Marvel ရဲ့ “Morbius” စူပါဟီးရိုးရုပ်ရှင်သစ်အတွက် ဇာတ်လမ်းနမူနာထွက်ရှိ

Marvel Comics ဇာတ်ကောင်တစ်ခုအဖြစ် လူသိများခဲ့တဲ့ Morbuis ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်း ထားတဲ့ ရုပ်ရှင်သစ်အတွက် ဇာတ်လမ်းနမူနာထွက်ရှိလာပါပြီ။ အဲဒီရုပ်ရှင်သစ်ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၁ မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။


Photo Credit: MCU cosmic

Morbius ဟာလည်း Venom လိုပဲ Spider-Man ဇာတ်ကောင်နဲ့ ဆက်စပ်နေတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ The Living Vampire လို့ သိကြတဲ့ Morbius ဟာ ၁၉၇၁ ခုနှစ်က The Amazing Spider-Man comics မှာ ပထမဆုံးအနေနဲ့ ပါဝင်ခဲ့ပြီး Spider-Man ထဲက ဗီလိန်ဇာတ်ကောင်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။


Photo Credit: Sony Pictures, Pinterest

Morbius ဆိုတာ Vampire (သွေးစုပ်ကောင်) တစ်ယောက်ဖြစ်ပေမဲ့ ပုံမှန်ကြားဖူးနေကျအတိုင်း အကိုက်ခံရ ပြီးမှ ဗန်ပိုင်းယား ဖြစ်လာတာတော့ မဟုတ်ဘဲ သိပ္ပံစမ်းသပ်ချက်ရဲ့ မှားယွင်းမှုတစ်ခုကြောင့် ဖြစ်လာရသူပါ။ သူဟာ ရှားပါးတဲ့ သွေးရောဂါ တစ်ခုကို ခံစားနေရတဲ့ ဇီဝဗေဒ ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရောဂါကိုကုသဖို့ သွေးစုပ်လင်းနို့ရဲ့ DNA နဲ့ သူ့ကိုကုသဖို့ ကြိုးစားခဲ့ပေမဲ့ မှားယွင်းမှုဖြစ်ပြီး မထင်မှတ်ဘဲ Vampire ဖြစ်လာခဲ့ပါ တယ်။


Photo Credit: Sony Pictures

အခုနမူနာထွက်ရှိလာတဲ့ Morbius ရုပ်ရှင်ကို Columbia Pictures နဲ့ Marvel Entertainment တို့က ပူးပေါင်းထုတ်လုပ် ထားတာဖြစ်ပြီး Sony Pictures ကနေ ဖြန့်ချိပေးသွားမှာပါ။ Marvel နဲ့ Sony ရဲ့ပူးပေါင်းမှု အသစ်ဖြစ်တဲ့ Morbius ရုပ်ရှင်ကို ဒါရိုက်တာ Daniel Espinosa က ပုံဖော်ရိုက်ကူးထားပြီး အမေရိကန်မင်းသား Jared Leto က အဓိကဇာတ်ကောင် Michael Morbius အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သူနဲ့အတူ Matt Smith, Adria Arjona, Jared Harris, Al Madrigal နဲ့ Tyrese Gibson တို့လည်း ပါဝင်ထားပါတယ်။


Photo Credit: Pinterest

Morbius ရုပ်ရှင်သစ်ဟာ အရင်နှစ်ကထွက်ရှိခဲ့တဲ့ “Spider-Man: Far From Home” ရဲ့ နောက်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ခန့်မှန်းရပြီး တစ်နည်းတစ်ဖုံး ဆက်စပ်မှုတွေလည်း ပါဝင်လာနိုင်ပါတယ်။ အကြောင်းက အခုထွက်လာတဲ့ trailer ထဲမှာ နံရံ တစ်ခုပေါ်မှာ ကပ်ထားတဲ့ Spider-Man ပိုစတာပေါ်မှာ Murderer (လူသတ်ကောင်) လို့ စာရေးထားပုံ ပါဝင်လာတာ ကြောင့်ပါပဲ။


Photo Credit: Sony Pictures

အသက် ၄၈ နှစ်အရွယ် နာမည်ကျော်အမေရိကန်မင်းသားကြီး Jared Leto ဟာ ၂၀၁၆ ခုနှစ်တုန်းက DC က ရိုက်ကူးခဲ့တဲ့ Suicide Squad မှာ Joker ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုဆိုရင် Marvel ဆီ ရောက်ရှိလာပြီဖြစ်တဲ့ Jared Leto ဟာ နောင်တစ်ချိန်မှာ Marvel နဲ့ အခုထက်ပိုတဲ့ ပူးပေါင်းမှုတွေ ရှိလာနိုင်မယ်လို့လည်း ခန့်မှန်းရပါတယ်။


Source: https://www.cnet.com/news/morbius-trailer-really-wants-to-connect-with-marvels-spider-man/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။