ကြက်ဆူဆီသုံးပြီး ဖြေရှင်းနိုင်တဲ့ အလှအပဆိုင်ရာ ပြဿနာ (၉) ခု

ကြက်ဆူဆီဟာ အလှဘုရင်မကြီး ကလီယိုပါထရာရဲ့ အကြိုက်ဆုံး အလှကုန်တွေထဲက တစ်ခုပါ။ ရှေးအီဂျစ်တွေက ကြက်ဆူဆီကို သဘာဝကရတဲ့ အလှကုန်တစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ ဓာတုပစ္စည်းပါတဲ့ အလှကုန်တွေကို ရှောင်ချင်တယ်၊ အလှအပဆိုင်ရာ ပြဿနာတွေကို သဘာဝနည်းလမ်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင်ဖြင့် ကြက်ဆူဆီကို သုံးသင့်ပါတယ်နော်။ ကြက်ဆူဆီက ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲဆိုရင် -


၁) ဝက်ခြံနဲ့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်


အဆီပြန်လွန်းရင် ဝက်ခြံပေါက်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ ဝက်ခြံပျောက်ဆေးအများစုက အသားအရေကို ခြောက်သွေ့သွားစေပါတယ်။ အဲလိုခြောက်သွားတာက အဆီတွေ ပိုထွက်စေပါတယ်။ အဲလိုနဲ့ဝက်ခြံက မပျောက်နိုင် ဖြစ်နေပါလိမ့်မယ်။ ကြက်ဆူဆီမှာက အသားအရေကို ရေဓာတ်ပြည့်စေတဲ့ fatty acids ပါဝင်ပါတယ်။ မျက်နှာမှာ ကြက်ဆူဆီကို စက်ဝိုင်းပုံစံ အသာအယာ ပွတ်လိမ်းပါ။ ညဘက်လိမ်းအိပ်ပြီး မနက်မှာ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


၂) နေလောင်ဒဏ်နဲ့ အကြောပြတ်ရာ


ကြက်ဆူဆီက ဆဲသေတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ အပူလောင်ရာ၊ အမာရွတ်နဲ့ အကြောပြတ်ရာတွေကို ကုသနိုင်ပါတယ်။ ကြက်ဆူဆီမှာ SPF 6 လောက် ပါဝင်တဲ့အတွက် sunscreen တွေထည့်ပြီး အသုံးပြုလေ့ရှိပါတယ်။


၃) ဆံပင်ပြတ်ထွက်ခြင်း၊ ဆံပင်ကျွတ်ခြင်း


ကြက်ဆူဆီက ဆံသားကို အားဖြည့်ပေးပြီး သန်မာစေပါတယ်။ ဆံပင်ကို အရင်းကနေ သန်စွမ်းစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗောက်လည်း ပျောက်စေပါတယ်။ တစ်ပတ်မှာ ၃ကြိမ်(သို့)၄ကြိမ်လောက် ဦးရေပြားကို ကြက်ဆူဆီ လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ရှန်ပူနဲ့ ခေါင်းလျှော်လိုက်ပါ။


၄) အရေးအကြောင်း


အရေးအကြောင်းရှိတဲ့နေရာမှာ ကြက်ဆူဆီ တစ်စက်လောက်ချပြီး လိမ်းပေးပါ။ ကြက်ဆူဆီမှာ ကော်လာဂျင် ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ fatty acids ပါတဲ့အတွက် အသားအရေကို ရေဓာတ်ပြည့်စေပြီး နူးညံ့ချောမွတ်စေပါတယ်။


၅) နှုတ်ခမ်းခြောက်ခြင်း


ကြက်ဆူဆီအနည်းငယ်ကို နှုတ်ခမ်းမှာလိမ်းပါ။ ကြက်ဆူဆီမှာပါဝင်တဲ့ ဗီတာမင် အီး၊ သတ္တုဓာတ်၊ Fatty acid က နှုတ်ခမ်းကို အစိုဓာတ်ဖြည့်ပေးမှာပါ။ ကြက်ဆူဆီကို လက်ပေါ်တင်ပြီး နှုတ်ခမ်းမှာ သုတ်လိမ်းလိုက်ရုံပါပဲ။


၆) အသားအရေကြမ်းတမ်းခြင်း၊ ခြေဖနောင့်ကွဲခြင်း၊ အသားမာတက်ခြင်း


အထက်မှာပြောခဲ့သလို ကြက်ဆူဆီက ခြောက်သွေ့တဲ့နေရာတွေကို ရေဓာတ်ပြည့်ဝစေပါတယ်။ အသားမာနဲ့ ခြေဖနောင့်ကွဲခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ ကြက်ဆူဆီ စားပွဲတင်ဇွန်း တစ်စွန်းကို ရေနွေးနဲ့ရောပြီး အသားမာတက်နေတဲ့နေရာကို အရောထဲမှာ စိမ်လိုက်ပါ။ ကြက်ဆူဆီနဲ့ ရေနွေးအရောဟာ သဘာဝချောဆီတစ်မျိုးပါပဲ။


၇) လက်သည်းအားနည်းခြင်း


မှိုနဲ့ ဘက်တီးရီးယားကို ကာကွယ်နိုင်စွမ်းရှိတဲ့ ကြက်ဆူဆီကို ကျန်းမာတဲ့လက်သည်းရရှိဖို့ သုံးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ ကြက်ဆူဆီနဲ့လုပ်ထားတဲ့ လက်သည်းအားဆေးတွေရှိပေမယ့် ကြက်ဆူဆီကို တိုက်ရိုက်သုံးတာ ပိုကောင်းပါတယ်။ ကြက်ဆူဆီ အစက်အနည်းငယ်ကို လက်သည်းမှာ လိမ်းပါ။ ပြီးရင် လက်ကို ရေနွေးထဲစိမ်ပါ။ တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ် ပြုလုပ်ပါ။


၈) ခြောက်သွေ့ကွဲအက်သော လက်


ရာသီဥတုအေးလို့ လက်တွေခြောက်သွေ့ကွဲအက်နေတယ်ဆိုရင် ကြက်ဆူဆီသုံးပြီး အစိုဓာတ် ဖြည့်နိုင်ပါတယ်။ ဒါမှမဟုတ် ကြက်ဆူဆီကို မက်မွန်ဆီ၊ အုန်းဆီတို့နဲ့ ရောပြီး လိမ်းလို့လည်း ရပါတယ်။


၉) မျက်တောင်


ဆံပင်ကိုသန်မာစေတဲ့ ကြက်ဆူဆီဟာ မျက်တောင်အတွက်လည်း အသုံးဝင်ပါတယ်။ မျက်တောင်ကော့ဆေးလို သုံးပေးခြင်းဖြင့် မျက်တောင်တွေကို ရှည်လျားသန်မာစေပါတယ်။


ကြက်ဆူဆီသုံးပြီး ရလာတဲ့ရလဒ်ကို သင်သဘောကျမှာ အသေအချာပါပဲ။ ဒီဆောင်းပါးကို ဖတ်ပြီး သင့်ဘက်က အလှအပနဲ့ဆိုင်တဲ့ ကုန်ပစ္စည်းကောင်းတွေရှိရင် ပြောပြပေးလို့ ရပါတယ်နော်။


Ref; brightside


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။