အမျိုးသား ( ၁၉၅ ) ဦးအားဆေးခတ်ပြီး မတရားကျင့်သူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရဖွယ်ရှိ

ရိန်းနာ့ထ် ဆင်နာဂါ အမည်ရှိ အင်ဒိုနီးရှားအမျိုးသားအနေဖြင့် လူမှုအသိုင်းအဝိုင်းထဲသို့ မည်သည့်အခါမျှ ပြန်လာရန်မသင့်ဟု လူအများက ဝေဖန်လျှက်ရှိသည်။ ဆင်နာဂါ အနေဖြင့် အနည်းဆုံးထောင်ဒဏ် အနှစ်သုံးဆယ် ခန့်ကျခံရဖွယ်ရှိနေသည်။

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာ တွင်နေထိုင်လျှက်ရှိသော ဆင်နာဂါ သည် လက်ရှိတွင် အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး သူ၏ တိုက်ခန်းအတွင်းသို့ အမျိုးသားငယ်များကို သွေးဆောင်ခေါ်ယူကာ မတရားပြုကျင့်ခြင်း ( သို့မဟုတ် ) လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ဆင်နာဂါ ၏ မတရားကျင့်ခြင်း၊ ထိပါးခြင်းများကို ကိုယ်တွေ့ကြုံခဲ့သူများမှာ ၁၉၅ ဦးအထိရှိနေပြီး အချိန်နှစ်နှစ်ခွဲအတွင်း ထိုမျှသော အမျိုးသားများကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းဖြစ်သည်။


Image Credit - the sun

များသောအားဖြင့် သူ၏ ဖျားယောင်းမှုပုံစံမှာ " သဘောကောင်းသော၊ စာနာတတ်သော " နိုင်ငံသားတစ်ဦးအသွင်ဖြစ်ပြီး ရည်ရွယ်ချက်ဖြင့်ကူညီလိုက်သော အမျိုးသားများကို သူနေထိုင်ရာတိုက်ခန်းသို့ ခေါ်ဆောင်သွားတတ်သည်။ တိုက်ခန်းပေါ်ရောက်သောအခါ ထိုအမျိုးသားများကို ဆေးခတ်ပြီးမှ မတရားပြုကျင့်ခြင်းဖြစ်သည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး ဝတ်လုံတော်ရ လက်ထောက်အစိုးရရှေ့နေဖြစ်သူ အီယန်ရက်ရှ်တန် က အင်္ဂလန်ဥပဒေသမိုင်းတစ်လျှောက် အမြန်ဆုံးနှင့်ကာယကံရှင်ပါဝင်မှုအများဆုံး မတရားမှုဖြစ်သည် ဟု မှတ်ချက်ပြုသည်။

လက်ရှိတွင် ဆင်နာဂါ သည် ကိုယ်ထိလက်ရောက်စွဲချက်အမှုပေါင်း ၁၅၉ မှုနှင့်ရင်ဆိုင်နေရပြီး ထိုအထဲမှ ၁၃၆ မှုမှာ မုဒိမ်းမှုဖြစ်သည်။ ထို့ပြင် ဆင်နာဂါ သည် သူ၏ ဖုန်းဖြင့် မတရားပြုကျင့်နေပုံများကို ဗွီဒီယိုရိုက်ကူးထားပြီး သားကောင်ဖြစ်ရသူ အမျိုးသား ၇၀ မည်သူမည်ဝါဖြစ်သည် ဆိုခြင်းကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့သည်။

လေးခါမြောက်ရုံးထုတ်အပြီး ဇန်နဝါရီ ၆ ရက်နေ့တွင် ဆင်နာဂါ ကို တရားရုံးမှ ထောင်ဒဏ်အနှစ် သုံးဆယ် ကျခံစေရန် အမိန့်ချခဲ့သည်။ ဆင်နာဂါအနေဖြင့် ထောင်ဒဏ်အနှစ်နှစ်ဆယ်အပါအဝင် နောက်ထပ်တစ်သက်တစ်ကျွန်းကျခံရန် သေချာသလောက်ဖြစ်နေပြီး ထောင်တွင်းလူမှုအကျိုးပြုဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း ပါဝင်လုပ်ကိုင်ရမည်ဖြစ်သည်။


