
Coronavirus ကာကွယ်ဆေး စမ်းသပ်မှုအတွက် လှူဒါန်းခဲ့ကြတဲ့ ဂျက်မား၊ ဘီလ်ဂိတ်နဲ့ ဘီလျံနာများ
အခုလတ်တလော တရုတ်နိုင်ငံကနေစတင်ပြီး နိုင်ငံတကာမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကူးစက်မြန် Coronavirus ရောဂါ ကူးစက် ခံရသူဦးရေဟာ တဖြည်းဖြည်း တိုးပွားလာပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ကာကွယ်ဖို့ အတွက် နိုင်ငံတကာက သတိထားကြိုးပမ်းနေကြပါတယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်စေဖို့ အကြီးမားဆုံး မျှော်လင့်ချက်တစ်ခုကတော့ Coronavirus အတွက် ဆေးစမ်းသပ်ရှာဖွေခြင်းပါပဲ။
Image Credit: Getty Image
Coronavirus အတွက် ဆေးစမ်းသပ်ရှာဖွေမှုပြုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မှုရှိစေဖို့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက သူဌေးကြီးတွေဟာ ငွေအားဖြင့် ပံ့ပိုးကူညီခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အချမ်းသာဆုံးသူ ဖြစ်တဲ့ Alibaba လုပ်ငန်းရှင် Jack Ma ဟာ coronavirus ကာကွယ်ဆေးကို စမ်းသပ်ရှာဖွေရာမှာ အထောက် အကူရစေဖို့ ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄.၄ သန်း) ကို လှူဒါန်းကူညီပေးခဲ့ပါတယ်။
Image Credit: Pinterest
Jack Ma Foundation ရဲ့ အဆိုအရ အသက် ၅၅ နှစ်အရွယ် ဘီလျံနာသူဌေးကြီးဟာ တရုတ်အစိုးရပိုင် သုတေသန အဖွဲ့အစည်းနှစ်ခုအတွက်လည်း ယွမ်သန်း ၄၀ (ဒေါ်လာ ၅.၈ သန်း) ထပ်မံလှူဒါန်သွားဖို့လည်း လျာထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေးကြီး Bill Gates ရဲ့ Bill and Melinda Gates Foundation ကလည်း ကာကွယ်ဆေးစမ်းသပ်ဖော်ထုတ်ရာမှာ ကူညီဖို့အတွက် ဒေါ်လာ ၁၀ သန်း လှူဒါန်းထားပါတယ်။
Image Credit: Pinterest
ကမ္ဘာ့ တတိယမြောက်အချမ်းသာဆုံး ပြင်သစ်ဘီလျံနာသူဌေးကြီး Bernard Arnault ရဲ့ ကမ္ဘာကျော် Luxury ဖက်ရှင် အမှတ်တံဆိပ် LVMH ကလည်း ငွေကြေးလှူဒါန်းခဲ့ပါတယ်။ iPhone တွေ ထုတ်လုပ်ရာ Apple ကုမ္ပဏီရဲ့ CEO Tim Cook ကလည်း ကုမ္ပဏီအနေနဲ့ အဲဒီအရေးကိစ္စအတွက် ထည့်ဝင်လှူဒါန်းမယ့်အကြောင်း Twitter စာမျက်နှာကနေတဆင့် ကြေညာခဲ့ပါတယ်။
Image Credit: Macau Business
ဒါ့ပြင် Huawei စမတ်ဖုန်းကုမ္ပဏီ၊ Tencent Holdings e-commerce ကုမ္ပဏီ၊ TikTok ပိုင်ရှင် ByteDance၊ DiDi ride-hailing လုပ်ငန်း၊ Baidu search engine လုပ်ငန်း၊ Meituan-Dianping အစားအသောက်ပို့ဆောင် ရေးလုပ်ငန်းနဲ့ တခြားသော တရုတ်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းတွေကလည်း Coronavirus အတွက် ကာကွယ်ရေးစမ်းသပ်ဖော်စပ်ရေးအတွက် ငွေကြေးထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။