2020 Golden Globe (ရွှေကမ္ဘာလုံး) ဆုပေးပွဲမှာ ဆုရရှိခဲ့ကြသူများ

၂၀၁၉ ခုနှစ်အတွက် 2020 Golden Globe (ရွှေကမ္ဘာလုံး) ဆုပေးပွဲကြီးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက် မနေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Beverly Hills မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဲဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်မှာ ပြသခဲ့တဲ့ အမေရိကန်ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွေထဲက အကောင်းဆုံးတွေကို ရွေးထုတ်ပြီး ဆုတွေရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။


Photo Credit: Pinterest

Golden Globe Awards ဆိုတာ အော်စကာ (Oscars) ခေါ် အကယ်ဒမီဆုပေးပွဲပြီးရင် ဒုတိယမြောက် အကြီးဆုံး ဆုပေးပွဲကြီးလည်း ဖြစ်ပါတယ်။ Golden Globe အတွက် ဆုရွေးချယ်ရာမှာ အမေရိကန်နဲ့ ဟောလိဝုဒ်ဇာတ်လမ်းတွေတင်မက HFPA (Hollywood Foreign Press Association) အဖွဲ့ဝင်နိုင်ငံတွေက ရုပ်ရှင်ဇာတ်လမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆုအမျိုးအစားများစွာ ပေးအပ်လေ့ရှိပြီး အခုနှစ်မှာ ဆုအများဆုံးရရှိခဲ့တဲ့ ဇာတ်လမ်းက တော့ လီယိုနာဒိုနဲ့ ဘရတ်ပစ်တို့ပါဝင်ထားတဲ့ Once Upon a Time in Hollywood ရုပ်ရှင်ဖြစ်ပြီး စုစုပေါင်း ဆု ၃ ဆု ရရှိခဲ့ပါတယ်။ Joker, 1917 နဲ့ Rocketman ရုပ်ရှင်ဇာတ်လမ်းတွေကတော့ ဆု ၂ ဆုစီ ရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပေးအပ်ခဲ့တဲ့ ဆုတွေထဲက ဆု (၁၂) ဆုနဲ့ ဆုရရှိသူတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒရမ်မာအမျိုးအစားအတွက် အကောင်းဆုံးဇာတ်လမ်းဆု (Best Motion Picture) ကို Sam Mendes ရိုက်ကူးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ epic war ရုပ်ရှင် “1917” က ဆွတ်ခူးရရှိသွားပါတယ်။ အဲဒီဇာတ်လမ်းနဲ့အတူ ဆုလျာထားစာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်တွေကတော့ The Irishman, Joker, Marriage Story နဲ့ The Two Popes တို့ပါပဲ။


Photo Credit: Pinterest

၂။ Musical or Comedy အမျိုးအစားအတွက် အကောင်းဆုံးဇာတ်လမ်းဆု (Best Motion Picture) ကို Quentin Tarantino ရိုက်ကူးခဲ့တဲ့ ဟာသဒရမ်မာရုပ်ရှင် “Once Upon a Time in Hollywood” က ရရှိခဲ့ပါ တယ်။ အဲဒီဇာတ်လမ်းနဲ့အတူ ဆုလျာထားစာရင်းဝင်ခဲ့တာကတော့ Dolemite Is My Name, Jojo Rabbit, Knives Out နဲ့ Rocketman တို့ ဖြစ်ပါတယ်။


Photo Credit: Pinterest

၃။ ဒရမ်မာဇာတ်လမ်းမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု (Best Actor - Drama) ကို Joker ဇာတ်လမ်းနဲ့ မင်းသား Joaquin Phoenix က ရရှိခဲ့ပါတယ်။ သူနဲ့အတူ ဆုလျာထားစာရင်းဝင်ခဲ့သူတွေကတော့ Christian Bale, Antonio Banderas, Adam Driver နဲ့ Jonathan Pryce တို့ ဖြစ်ပါတယ်။


Photo Credit: Pinterest

၄။ ဒရမ်မာဇာတ်လမ်းမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆု (Best Actress - Drama)  ကို မင်းသမီး Renee Zellweger က “Judy” ဇာတ်လမ်းနဲ့ ရရှိခဲ့ပါတယ်။ သူနဲ့အတူ ဆုလျာထားစာရင်းဝင်ခဲ့သူတွေကတော့ Cynthia Erivo, Scarlett Johansson, Saoirse Ronan နဲ့ Charlize Theron တို့ ပါပဲ။