Image Credit - the sun

ဆင်နာဂါ ၏ အမှုကို ပြီးခဲ့သော ၂၀၁၈ ကတည်းက စစ်ဆေးနေခဲ့ခြင်းဖြစ်ပြီး တရားရုံးကြားနာနေစဉ်ကာလများအတွင်းနောက်ဆက်တွဲအမှု ၄၈ ခုထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဆင်နာဂါကို မန်ချက်စတာရှိ အမြင့်ဆုံးတရားရုံးတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီး ဆူဇန်ဂေါ့ဒဒ် ( Judge Suzanne Goddard ) က " အန္တရာယ်အများဆုံး၊ အနှောင့်အယှက်အပေးဆုံး၊ အယုတ်မာဆုံးဖြစ်သောကြောင့် ထောင်မှမည်သည့်နည်းနှင့်မျှ ပြန်လွှတ်ရန်မဖြစ်နိုင် " ဟုဆိုကာ တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားသူကြီးအနေဖြင့် ဆင်နာဂါ သည်တစ်သက်တစ်ကျွန်းကျခံရန်ထိုက်တန်ပြီး ထိုအမှုသည် လူသတ်မှု၊ လူသေမှု မဟုတ်သော အမှုများထဲမှ ပထမဆုံး life sentence ( တစ်သက်တစ်ကျွန်း ) ကျခံစေရန် ချမှတ်သောအမှုလည်းဖြစ်သည် ဟု တရားခွင်တွင်ပြောဆိုသည်။

တရားခွင်တွင်ရှိနေစဉ်အချိန်အတွင်း ဆင်နာဂါ သည် အနက်ရောင်ဆွယ်တာ၊ ကိုင်းအမည်းနှင့်မျက်မှန်တို့ကို တပ်ဆင်ထားပြီး တရားသူကြီးမှတ်ချက်တိုင်းကို ဂရုမစိုက်သလိုဖြင့် သမ်းဝေပြနေခဲ့သည် ဟု The Guardian က ဖော်ပြသည်။ ထို့ပြင် စွဲချက်များဖတ်ပြရာတွင်လည်း ဆံပင်ကိုဆော့ကစားကာ ဟိုဒီကြည့်နေခဲ့သည်။ အမိန့်ချမှတ်သောအခါတွင်လည်း ဆင်နာဂါ ၏ အမူအယာမှာ အသက်မဲ့နေသော ပုံစံမျိုးသာရှိနေခဲ့သည်။


Image Credit - the guardian

ထွက်ဆိုချက်တစ်ချို့တွင် ဆင်နာဂါ ၏ အပြောအရ သူ၏ သားကောင်အတော်များများမှာ ယောကျာ်းချင်းလိင်တူဆက်ဆံရသည်ကို ပျော်မွေ့ကြသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ ဆင်နာဂါ အနေဖြင့် သူ၏ သားကောင်များကို အလိုတူအလိုပါ ဟုပြောချင်ပုံရသော်လည်း တရားရုံးမှ ထိုအဆိုကိုပယ်ချခဲ့သည်။

ဆင်နာဂါ၏ ဖုန်းဗွီဒီယိုမှတ်တမ်းများအရ တစ်ချို့အမျိုးသားများမှာ ( ဆေးအရှိန်ဖြင့် ) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသလို တစ်ချို့မှာ ဟောက်သံများပင်ထွက်နေခဲ့ကြသည်။ အမျိုးသားတစ်ယောက်မှာမူ မမေ့မျောခင် သူ၏ စီတီစကင်ရိုက်ထားသော ကလေးငယ်ပုံကို ဆင်နာဂါအားပြသရင်း စကားများပြောဆိုနေခဲ့သည်။

