သြစတြေးလျတောမီးဒဏ်ခံရတဲ့ သိုးတစ်အုပ်ကို ကူညီကယ်ဆယ်ပေးခဲ့တဲ့ ခွေးမလေး

သြစတြေးလျတောမီးလောင်ကျွမ်းမှုမှာ ရှေ့တန်းကနေ သက်စွန့်ဆံဖျားမီးငြိမ်းသတ်နေကြတဲ့ မီးသတ်သမား တွေရှိသလို လုပ်အားနဲ့ပါဝင်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ငွေကြေးလှူဒါန်းကြသူတွေလည်း ရှိပါတယ်။ အဲဒီလိုတောမီးဒဏ်ခံရသူတွေကို ကူညီကယ်ဆယ်ဖို့အတွက် ပါဝင်ကူညီကြသူတွေထဲမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်လာသူလေးလည်း ရှိပါတယ်။ သူကတော့ ခွေးမလေး Patsy ပဲ ဖြစ်ပါတယ်။


Photo Credit: Instagram, Cath Hill (patsythecorryongwonderdog)

Patsy ဟာ အသက် ၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သိုးထိန်းခွေးအမျိုးအစား ခွေးမလေးတစ်ကောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယား၊ Corryong ကျေးလက်မြို့မှာရှိတဲ့ မီးလောင်သွားတဲ့ မွေးမြူရေးခြံ တစ်ခြံထဲက သိုးတစ်အုပ်ကို သခင်ဖြစ်သူနဲ့အတူ ကူညီ ကယ်ဆယ်ပေးခဲ့တာပါ။ သူမရဲ့ သခင်ဖြစ်သူက မီးငြိမ်း သတ်နေချိန်မှာ သူမက သိုးတစ်အုပ်ကို လုံခြုံတဲ့နေရာ ဆီ ခေါ်ဆောင်သွားပေးခဲ့ပါတယ်။


Photo Credit: Instagram, Cath Hill (patsythecorryongwonderdog)

အခုဆိုရင် သိုးအုပ်ကြီးလည်း ဘေးကင်းရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီလို သိုးအုပ်တစ်အုပ်လုံးနီးပါး ကို ကယ်ဆယ်နိုင်ခဲ့တာဟာ Patsy နဲ့ သူမသခင်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ သူမသခင်ရဲ့ညီမ ဖြစ်သူ Cath Hill က မီးခိုးတွေဝေနေတဲ့ ကောင်းကင်နောက်ခံနဲ့အတူ ကယ်ဆယ်ခံခဲ့ရတဲ့ သိုးအုပ်နဲ့ ထိုင်နေတဲ့ Patsy တို့ရဲ့ ဓာတ်ပုံ ကို ရိုက်ယူခဲ့ပါတယ်။


Photo Credit: Instagram, Cath Hill (patsythecorryongwonderdog)

Cath Hill ကပဲ အဲဒီဓာတ်ပုံတွေနဲ့ သူရဲကောင်းခွေးမလေးအကြောင်းကို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ခွေးမလေး Patsy ကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။ Cath Hill ရဲ့ Post မှာ အခုဆိုရင် Patsy နဲ့ သူမတို့မိသားစုဟာ ယာမြေရှင်းလင်းရေးနဲ့ တခြားသူတွေကို ဝိုင်းဝန်းကူညီရေးလုပ်ငန်းတွေကြားမှာ အလုပ်များနေကြကြောင်းနဲ့အတူ၊ သြစတြေးလျတောမီးအတွက် ကူညီထောက်ပံ့ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၄ ရက်နေ့အထိ သိရှိရသလောက်ဆိုရင် ခွေးမလေး Patsy ရဲ့ သတင်းဟာ အွန်လိုင်းမှာ အတော်ပျံ့နှံ့သွားခဲ့ပြီး တောမီးအတွက် ကူညီထောက်ပံ့လိုသူတွေလည်း ပိုမိုများပြားလာပါတယ်။

Source: https://9gag.com/gag/aWEoe84?fbclid=IwAR3GBIeaq4-VdmaHRDcJzTi1pFS52DTzYV3PYa-tLRyuPkcQVi3ILAdKAGc

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။