမျှ လျော့တဲ့အနေအထားပဲနေပါ။ ပြီးရင် အတတ်နိုင်ဆုံးဘာမှမတွေးပဲ ငြိမ်ငြိမ်လေးနေပါ။ အခန်းမီးကို ပိတ်ထားပြီး လုံလောက်တဲ့ အပူချိန် ( အရမ်းကြီးမပူ၊ မအေးလွန်းတဲ့အနေအထား ) ရှိရမယ်။ ကျွန်တော်ကတော့ အခန်းကို အေးနေအောင်ထားပါတယ်။ အဲ့ဒီအတိုင်း နာရီဝက်-ဆယ့်ငါးမိနစ်လောက် အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးနေရပါမယ်။

တစ်ခုရှိတာက သင့်အနေနဲ့ အိပ်ရေးမှန်ဖို့လိုအပ်တယ်။ ဆိုလိုတာက သင့်အိပ်ချိန်က ကိုးနာရီ ဆို သင်က ကိုးနာရီ မှာ အိပ်ယာထဲရောက်နေရမှာပါ။ အဲဒီလို နေရင်း နာရီဝက်လောက်နေရင် မျက်လုံးတွေစင်းလာမယ်။ အိပ်ချင်လာမယ်။

မအိပ်ပါနဲ့။ အိပ်ချင်လာတဲ့အခါ အိပ်ချင်စိတ်ကို ပြန်ထိန်းလိုက်ပါ။ အဲ့ဒီလိုလုပ်ရင်း နှစ်ခါသုံးခါလောက်ဆို သင့်နားထဲမှာ ခေါင်းလောင်းတွေထိုးနေသလို၊ ပုရစ်တွေအများကြီးအော်နေသလို တစီစီနဲ့အသံတွေကြားလာရမယ်။ အသံတွေက ဆူလွန်းလို့သင်နားတွေအူလာမယ်။ မအိပ်ပါနဲ့ဦး။ နောက်ဆုံး နားထဲမှာ လေတိုးသံလို တဝူးဝူးအသံတွေကြားလာရတဲအခါကျရင်တော့ စိတ်ကိုလွှတ်ပေးလိုက်ပါ။ သင်ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ရောက်လာပါလိမ့်မယ်။


Image Credit - deviantart.com ( Wayne Kishida )

အဲ့ဒီအခါကျရင်တော့ သင်အရမ်းတွေ့ချင်နေတဲ့ Sleep Paralysis ကို ကောင်းကောင်းကြီးထိတွေ့ခွင့်ရပါပြီ။ တစ်ခုရှိတာက Sleep Paralysis က သင်ကြုံနေကျအရာတစ်ခုမဟုတ်ပဲ First Time ဖြစ်ခဲ့မယ်ဆိုရင်တော့ စိတ်နည်းနည်းခိုင်ဖို့လိုပါမယ်။ အနည်းဆုံးတော့ အတွေ့အကြုံတစ်ခုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာပေါ့။

TikiTiki
Source - https://en.wikipedia.org/wiki/Sleep_paralysis

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။