ဆင်နာဂါ သည် ပြီးခဲ့သော ၂၀၀၇ ခုနှစ်၊ သူ၏ အသက် ၂၄ နှစ်အရွယ်ကပင် အင်္ဂလန်သို့ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အသက်နှစ်ဆယ်အရွယ်များကပင် ဘွဲ့မရသေးသော၊ အထက်တန်းတက်နေဆဲဖြစ်သော ယောကျာ်းလေးများကို ပစ်မှတ်ထားလေ့ရှိသည်။ ဆင်နာဂါအနေဖြင့် ညဦးပိုင်းနှင့်ညနေပိုင်းများတွင် ကလပ်များ၊ ဘားများရှေ့တွင် ထိုင်နေလေ့ရှိပြီး အမျိုးသားငယ်များကို သွေးဆောင်လေ့ရှိသည်။

ဆင်နာဂါ ၏ ပစ်မှတ်အမျိုးသားအများစုမှာ ပုံမှန်ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားကြသော အမျိုးသားများဖြစ်ပြီး မိန်းကလေးအဖော်နှင့်ပြတ်လာသူ၊ အိမ်နှင့်အဆင်မပြေဖြစ်လာသူ၊ တစ်ယောက်တည်းနေပြီးအဆင်မပြေသူ ( ငွေကြေးအခက်အခဲရှိသူ )များဖြစ်ပြီး တစ်ခါတစ်ရံ နေထိုင်မကောင်းဖြစ်ပြီး ဒုက္ခရောက်နေသူများပါ ပါဝင်သည်ဟု သူက ထွက်ဆိုသည်။ ဆင်နာဂါ ၏ မက်ဆင်ဂျာ နှင့် chatbox မှတ်တမ်းများအရ သူသည် အမျိုးသားများနှင့်ဆက်ဆံနေပုံများကို အင်ဒိုနီးရှားရှိ သူငယ်ချင်းတစ်ချို့အားပေးပို့သည့်အပြင် ထိုအမျိုးသားများနှင့်ပတ်သက်ပြီးလည်း ညစ်ညစ်ညမ်းညမ်းပြောကြောင်းတွေ့ရှိရသည်။


( မန်ချက်စတာစီးတီးရှိ ဆင်နာဂါ နေထိုင်ရာတိုက်ခန်း - Image Credit - The Guardian )

မန်ချက်စတာရဲတပ်ဖွဲ့အနေဖြင့် ဆင်နာဂါ ၏ လုပ်ရပ်များကို ၂၀၁၇၊ ဇွန်လ ၂ ရက်နေ့က ဖုန်းမှတဆင့်သိရှိခဲ့ခြင်းဖြစ်ပြီး ထိုဖုန်းသာမခေါ်ခဲ့လျှင် ဆင်နာဂါ သည် ယနေ့အချိန်ထိ ထိုအမှုများကို ဆက်တိုက်ကျူးလွန်နေမည်ဟု ပြောဆိုသည်။

ဆင်နာဂါ အားဖမ်းဆီးပြီးနောက်ရဲများသည် အမျိုးသားညစ်ညမ်းပုံများ၊ စာသားများ၊ ဗွီဒီယိုများပါရှိသော အိုင်ဖုန်းနှစ်လုံး၊ မေ့မျောနေသော အမျိုးသားများအား ဆင်နာဂါ ကာမရယူနေပုံများပါရှိသော external harddrive တစ်လုံးကို သိမ်းဆည်းနိုင်ခဲ့သည်။ ထို device များထဲရှိ ဗွီဒီယို နှင့် ဓာတ်ပုံဖိုင်များမှာ 3.29 Terabyte ပမာဏရှိပြီး အနည်းဆုံး တစ်နာရီစာဒီဗွီဒီအချပ်ပေါင်း ၂၅၀ နှင့်ညီမျှသည်။

