ကမ္ဘာ့အဆိုးဆုံးကြောင်အဖြစ် နာမည်တပ်ခံရတဲ့ ကြောင်မလေးကို မွေးစားမယ့်သူ ရှာဖွေနေ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာတစ်ခု ဖြစ်တဲ့ Mitchell County Animal Rescue ဟာ သူတို့စောင့်ရှောက်ထားတဲ့ ကြောင်တစ်ကောင်ကို မွေးစားနိုင်ကြောင်း ကြော်ငြာကို Facebook လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီကြော်ငြာမှာ ကြောင်လေးရဲ့ ဆိုးရွားတဲ့အချက်တွေကို ထည့်သွင်းဖော်ပြထားပြီး ကမ္ဘာ့အဆိုးဆုံးကြောင်အဖြစ်လည်း ခေါ်ဝေါ် ညွှန်းဆိုထားပါတယ်။


Photo Credit: Mitchell County Animal Rescue

ကမ္ဘာ့အဆိုးဆုံးကြောင် (World’s Worst Cat) အဖြစ် သမုတ်ခံလိုက်ရသူကတော့ Sullen ကြောင်အမျိုးအစား  Perdita လို့ နာမည်ရတဲ့ အသက် ၄ နှစ်အရွယ် ကြောင်မလေး ဖြစ်ပါတယ်။ ကြောင်လေးရဲ့ခန္ဓာကိုယ်ဟာ အဖြူနဲ့အမဲရောင် စပ်ကြားလေးဖြစ်ပါတယ်။ အဲဒီကြောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ ဂေဟာကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂေဟာမှာ လုံးဝကိုဗိုလ်ကျစိုးမိုးခဲ့တယ်လို့ ဂေဟာဝန်ထမ်းတွေက ဆိုပါတယ်။


Photo Credit: Mitchell County Animal Rescue

အဲဒီ Shelter ရဲ့ ဒါရိုက်တာဖြစ်သူ Amber Lowery ရဲ့အဆိုအရတော့ ဂေဟာဝန်ထမ်းတွေဟာ ပထမတော့ ကြောင်လေးဟာ နေမကောင်းတာကြောင့် ကြောင်နာကျနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားတဲ့အခါမှာတော့ ထင်တဲ့အတိုင်းမဟုတ်ဘဲ ကြောင်ကိုက ဆိုးတာဖြစ် ကြောင်း ဆရာဝန်က ပြောခဲ့ပါတယ်။


Photo Credit: Mitchell County Animal Rescue

Perdita လေးကို မွေးစားဖို့ ကြော်ငြာမှာတော့ ပန်းရောင်တွေ၊ ကြောက်ပေါက်စလေးတွေ၊ ခွေးတွေ၊ ကလေးတွေ၊ ဒစ်စနေး ရုပ်ရှင်တွေ၊ ခရစ္စမတ်နဲ့ ပွေ့ဖက်ခြင်းကို မကြိုက်တဲ့၊ အမြဲကုပ်ခြစ်ရာတွေ ပေးမယ့်၊ မှောင်တဲ့ ထောင့်မှာ နေနေတတ်တဲ့၊ ဗိုလ်ကျစိုးမိုးတတ်တဲ့၊ နေမကောင်းချင်ယောင်ဆောင်တတ်တဲ့ အချေတလိုင်းနဲ့ ချစ်စရာကြောင်လေးကို လိုချင်ရင်တော့ Perdita က အသင့်တော်ဆုံးပါပဲလို့ အဓိပ္ပါယ်ရတဲ့ စာသားတွေကို ရေးသားဖော်ပြထားပါတယ်။


Photo Credit: Buzz Feed

ဒါ့ပြင် Mitchell County Animal Rescue ဂေဟာဟာ Facebook မှာ Perdita လေးရဲ့ ဓာတ်ပုံကို တင်ပြီး ကမ္ဘာ့အဆိုးဆုံးကြောင်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ မွေးစားဖို့ ကြော်ငြာတဲ့စာမှာလည်း Perdita ဟာ အသည်းနု သူတွေ၊ သွေးကြောင်သူတွေအတွက် မဟုတ်ဘူးလို့ သဘောရတဲ့ စာသားကိုလည်း ဖော်ပြထားပါတယ်။ ဆိုလိုချင်တာကတော့ တော်ရုံသည်းခံတတ်ရုံနဲ့ Perdita ကို မွေးစားလို့မရဘူးဆိုတဲ့ သဘောပါပဲ။

Photo Credit: Daily Mail

Perdita လေးကို အလကားမွေးစားနိုင်ကြောင်း ကြော်ငြာထားတဲ့ post အောက်မှာ ဆိုရှယ်မီဒီယာသုံးစွဲသူများစွာက မှတ်ချက် တွေရေးသားခဲ့ကြပါတယ်။ တချို့ကလည်း ကမ္ဘာ့အဆိုးဆုံးကြောင်အဖြစ် ခေါင်းစဉ်တပ်တာ နဲ့ ပတ်သက်လို့ ဝေဖန်ထားကြ ပါတယ်။


Photo Credit: Mitchell County Animal Rescue

Source: https://www.buzzfeed.com/pablovaldivia/shelter-cat-jerk-perdita

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။