Coronavirus အတွက် ရှေ့တန်းကတာဝန်ထမ်းနေသည့် လူငယ်ဆရာဝန် နှလုံးရပ်သေဆုံး

Coronavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ရောဂါကူးစက်ခံထားရသူများကို  ရှေ့တန်းမှ နေ၍ ကုသပေးနေသည့် ဆရာဝန်တစ်ယောက်သည် မနေမနားအလုပ်လုပ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါသတင်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် Daily Mail သတင်းဌာနမှ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။


(ဒေသတွင်းအာဏာပိုင်များက ဖော်ပြထားသည့် သေဆုံးသူဆရာဝန်လူငယ် Song Yingjie ၏ဓာတ်ပုံကို တွေ့မြင်ရစဉ်၊ ဖေဖေါ်ဝါရီ ၅ ရက်၊ ဓာတ်ပုံ - Hengyang Government/ Xiaoxiang Morning Post/ Weibo)

ဒေသတွင်းအာဏာပိုင်များ၏ အဆိုအရ အသက် ၂၇ အရွယ်သာ ရှိသေးသည့် Song Yingjie အမည်ရှိ အဆိုပါ ဆရာဝန်သည် Coronavirus စတင်ဖြစ်ပွားရာ Hubei ပြည်နယ်အနီးတွင်ရှိသည့် Hunan နယ်မှ ဒေသတွင်း ဆေးပေးခန်းတစ်ခုတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အဆိုပါဆရာဝန်သည် Coronavirus တိုက်ဖျက်ရေးအတွက် ရှေ့တန်းတွင် ၁၀ ကြာ မနေမနားတာဝန်ထမ်းဆောင်ပြီးနောက်တွင် ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


(ဖြတ်သန်းသွားလာနေသည့် ကားမောင်းသမားများနှင့် ခရီးသည်များကို အပူချိန်စစ်ဆေးရန် တာဝန်ကျခဲ့သည့် သေဆုံးသူ ဆရာဝန်လူငယ်ကို လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့ရစဉ်၊ ဖေဖေါ်ဝါရီ ၅ ရက်၊ ဓာတ်ပုံ - Hengyang Government/ Xiaoxiang Morning Post/ Weibo)

Song Yingjie သည် သက်ဆိုင်ရာဒေသရှိ ကားလမ်းမကြီးတစ်ခုတွင် ဖြတ်သန်းသွားလာနေသော ကားမောင်း သမားများနှင့် ခရီးသည်များကို အပူချိန်စစ်ဆေးရန်အတွက် တာဝန်ကျနေသူဖြစ်သည်။ သူသည် အဆိုပါတာဝန် ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက စတင်ထမ်းဆောင်ခဲ့ပြီး မနေမနား အလုပ်လုပ်ခဲ့သည်ဟုလည်း သိရသည်။

တရုတ်နိုင်ငံ၊ Hengshan စီရင်စု၊ Kaiyun မြို့သား တစ်ယောက် ဖြစ်သည့် Mr Song သည် တာဝန် ထမ်းဆောင်ပြီးချိန်တွင် သူ၏အိပ်ခန်းနားနေဆောင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ယခုကဲ့သို့ ရုတ်တရက်နှလုံးရပ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။


(တရုတ်နိုင်ငံ၊ Hubei စီရင်စု၊ ဝူဟန်မြို့ရှိ Wuhan University ဆွေးရုံ Zhongnan တွင် coronavirus ကူးစက်ခံနေရသည့် လူနာများကို ပြုစုကုသပေးနေသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တွေ့မြင်ရစဉ်၊ ဇန်နဝါရီ ၂၈ ရက်၊ ဓာတ်ပုံ - Reuters)

Mr Song ၏ အစ်မဖြစ်သူသည်လည်း ယခုလက်ရှိ ဝူဟန်မြို့တွင် ပိတ်မိနေပြီး နေအိမ်သို့ ပြန်မလာနိုင် ဖြစ်နေခဲ့သည်။ သူ၏ဖခင်ဖြစ်သူက “သမီးဖြစ်သူက ဝူဟန်မှာရောက်ရှိနေပြီး ပြန်မလာနိုင်သေးကြောင်း၊ သားဖြစ်သူ လည်း သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း” ဒေသတွင်းသတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် The Paper သို့ ပူဆွေး ဝမ်းနည်းစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် coronavirus ကူးစက်မြန်ရောဂါသည် အခုလက်ရှိတွင် နိုင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီး စုစုပေါင်းကူးစက်ခံရသူ ၂၈၂၇၆ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာလည်း ၅၆၆ ဦးအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံတစ်ခုတည်းမှာတင် ကူးစက်ခံရသူ ၂၈၀၁၈ ဦး ရှိပြီး သေဆုံးသူအရေအတွက် မှာ ၅၆၃ ဦး အထိ ရှိလာခဲ့သည်။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-7970475/Coronavirus-doctor-27-drops-dead-working-10-straight-days.html?fbclid=IwAR05mxAvp9zS2nDgqoFXG-THbhtrHGsJUXZvku_0KbNBtnvr_O1yp3GG83A

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။