ဆင်နာဂါ ၏ နောက်ထပ်ထွက်ဆိုမှုအရ မေ့မျောနေသော အမျိုးသားများ ပြန်နိုးလာလျှင် ဆင်နာဂါ က ထိုသူအား မေ့မျောအောင်ထိုးကြိတ်ခြင်း၊ ဖုန်းကိုလွှင့်ပစ်ခြင်း၊ တွန်းလှဲခြင်းများပြုလုပ်ပြီး ထပ်မံမုဒိမ်းကျင့်လေ့ရှိသည်ဟု ဆိုသည်။ တစ်ချို့ကတော့ ပြန်နိုးလာသည်အထိ မတရားကျင့်ခံလိုက်ရမှန်းမသိကြချေ။ စုံစမ်းရေးအဖွဲ့များအနေဖြင့် မတရားကျင့်ရာတွင် ဆင်နာဂါ အသုံးပြုခဲ့သော မူးယစ်ဆေးများကို ရှာဖွေနေကြသော်လည်း ယခုအချိန်ထိ မတွေ့သေးချေ။ သို့သော် ကျွမ်းကျင်သူများက ဆင်နာဂါ အနေဖြင့် GHB ဟုခေါ်သော gamma-hydroxybutyric အမည်ရှိ လက်တွေ့ခန်းသုံး အက်ဆစ်တစ်မျိုးဖြစ်မည်ဟု ယူဆကြသည်။ GHB မှာ ကက်တမင်း၊ ကလိုရိုဖောင်း ကဲ့သို့ မေ့ဆေးများနှင့် အာနိသင်တူပြီး ၁ မီလီလီတာ အရည်တစ်စက်ထည့်လိုက်ရုံဖြင့် မေ့မျောသွားစေသောဆေးဖြစ်သည် ဟု ကျွမ်းကျင်သူများက The Guardian ကိုပြောသည်။


( စီစီတီဗွီမှတ်တမ်းမှရရှိခဲ့သော ဆင်နာဂါ၏ ပုံ - Image Credit - The Sun )

ဆင်နာဂါ ၏ လိင်ဆိုင်ရာကျုးလွန်မှုကို ခံရသူများမှာ ၁၉ နှစ်မှ ၃၂ နှစ်အတွင်းအမျိုးသားများဖြစ်ပြီး ကျုးလွန်ခံရသူများထဲမှ တစ်ချို့မှာ စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်မှုဖြစ်ပွားခဲ့သည်။ အမည်မဖော်လိုသော အမျိုးသားတစ်ဦးမှာ သူ၏ မိခင်ကြောင့်သာမဟုတ်လျှင် ၂၀၁၇ ကတည်းက သေကြောင်းကြံစည်ပြီးဖြစ်သည် ဟု The Guardian ကို ပြောကြားခဲ့သည်။ ထိုက်တန်သော ပြစ်ဒဏ်ကို ဆင်နာဂါ အနေဖြင့် ခံရတော့မည်ဖြစ်သော်လည်း သားကောင်ဖြစ်ရသူတို့၏ စိတ်ဒဏ်ရာမှာ သေရာပါသွားခဲ့ပြီဖြစ်သည်။

" ဒီအိပ်မက်ဆိုးကြီး မက်လိမ့်မယ်လို့ တစ်ခါမှမထင်ထားမိခဲ့ဘူး။ အခု ကျွန်တော့်ဘဝမှာ ဒီ့ထက်ဆိုးတဲ့ ဆိုးရွားမှုမရှိတော့ဘူးလို့ပဲခံစားရတယ်။ တကယ်တော့ ( အဲ့ဒီလူက ) ယုတ်မာပြီး ကြောက်ဖို့ကောင်းတဲ့ အသားစားမကောင်းဆိုးရွားတစ်ကောင်ပဲ " ဟု မျက်နှာကို mask ဖြင့်အုပ်ထားသော ကာယကံရှင်တစ်ဦးက ဆိုသည်။


TikiTiki

Source - https://www.theguardian.com/uk-news/2020/jan/06/reynhard-sinaga-jailed-life-drugging-raping-men-manchester

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။