ဖိလစ်ပိုင်နိုင်ငံ မီးတောင်ပေါက်ကွဲမှုကို နောက်ခံထားပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ

ဖိလစ်ပိုင် စုံတွဲတစ်တွဲဟာ ပေါက်ကွဲနေတဲ့ Taal မီးတောင်ကြီးကို အံတုပြီး မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ်။ မင်္ဂလာပွဲကျင်းပတဲ့နေရာကတော့ Cavite၊ Alfonso မြို့မှာရှိတဲ့ Savanna ခြံထဲမှာပါ။ အဲဒီနေရာဟာ မီးတောင်ပေါက်ကွဲတဲ့နေရာနဲ့ ၂၀ကီလိုမီတာပဲ ဝေးပါတယ်။ မင်္ဂလာပွဲကတော့ ဇန်နဝါရီလ ၁၂ရက်၊ နေ့လည် ၂နာရီလောက်မှာ စတင်ခဲ့ပါတယ်။


Taal မီးတောင်ကြီး မူမမှန်တာကို သတိထားမိခဲ့ကြပေမယ့် မင်္ဂလာပွဲကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အန္တရာယ်ကြား ဒီမင်္ဂလာပွဲကို ဖြစ်မြောက်အောင်လုပ်ခဲ့ပြီး အလှဆုံး ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။ ပေါက်ကွဲနေတဲ့ မီးတောင်ကြီးကို နောက်ခံထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ အရမ်းကောင်းမွန်သလောက် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရမှာပါပဲ။


ဒီစုံတွဲဟာ တွဲလာတာ ၈နှစ်သက်တမ်းရှိပြီဖြစ်ပြီး ရင်သွေး(၂)ယောက်လည်း ရှိနေပါပြီ။ ဒါကြောင့် ဒီမင်္ဂလာပွဲဟာ သူတို့အတွက် ထူးခြားပြီး အပျက်အစီးမခံနိုင်တဲ့ ပွဲလည်း ဖြစ်နေပါတယ်။ မင်္ဂလာစုံတွဲဟာ အကြီးအကျယ်ပေါက်ကွဲနေတဲ့ မီးတောင်ကြီးရဲ့ ရှေ့မှာပဲ ကျမ်းသစ္စာဆိုပြီး လက်ထပ်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေဟာလည်း ပွဲပြီးတဲ့အထိ ချီးမြှောက်ပေးခဲ့ကြပါတယ်။

မင်္ဂလာစုံတွဲကတော့ “ဒီမင်္ဂလာပွဲလေးဟာ ကျွန်တော်တို့အတွက် တကယ်ကို အမှတ်ရနေမယ့် ပွဲလေးပါပဲ” လို့ ပြောခဲ့ပါတယ်။ တော်တော်လည်း စွန့်စားတဲ့စုံတွဲလို့ ပြောရမယ်။ တစ်သက်မှာတစ်ခါ ကျင်းပရတာဆိုပေမယ့် အသက်အန္တရာယ်ထက် ဘာက ပိုအရေးကြီးအုံးမှာလဲနော်။ ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲမှာ အားလုံးဘေးကင်းခဲ့ကြတာပဲ ဝမ်းသာစရာဖြစ်နေပါပြီ။


Ref; worldofbuzz

Photo Credit; Randolf Evan Photography


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။