ရေအလွန်အကျွံသောက်သုံးမှုကြောင့် အော်ဇီကုလားအုတ်ကောင်ရေ တစ်သောင်းကျော်ကို သုတ်သင်မည်

အထက်ပါသတင်းမှာ Dailymail.co.uk မှ တင်ထားခြင်းဖြစ်ပြီး Culling ( သုတ်သင်ရှင်းလင်းမှု ) ကို မနက်ဖြန်စတင်မည်ဟု ရေးသားထားသည်။

ဇန်နဝါရီ ၇၊ ၂၀၂၀၊ ကင်ဘာရာ၊ သြစတေးလျ။


Image Credit - AAPIMAGE

တောမီးအကြီးအကျယ်လောင်ကျွမ်းနေသော သြစတေးလျတောင်ပိုင်း ဒေသများတွင် နေထိုင်သော ကုလားအုတ်ကောင်ရေ တစ်သောင်းကျော် ကို သုတ်သင်ရန် အာဏာပိုင်များက စီစဉ်နေပြီဖြစ်သည်။

ကုလားအုတ်များမှာ မီးခိုးပြာနှင့် မြူများကြောင့် ရေအလွန်အမင်းငတ်နေကြပြီး ရေအိုင်များ၊ မြစ်များမှ ရေများကို မတန်တဆသောက်သုံးနေကြသောကြောင့် အရေးပေါ်ရေပြတ်တောက်ခြင်းမှရှောင်ရှားနိုင်ရန် ထိုအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုသုတ်သင်မှုကို သြစတေးလျတောင်ပိုင်း အဘော်ရီဂျင်အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ( AYP ) မှ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သုတ်သင်မှုကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ကုလားအုတ်များကို ပစ်ခတ်မည့်သူများမှာ ပရော်ဖက်ရှင်နယ်မုဆိုးများ၊ စစ်တပ်မှ လက်ဖြောင့်တပ်သားများဖြစ်ပြီး ဝေဟင်တွင်ပျံသန်းနေသော ဟယ်လီကော်ပတာများပေါ်မှ ပစ်ခတ်မည်ဖြစ်သည်။ သုတ်သင်ရေးမှာ အနည်းဆုံးငါးရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြပြီး ကုလားအုတ်များမှာ ရေအလွန်အမင်းငတ်သောကြောင့် လူနေအိမ်များထဲထိဝင်ရောက်ပြီး ရေများသောက်သုံးရာမှ ဒေသခံများက တိုင်ကြားလာခြင်းဖြစ်သည်။


Image Credit - Lloyd Thornton@Shutterstock

ကုလားအုတ်များသည် တစ်ခါသောက်လျှင်ရေကို ဂါလန်နှင့်ချီကာ သောက်သုံးနိုင်ပြီး အတိအကျဆိုရလျှင် သုံးမိနစ်အတွင်း ရေ ၂၀၀ လီတာ ( ၅၃ ဂါလံ ) ခန့်မရပ်မနားသောက်သုံးနိုင်သည်။ ထို့ပြင် ကုလားအုတ်များသည် ကျောကုန်းရှိ ဘို့ထဲတွင် ရေကို သိုလှောင်ထားနိုင်ပြီး အနည်းဆုံး ရေပမာဏ ၃၀ ဂါလံအထိ သိုလှောင်ထားနိုင်သည်။ ထို့ပြင် ကုလားအုတ်များရှိနေသော ဗစ်တိုးရီးယား နှင့် နယူးဆောက်ဝေးလ်စ် ဒေသများတွင် ရေပြတ်လပ်စပြုနေပြီလည်းဖြစ်သည်။

Feral Camel ဟု ခေါ်သော ကုလားအုတ်မျိုးစိတ်များသည် ၂၀၁၀ မှ ၂၀၂၀ ကာလ ( ဆယ်နှစ်အတွင်း ) အရေအတွက် နှစ်ဆအထိ တိုးတက်လာပြီး ကုလားအုတ်ကောင်ရေပေါက်ကွဲမှုကို မထိန်းချုပ်နိုင်လျှင် လာမည့် ၂၀၃၀ အတွင်း Feral Camel များမှာ သားပိုက်ကောင်များကဲ့သို့ သြစတေးလျလူဦးရေ၏ နှစ်ဆ ဖြစ်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။


Image Credit - AAPIMAGE

ကုလားအုတ်များသည် မီသိန်း ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၏ အဓိက တရားခံလည်းဖြစ်ပြီး နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ် နှင့် မီသိန်းဓာတ်ငွေ့ တစ်တန်ခန့်ကို ထုတ်လွှတ်နေကြောင်းလည်း ထိုအစီရင်ခံစာတွင်ပါရှိသည်။ ကုလားအုတ်များ၏ အဆိုပါဓာတ်ငွေ့ထုတ်လွှတ်မှုသည် ကားစီးရေပေါင်း လေးသိန်းကျော်မှ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် အတူတူဖြစ်သည် ဟု ထိုအစီရင်ခံစာကို ရေးသားသူ Tim Moore မှ Dailymail UK သို့ထပ်မံပြောကြားသည်။

သို့သော် သြစတေးလျ ပတ်ဝန်းကျင် နှင့် စွမ်းအင်ထိန်းသိမ်းရေးဌာန မှ ထိုအဆိုကို ငြင်းပယ်ထားပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု၏ ရင်းမြစ်တွင် တိရစ္ဆာန်များကို ထည့်သွင်းရန်မလိုဟု ငြင်းဆိုထားသည်။

ကုလားအုတ်များကို သုတ်သင်ရန် အဘော်ရီးဂျင်းအာဏာပိုင်များမှ ခွင့်ပြုပြီးဖြစ်သော်လည်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူအသိုင်းအဝိုင်းမှ တစ်စုံတစ်ရာမကြားရသေးခြင်းက ထူးခြားမှုတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သတင်းများအရ မနက်ဖြန်တွင် ကုလားအုတ် သုတ်သင်မှုကို စတင်တော့မည်ဖြစ်သည်။

TikiTiki

Source - https://www.dailymail.co.uk/news/article-7858237/More-10-000-Australian-camels-die-drink-water.html?fbclid=IwAR0mocS3udd4n4F2aL-oM-gJpDwEx_Z8N1OD1FVRrflHWDylWRJI5mIxj7o



TikiTiki

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။