Photo Credit: Pinterest

၅။ Musical or Comedy အမျိုးအစားအတွက် အကောင်းဆုံးမင်းသားဆု (Best Actor – Musical or Comedy) ကိုတော့ “Rocketman” ရုပ်ရှင်နဲ့ မင်းသား Taron Egerton က ရရှိခဲ့ပါတယ်။ သူနဲ့အတူ Daneil Craig, Roman Griffin Divis, Leonardo DiCaprio နဲ့ Eddie Murphy တို့က ဆုလျာထားစာရင်းဝင်ခဲ့ပါတယ်။


Photo Credit: Pinterest

၆။ Musical or Comedy အမျိုးအစားအတွက် အကောင်းဆုံးမင်းသမီးဆု (Best Actress – Musical or Comedy) ကိုတော့ မင်းသမီး Awkwafina က “The Farewell” ရုပ်ရှင်အတွက် ရရှိခဲ့ပါတယ်။ သူနဲ့အတူ မင်းသမီး Ana de Armas, Cate Blanchett, Beanie Feldstein နဲ့ Emma Thompson တို့က ဆုလျာထားစာရင်းဝင်ခဲ့ပါတယ်။


Photo Credit: Pinterest

၇။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (Best Supporting Actor) ကိုတော့ မင်းသားကြီး Brad Pitt က Once Upon a Time in Hollywood ဇာတ်လမ်းနဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။ သူနဲ့အတူ ဆုလျာထားစာရင်းဝင်ခဲ့ကြသူတွေ ကတော့ Tom Hanks, Anthony Hopkins, Al Pacino နဲ့ Joe Pesci တို့ ဖြစ်ပါတယ်။


Photo Credit: Pinterest

၈။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Best Supporting Actress) ကိုတော့ မင်းသမီး Lauren Dern က Marriage Story ဇာတ်လမ်းထဲက ရှေ့နေ Nora Fanshaw ဇာတ်ရုပ်နဲ့ ရရှိသွားပါတယ်။ သူနဲ့အတူ Kathy Bates, Annette Bening, Jennifer Lopez နဲ့ Margot Robbie တို့က ဆုလျာထားစာရင်းဝင်ခဲ့ပါတယ်။


Photo Credit: Pinterest

၉။ အကောင်းဆုံဒါရိုက်တာဆု (Best Director) ကိုတော့ “1917” ဇာတ်လမ်းနဲ့ ဒါရိုက်တာကြီး Sam Mendes က ရရှိသွားပါတယ်။


Photo Credit: Pinterest

၁၀။ အကောင်းဆုံး Animated ရုပ်ရှင်ဆု (Best Animated Feature Film) ကိုတော့ Missing Link က ရရှိခဲ့ပါ တယ်။ အဲဒီဇာတ်လမ်းဟာ သူနဲ့အတူဆုလျာထားစာရင်းဝင်ခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတွေဖြစ်တဲ့ Frozen II, How to Train Your Dragon: The Hidden World, The Lion King နဲ့ Toy Story 4 တို့ကို ကျော်လွန်ပြီး မှ အခုလို အကောင်းဆုံးဆုကို ရရှိခဲ့တာပါ။


Photo Credit: Pinterest

၁၁။ အင်္ဂလိပ်စကားပြောရုပ်ရှင်မဟုတ်တဲ့ ဇာတ်လမ်းတွေထဲက အကောင်းဆုံးဇာတ်လမ်းဆုဖြစ်တဲ့ Best Foreign Language Film ကိုတော့ တောင်ကိုရီးယားရုပ်ရှင် “Parasite” က ရရှိခဲ့ပါတယ်။


Photo Credit: Pinterest

၁၂။ ဖျော်ဖြေရေးလောကမှာ ထူးချွန်ပြောင်မြောက်စွာ လုပ်ကိုင်ခဲ့သူတွေကို အထူးဂုဏ်ပြုပေးအပ်တဲ့ Cecil B. DeMille Award ကိုတော့ ဟောလိဝုဒ်မင်းသားကြီး Tom Hanks က ရရှိသွားခဲ့ပါတယ်။


Photo Credit: Pinterest

Ref: Wikipedia



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။