အတွင်းကလီစာတွေကို ပုံဖော်ထားတဲ့ ဝတ်စုံဝတ်ဆင်ပြီး စာသင်ကြားခဲ့တဲ့ ဆရာမ

ကလေးတွေကို စာသင်ကြားရာမှာ သင်ကြားရေးနည်းလမ်းက အရေးကြီးပါတယ်။ စပိန်နိုင်ငံ၊ Valladolid မှာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ဆရာမတစ်ယောက်ဟာ သူမရဲ့ကျောင်းသားတွေကို ခန္ဓာဗေဒသင်ကြားဖို့ အတွက် ဆန်းသစ်တဲ့ သင်ကြားနည်းတစ်ခုကို အသုံးပြုခဲ့ပါတယ်။ အဲဒါကတော့ သူမဟာ ခန္ဓာကိုယ်အတွင်းက ကလီစာတွေကိုပုံကို သူ့နေရာအလိုက် ဖော်ပြထားတဲ့ ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ပြီး သင်ကြားခဲ့တာပါ။


Photo Credit: Twitter@mikemoratinos

Veronica Duque လို့ နာမည်ရတဲ့ ဆရာမဟာ အဲဒီလိုအထူးဝတ်စုံဝတ်ဆင်ပြီး ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကျောင်းသားလေးတွေကို စာသင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုစာသင်ကြားနေတဲ့ ဓာတ်ပုံတွေကို ဆရာမ ဗရိုနီကာရဲ့ခင်ပွန်းဖြစ်သူ မိုက်ကယ်က အွန်းလိုင်းမှာတင်ခဲ့တာပါ။


Photo Credit: Twitter@mikemoratinos

ဓာတ်ပုံတွေနဲ့အတူ ဒီလိုအမိုက်စား အကြံဉာဏ်ကို ဂုဏ်ယူကြောင်းနဲ့ ဒီလိုအမျိုးသမီးကိုပိုင်ဆိုင်ရတာ ကံကောင်းတဲ့အကြောင်း Caption ကိုလည်း ရေးခဲ့ပါတယ်။ ဗရိုနီကာရဲ့ သင်ကြားရေးနည်းလမ်းနဲ့ ပတ်သက်လို့ လည်း အွန်လိုင်းအသုံးပြုသူတော်တော်များများက ချီးကျူးတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။


Photo Credit: Twitter@mikemoratinos

လူကိုယ်တိုင်ပေါ်မှာ အခုလို ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကလီစာပုံတွေကို ဖော်ပြပြီး သင်ကြားမှုဟာ စာအုပ်ပေါ် မှာ ဆွဲထားတဲ့ပုံတွေ ပန်းချီတွေထက်စာရင် ကလေးတွေကို ပိုမိုမှတ်မိသိရှိလွယ်စေနိုင်တာကြောင့် တကယ်ကို ထူးခြားကောင်းမွန်ပြီး လက်တွေ့ဆန်တဲ့ သင်ကြားရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Source: https://www.dailymail.co.uk/news/article-7822651/Teacher-dons-bodysuit-showing-bodys-organs-teach-anatomy-Spanish-school.html?fbclid=IwAR3fmuOtBuqgtAwY3GOtWVmLROf2h17P55OZWA0AHbCEcmxkn7TkZ6o-YyY


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။