မကြာခင်ကြည့်ရတော့မယ့် လီမင်ဟိုရဲ့ဇာတ်လမ်းတွဲသစ် The King: Eternal Monarch

ပရိသတ်အချစ်တော် တောင်ကိုရီးယားမင်းသားချော လီမင်ဟို (Lee Min-ho) ရဲ့ fan တွေအတွက် ဝမ်းသာ စရာ သတင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ လီမင်ဟိုရဲ့ ဒရမ်မာဇာတ်လမ်းတွဲသစ်ကို မကြာခင်လပိုင်းအတွင်း မှာ ကြည့်ရှုကြရတော့မယ် ဆိုတာပါပဲ။


Image Credit: Pinterest

အခုနှစ်အတွင်းမှာ ကြည့်ရှုကြရတော့မယ့် လီမင်ဟိုရဲ့ ဇာတ်လမ်းတွဲအသစ်ကတော့ “The King: Eternal Monarch” လို့ နာမည်ရပါတယ်။ အဲဒီဇာတ်လမ်းမှာ Goblin ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကို ရရှိခဲ့တဲ့ တောင် ကိုရီးယားမင်းသမီးချောလေး ကင်မ်ဂိုအွန်း (Kim Go-eun) က လီမင်ဟိုနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါ တယ်။


Image Credit: Pinterest

လီမင်ဟိုဟာ ၂၀၁၇ ခုနှစ်မှာ စစ်မှုထမ်းခဲ့ရတာကြောင့် ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဝေးကွာနေခဲ့တာ ကြာပါပြီ။ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာတော့ သူရဲ့ စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့တာကြောင့် သူ့ရဲ့ ဇာတ်လမ်းတွေကို ပြန်လည် တောင့်တနေတဲ့ ပရိသတ်တွေအတွက် ဆန္ဒပြည့်ဝတော့မှာ ဖြစ်ပါတယ်။


Image Credit: Pinterest

၂၀၀၉ ခုနှစ်က F4 လို့ သိကြတဲ့ Boys Over Flowers ဇာတ်လမ်းနဲ့ နာမည်ကျော်လူသိများလာတဲ့ လီမင်ဟိုဟာ အခုလက်ရှိ အချိန်အထိ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်နေ ဆဲပါ။ သူခေါင်းဆောင်ပါဝင် ထားတဲ့ City Hunter, The Heirs ဇာတ်လမ်းတွဲတွေနဲ့လည်း နိုင်ငံတကာပရိသတ် တွေ ရရှိထားပါတယ်။ ၂၀၁၆ ခုနှစ် တုန်းကလည်း နာမည်ကျော်မင်းသမီး Jun Ji-hyun နဲ့ တွဲဖက် သရုပ်ဆောင် ထားတဲ့ သူရဲ့ “Legend of the Blue Sea” ဇာတ်လမ်းတွဲဟာလည်း လူကြိုက်များခဲ့ပါတယ်။


Image Credit: Pinterest

တောင်ကိုရီးယားရဲ့ နာမည်ကျော်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SBS ကနေ မကြာခင်ထုတ်လွှင့်ပြသမယ့် The King: Eternal Monarch ဇာတ်လမ်းတွဲကတော့ လီမင်ဟိုအတွက် စစ်မှုထမ်းရာက ပြန်လာပြီးမှ ရိုက်ကူးခဲ့တဲ့ ပထဆုံး ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
The King: Eternal Monarch ဇာတ်လမ်းတွဲဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ ဘုရင်ခေတ်ကို ပုံဖော်ရိုက်ကူးထား တာ ဖြစ်ပါတယ်။

Image Credit: Pinterest

အဲဒီဇာတ်လမ်းမှာ လီမင်ဟိုက ကိုရီးယားအင်ပါယာဘုရင် Lee Gon အဖြစ် ခေါင်းဆောင် ပါဝင်ထားပြီး မင်းသမီးချောလေး ကင်မ်ဂိုအွန်းကတော့ သူမချစ်တဲ့သူတွေနဲ့အတူ လူအများကို ကာကွယ်ပေး မယ့် detective Jung Tae-eul အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်နဲ့အတူ Woo Do-hwan, Kim Kyung-nam နဲ့ Jung Eun-chae တို့လည်း အားဖြည့်ပါဝင်ထားပါတယ်။


Image Credit: Pinterest

The King: Eternal Monarch ဇာတ်လမ်းကို တောင်ကိုရီးယားရဲ့ နာမည်ကျော်ဇာတ်ညွှန်းရေးဆရာမ Kim Eun-sook က ဇာတ်ညွှန်းရေးသားပေးထားတာပါ။ Kim Eun-sook ဟာ Secret Garden, The Heirs, Descendants of the Sun နဲ့ Guardian: The Lonely and Great God (Goblin) တို့လို နာမည်ကျော် ဇာတ်လမ်းတွဲတွေကို ဇာတ်ညွှန်းရေးသားပေးခဲ့သူလည်း ဖြစ်ပါတယ်။


Image Credit: Twitter

အဲဒါကြောင့် ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောလီမင်ဟိုနဲ့ မင်းသမီးချောလေးကင်မ်ဂိုအွန်းတို့ ခေါင်းဆောင် ပါဝင်ပြီး ဆရာမ Kim Eun-sook ဇာတ်ညွှန်းရေးသားထားတဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲသစ်ဟာ ပရိသတ်တွေကြားထဲမှာ ဟိုးလေးတကျော်ရေပန်းစားလာဦးမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Katie Scarlett
We Media
Source: Wikipedia/ The King: Eternal Monarch

Original Link: https://en.wikipedia.org/wiki/The_King:_Eternal_Monarch




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။