ဝူဟန်မြို့အခြေအနေမှန်သတင်း များအမြဲတင်ပြနေသူ ရှေ့နေ၊ဂျာနယ်လစ် ပျောက်ဆုံးနေ

၁၁ ဖေဖော်ဝါရီ ၂၀၂၀၊ ရန်ကုန်။

ချန်ကျို့ရှီ အားသူလွှင့်တင်ထားသော ဗွီဒီယိုထဲတွင် မြင်ရစဉ် - ဓာတ်ပုံ - South China Morning Posts

တရုတ်နိုင်ငံတွင် အင်္ဂါနေ့မနက်စာရင်းများအရ ခရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံလူနာ လေးသောင်းကျော်ရှိလာပြီး သေဆုံးသူမှာ တစ်ထောင်ကျော်ပြီဖြစ်သည်။ ဟူပေပြည်နယ်ရှိ ဝူဟန်မြို့အပါအဝင်မြို့ကြီးပေါင်း ၈၀ ကျော်ကို တရုတ်အာဏာပိုင်များက ပိတ်ဆို့ထားပြီး ရောဂါပျောက်ကင်းသူမှာ လေးထောင်ကျော်ရှိကြောင်း South China Morning Posts က ပြောဆိုသည်။

ထိုအခြေအနေများဖြစ်နေစဉ်တွင် ရောဂါဖြစ်ပွားရာဗဟိုချက်၏ အခြေအနေမှန်များကို အမြဲတစေတင်ပြလျက်ရှိသော သတင်းထောက်ဖြစ်သူ ချန်ကျိုးရှီ ( Chen Qiu Shi ) မှာ ပျောက်ဆုံးလျက်ရှိကြောင်း South China Morning Posts မှ ထုတ်ပြန်သည်။

လွန်ခဲ့သော တစ်ပတ်က ချန် ထုတ်လွှင့်လိုက်သော ဗွီဒီယိုတစ်ခုတွင် ဝူဟန်မြို့၏ အခြေအနေမှာ တစ်ဖြည်းဖြည်းဆိုးရွားနေကြောင်း၊ ဆေးရုံဝင်ပေါက်များအား သံဂဟေဆော်ပြီး အထဲမှ လူနာများကို အသေပိတ်ထားကြောင်း၊ Quarantine Zone များတွင် သံသယလူနာများအား အဆောင်များဖြင့် သီးခြားခွဲခြားထားကြောင်း၊ အစားအသောက်၊ ဆေးဝါး နှင့် ထောက်ပံ့ရေးပစ္စည်းများပြတ်လတ်နေကြောင်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းအင်အားမှာ နည်းပါးနေကြောင်း၊ ရောဂါရှာဖွေရာတွင် အချိန်ကြာမြင့်ကြောင်း၊ သေဆုံးစာရင်းမှာ ဌာနဆိုင်ရာထုတ်ပြန်ချက်ထက် အဆပေါင်းများစွာ ပိုမိုနေကြောင်း ပြောဆိုထားသည်။

ချန် သည် လွန်ခဲ့သော နှစ်များကလည်း ဟောင်ကောင်တွင်သွားရောက်ပြီး ဒီမိုကရေစီနှင့်ပတ်သက်သော သတင်းများ၊ ဗွီဒီယိုဖိုင်များကို လွှင့်တင်ခဲ့သဖြင့် တရုတ်အာဏာပိုင်များက ပြန်လည်ခေါ်ယူထားရသူလည်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ်ရှိ ချန် မှာ ဝူဟန်သို့နောက်ဆုံးရထားတစ်စီးဖြင့်ရောက်လာပြီး မြို့တွင်းအခြေအနေများကို အမြဲမပြတ်လွှင့်တင်လျက်ရှိသည်။ လွန်ခဲ့သော ရက်ပိုင်းက တရုတ်အာဏာပိုင်များက သူ၏ မိဘများဆီလာရောက်ပြီး စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ချန် က ဗွီဒီယိုတစ်ခုထဲတွင်ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှစကာ ချန် ၏ သတင်းအစအနမရတော့ပဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဆေးရုံနှင့်ကျန်းမာရေးဌာနများတွင် ကူးစက်ခံရသည်ဟု သံသယရှိနေကြသော လူနာများမှာ စစ်ဆေးခံရန်အလုအယက်တိုးဝှေ့နေကြပြီး ရောဂါရှာဖွေရေးကိရိယာမလုံလောက်သောကြောင့် လူနာများအား တစ်ပတ်၊ နှစ်ပတ် စသဖြင့် ပြန်လည် ချိန်းဆိုကြောင်း၊ ရောဂါရှာမတွေ့သူတို့မှာလည်း မကြာခင် ရောဂါလက္ခဏာများပြလာသဖြင့် ထိုရလာဒ်တို့ကို အပြည့်အဝယုံကြည်ရန်မဖြစ်နိုင်ကြောင်း စသဖြင့် ချန် က သူ၏ဗွီဒီယိုထဲတွင် ပြောဆိုသည်ဟု SCMP က ထပ်ဆင့်ထုတ်ပြန်သည်။

နောက်ဆက်တွဲ သတင်းတစ်ပုဒ်မှာ ရောဂါကူးစက်မှုမြင့်တက်လျက်ရှိနေစဉ်ပင် တရုတ်ကျန်းမာရေးဝန်ကြီးဌာနမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဖယ်ရှားခံရကြောင်း၊ လစ်လပ်နေရာများကို သမ္မတရှီကျင့်ဖျင် ၏ အတွင်းလူများဖြင့် အစားထိုးကြောင်း စသဖြင့် SCMP က ထပ်မံဖော်ပြထားသည်။

Gabriel

WE Media

Source - Bloomberg

Original Link >> https://www.bloomberg.com/news/articles/2020-02-07/two-citizen-journalists-covering-virus-go-missing-in-china

Related Searches - Chan Qiushi, Quarantine Zone, Wuhan, Novel Coronavirus

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။