အသက် ၁၀၃ နှစ်အရွယ် နာမည်ကျော် Spartacus မင်းသားကြီး Kirk Douglas ကွယ်လွန်

နာမည်ကျော်အထင်ကရ ဟောလိဝုဒ်မင်းသားကြီးတစ်လက် ဖြစ်တဲ့ Kirk Douglas ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ မနေ့က ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေါက်ဂလပ်စ် ကွယ်လွန် ချိန်မှာ အသက် ၁၀၃ နှစ်အရွယ် ရှိနေပါပြီ။


Image Credit: Pinterest

၁၉၆၀ ပြည့်နှစ်က နာမည်ကျော် Spartacus ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသားကြီးအဖြစ် လူသိများတဲ့ ကာ့ခ်ဒေါက်ကလပ်စ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်မှာရှိတဲ့ သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ လင်မယားသက်တမ်း ၆၅ နှစ် ရှိပြီဖြစ်တဲ့ အသက် ၁၀၀ အရွယ် ဇနီးသည် Anne Buydens နဲ့ သားသုံးယောက် ကျန်နေခဲ့ပါတယ်။


(Kirk Douglas ကို ဇနီးဖြစ်သူနှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ - wire image)


Image Credit: Pinterest

ကာ့ခ်လိုပဲ ရုပ်ရှင်လောကသားတစ်ယောက်ဖြစ်သူ သားဖြစ်သူ မိုက်ကယ်ဒေါက်ဂလပ်စ်က သူ့ဖခင်ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး သူတို့ညီအစ်ကိုတွေအနေနဲ့ ဖခင်ဖြစ်သူ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြေညာလိုက်ရတာ အင်မတန်ဝမ်းနည်းပူဆွေးရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကာ့ခ်ရဲ့သားကြီး ဖြစ်သူ မိုက်ကယ်ဒေါက်ဂလပ်စ်ဟာ နာမည်ကျော်မင်းသမီးချော ကတ်သရင်းဇီတာဂျုံးစ်ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။

(Kirk Douglas ကို သားကြီးဖြစ်သူ Michael Douglas နှင့် ချွေးမဖြစ်သူ Catherine Zeta-Jones တို့နှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ - ABC7 Chicago)

ဟောလိဝုဒ်ရုပ်ရှင်ရွှေခေတ်ကတည်းက ရုပ်ရှင်သူရဲကောင်းမင်းသားကြီးတစ်လက်ဖြစ်ခဲ့တဲ့ ကာ့ခ်ဟာ ၁၉၉၆ ခုနှစ် လောက် ကတည်းက လေဖြတ်တဲ့ဝေဒနာကို ခံစားခဲ့ရတာပါ။ အဲဒီရောဂါကြောင့် စကားပြောရာမှာ အာလေးလျှာလေးဖြစ်ခဲ့သလို မျက်နှာကြောတွေလည်း သေသွားခဲ့ရပါတယ်။


Image Credit: Pinterest

ကာ့ခ်ဟာ နှစ်ပေါင်း ၆၀ လောက် ကြာမြင့်ခဲ့တဲ့ သူ့ရဲ့အနုပညာသက်တမ်းမှာ ရုပ်ရှင်ဇာတ်လမ်းပေါင်း ၉၀ ကျော် ရိုက်ကူး ခဲ့ရပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်ကာလတွေမှာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Spartacus နဲ့ The Vikings ရုပ်ရှင်တွေဟာ သူ့ကို ကမ္ဘာကျော်စေခဲ့ပြီး ဝင်ငွေအကောင်းဆုံးထိပ်တန်းမင်းသားတွေထဲမှာ လည်း ပါဝင်စေခဲ့ပါတယ်။

Image Credit: The Wrap

Image Credit: Pinterest

သရုပ်ဆောင်ပညာမှာ ကျွမ်းကျင်ပြီး နာမည်ကျော်ခဲ့တဲ့ ကာ့ခ်ဟာ အကယ်ဒမီ (အော်စကာ) ဆု ဆန်ခါတင်စာရင်းတွေ ဝင်ခဲ့ဖူးပေမဲ့ တစ်ခါမျှ အကယ်ဒမီဆု မရခဲ့ဖူးပါဘူး။ ဒါပေမဲ့ ရွှေကမ္ဘာလုံးဆုအပါအဝင် တခြား အသိအမှတ်ပြုဆုပေါင်း များစွာကိုတော့ ရရှိခဲ့ဖူးပါတယ်။ ဒါ့ပြင် ၁၉၉၆ ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲမှာတော့ ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖန်တီးအားစိုက်ထုတ်ခဲ့တဲ့အတွက် Honorary Oscar ခေါ် ဂုဏ်ထူးဆောင်ဆုကြီးကို ရရှိခဲ့ပါတယ်။


Image Credit: Wikipedia

Spartacus နဲ့ The Vikings တို့လို ကမ္ဘာကျော်ရုပ်ရှင်တွေမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ နာမည်ကျော်ဟောလိဝုဒ် မင်းသားကြီး Kirk Douglas တစ်ယောက် အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပေမဲ့ သူနဲ့အတူ သူဖန်တီးခဲ့တဲ့ အနုပညာတွေကိုတော့  ရုပ်ရှင်လောကသားတွေနဲ့ ပရိသတ်တွေက အမြဲတမ်းအမှတ်ရနေကြမှာပါ။


Image Credit: Pinterest

အခုလို ကမ္ဘာကျော်အနုပညာကြယ်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် Kirk Douglas ရဲ့ မိသားစုများ၊ မိတ်ဆွေများ၊ ရုပ်ရှင် ချစ်ပရိသတ်များနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။ Rest in Peace ပါ… မင်းသားကြီးရေ…။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/tvshowbiz/article-7971679/Kirk-Douglas-dead-103-Spartacus-stars-son-Michael-Douglas-shares-heartbreaking-news.html?fbclid=IwAR2pMM_5TfH0JejHkSA9E3Ay3fmD_JG8V0ZbziA6EJex6qN43VJ_vNepVCI

ဆက်စပ်ရှာဖွေမှုများ - Wikipedia/ Kirk Douglas




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။