တားမြစ်ပိုးသတ်ဆေးကြောင့် ဘရာဇီးမှာ ၃လအတွင်း ပျားအကောင်ရေ သန်း၅၀၀ သေဆုံး

ပျားဆိုတာ ကမ္ဘာကြီးရဲ့ ဂေဟစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အရေးကြီးတဲ့နေရာက ပါဝင်နေတာပါ။ ပျားတွေကို ဆုံးရှုံးရတာဟာ ကမ္ဘာကြီးပျက်စီးလာတာနဲ့ အတူတူပါပဲ။ ပျားတွေဟာ ဝတ်မှုန်ကူးခြင်းအားဖြင့် စိုက်ပျိုးရေးကို အထောက်အကူပြုတဲ့ အဖိုးတန်တိရိစ္ဆာန်တွေပါ။ ကျွနု်ပ်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာရဲ့ သုံးပုံ တစ်ပုံဟာ ပျားတွေရဲ့အထောက်အကူနဲ့ ဖြစ်လာတာပါ။


အခုလိုမျိုး ဘရာဇီးက ပျားကောင်ရေ သန်း၅၀၀တောင် သေဆုံးနေရတယ်ဆိုတဲ့ သတင်းက ကျွနု်ပ်တို့ လူသားတွေအတွက် သတင်းဆိုးပါပဲ။ သေဆုံးသွားတဲ့ထဲကမှ ပျားကောင်ရေ သန်း ၄၀၀ဟာ ဘရာဇီးနိုင်ငံ၊ Rio Grande do Sul ခရိုင်မှာ တွေ့ခဲ့ရတာပါ။ ဒါဟာ အဲဒီဒေသမှာသုံးတဲ့ ပိုးသတ်ဆေးကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ပြစ်တင်ပြောဆိုထားပါတယ်။


သူတို့သုံးတဲ့ ပိုးသတ်ဆေးထဲမှာ neonicotinoids နဲ့fipronil တွေ ပါနေပါတယ်။ အဲဒီပါဝင်ပစ္စည်းတွေဟာ ဥရောပနိုင်ငံမှာ Ban ထားတာပါ။ ဒါကိုမသိဘဲ ဘရာဇီးမှာ အသုံးပြုခဲ့ပုံရပါတယ်။ အဲဒီပါဝင်ပစ္စည်းနှစ်မျိုးဟာ ပျားတွေသေရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ လေ့လာသူတွေက အခိုင်အမာဆိုခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပိုးသတ်ဆေးအသုံးပြုနှုန်း တော်တော်လေး မြင့်တက်ခဲ့ပြီး ပျားသေဆုံးမှု အရေအတွက်လည်း မြင့်တက်ခဲ့တယ်လို့ အစိုးရက အတည်ပြုထားပါတယ်။



“ပျားတွေသာ ကမ္ဘာကြီးကနေ လုံးဝ မျိုးသုဉ်းပျောက်ကွယ်သွားရင် လူသားတွေဟာ နောက်ထပ် ၄နှစ်ပဲ အသက်ဆက်ရှင်နိုင်မှာပါ” လို့ အဲလ်ဘာ့ အိုင်းစတိုင်းက ပြောခဲ့ပါတယ်။ လူတွေဟာ ကိုယ်အကျိုးအမြတ်ရဖို့ ကိုယ်နေထိုင်တဲ့ကမ္ဘာကို ကိုယ်တိုင် ဖျက်ဆီးနေကြဆဲပါပဲ။ လူအချင်းချင်း အစာအဆိပ်သင့်စေတယ်၊ လူတွေကနေ တိရိစ္ဆာန်တွေကို အဆိပ်သင့်စေတယ်၊ ရေထုလေထုတွေ ညစ်ညမ်းစေတယ်။ ဘယ်တော့များမှ လောဘတွေ အတောသတ်နိုင်ကြမလဲ မသိတော့ပါဘူး။


Ref; auxx.me


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။