ဗိုလ်ကြီးဇာတ်လမ်းထဲက မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ အမှန်နဲ့ အမှားများ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် တောင်ကိုရီးယားဇာတ်လမ်းတွဲ “Crash Landing on You” ကို ကိုရီးယားဒရမ်မာချစ်သူတွေ အတော်လေးအကြိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ကြောင်းအရ မြောက်ကိုရီးယားနိုင်ငံအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားတာတွေ အတော်လေး ပါဝင်ခဲ့ပါတယ်။


Image Credit: Pinterest

အဲဒီလို မြောက်ကိုရီးယားအကြောင်းပါဝင်ခဲ့မှုကြောင့် ဇာတ်လမ်းတစ်ဝက်မှာပဲ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ဂယက်ရိုက်မှုအနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။ အမှန်တော့ ဇာတ်လမ်းတွဲအစမှာကတည်းက ဇာတ်လမ်းတစ်ခု လုံးသာ စိတ်ကူးယဉ်သပ်သပ်သာ ဖြစ်ကြောင်း စာတမ်းရေးထိုးအသိပေးထားပြီး ဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်သူ Lee Jeong-hyo ကလည်း မြောက်ကိုရီးယားနယ်မြေအကြောင်းတွေဟာ ရာနှုန်းပြည့်မှန်ကန်ခြင်းမရှိကြောင်း ပြောခဲ့ဖူးပါတယ်။


Image Credit: tvN

မြောက်ကိုရီးယားနိုင်ငံကနေ ကူးပြောင်းလာသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Kang Nara ဆိုတဲ့ ကိုရီးယား အမျိုးသမီးကတော့ “Crash Landing on You” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မြောက်ကိုရီးယား ဓလေ့ထုံးတမ်း တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ YouTuber တစ်ယောက်ဖြစ်တဲ့ Kang Nara ဟာ “Crash Landing on You” ရိုက်ကူးရေးအဖွဲ့ကို မြောက်ကိုရီးယားအကြောင်းနဲ့ပတ်သက်လို့ အကြံပေး ကူညီခဲ့ဖူးသူလည်း ဖြစ်ပါတယ်။


Image Credit: Pinterest

အွန်လိုင်းမှာ Kang Nara တင်ထားတဲ့ “Crash Landing on You” နဲ့ မြောက်ကိုရီးယားအကြောင်း ဗီဒီယိုကို တောင်ကိုရီးယား ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Koreaboo ရဲ့ ပြန်လည်ဘာသာပြန်ဖော်ပြချက်အရ စိတ်ဝင်စားစရာ အချက်တချို့ကို ထုတ်နှုတ် တင်ပြပေးလိုက်ပါတယ်။

ယေဘူယျမှန်ကန်တဲ့ အချက်များ

၁။ “Crash Landing on You” မှာပါဝင်တဲ့ မြောက်ကိုရီးယားအိမ်တွေနဲ့ ဒေသခံတွေရဲ့ ဓလေ့တွေဟာ အသေးစိတ်မတူညီပေမဲ့ ထမင်းစားတဲ့စားပွဲပုံစံကတော့ တကယ့်အစစ်နဲ့ ဆင်တူပါတယ်တဲ့..။ အကြောင်းက မြောက်ကိုရီးယားမှာ ထိုင်ခုံမသုံးဘဲ ကြမ်းခင်းပေါ်မှာပဲ ထိုင်စားလေ့ရှိကြတာကြောင့်ပါပဲ။ ချမ်းသာတဲ့ အိမ်တွေ မှာတော့ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကို ပြသတဲ့အနေနဲ့ အိမ်ပြတင်းပေါက်မှာ ဇာခန်းစည်းတွေ တပ်ဆင်ထားလေ့ ရှိကြပါတယ်။


Image Credit: Netflix

၂။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ မြောက်ကိုရီးယားက ကင်မ်ချီထားသိုခန်းတွေကလည်း အနီးစပ်ဆုံးဆင်တူတယ် လို့ ဆိုပါတယ်။ အကြောင်းက မြောက်ကိုရီးယားနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးမရတာကြောင့် ရေခဲသေတ္တာလည်း မရှိကြပါဘူး။ အဲဒါကြောင့် ကင်မ်ချီတွေကို ကြာရှည်ထားသိုဖို့အတွက် မြေအောက်ခန်းလေး တွေ ဖန်တီးထားလေ့ရှိပါတယ်။

၃။ ဇာတ်လမ်းမှာ မြောက်ကိုးရီးယားနိုင်ငံသားတွေအဖြစ် သရုပ်ဆောင်ထားကြသူတွေရဲ့ လေသံဟာလည်း မြောက်ကိုရီးယားဒေသိယစကားအတိုင်း ဖြစ်ပြီး အတော်လေးပီပြင်ပါသတဲ့။ ဒါ့ပြင် Kang Nara က ဇာတ်လမ်းထဲက ရီဂျောင်ဟွတ်လို စင်းလုံးချောကောင်းမွန်တဲ့ ဗိုလ်ကြီးမျိုး တကယ့်လက်တွေ့ဘဝမှာ မရှိနိုင်ပေမဲ့ သူ့ရဲ့ ရဲဘော်တွေဖြစ်ကြတဲ့ ဖြိုချီဆုတို့လို စစ်သားတွေကတော့ တကယ့်ကို သဘာဝကျပြီး လက်တွေ့ဆန်တယ်လို့ လည်း ဆိုထားပါတယ်။

Image Credit: tvN

၄။ ဇာတ်လမ်းထဲမှာ ဗိုလ်ကြီးရီဂျောင်ဟွတ်က ယွန်းဆယ်ရီကို ဆံပင်စည်းနှောင်ပေးတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိ ကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာ ဗိုလ်ကြီးက မြောက်ကိုရီးယားက အမျိုးသမီးတွေဟာ ဆံပင်ဖားလျား ချထားလေ့ မရှိကြောင်း၊ အဲဒါဟာ အရင်းရှင်ဝါဒီရဲ့ သင်္ကေတတစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ရတဲ့ စကားမျိုးကို ပြောခဲ့ပါတယ်။ တကယ်လည်း မြောက်ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ ဆံပင်ဖားလျားမချထား ရဘဲ ဆံပင်ကို စည်းနှောင်ထားကြရပါတယ်။

Hyun Bin Love GIF by The Swoon

လွဲနေတဲ့ အချက်တချို့

၁။ မြောက်ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ဆံပင်ဖားလျားမချရဘူးလို့ ဆိုထားပေမဲ့ ဇာတ်လမ်းထဲက ဆိုးဒန်းဇာတ်ကောင်ကတော့ အမြဲတမ်း ဆံပင်ချထားတာကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ နည်းနည်းလေးလွဲနေတဲ့ အချက်ပါလို့ Kang Nara က ဆိုပါတယ်။


Image Credit: tvN

၂။ ဒါ့ပြင် ဆိုးဒန်းဇာတ်ကောင် မိန်းကလေးဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟာလည်း အရမ်းကို ခေတ်မီ ကောင်းမွန်လွန်းနေပါသတဲ့။ မြောက်ကိုရီးယားက လူတော်တော်များများဟာ သူမဝတ်ဆင်ခဲ့သလို Trench coat မျိုး သိပ်မဝတ်ကြပါဘူး။

၃။ အဲဒီထက်ပိုလွဲတာကတော့ ဆိုးဒန်းစီးတဲ့ ဖိနပ်တွေပါပဲ။ အဲဒီလို လည်ရှည်ဘွတ်ဖိနပ်မျိုးကို မြောက် ကိုရီးယားနိုင်ငံမှာ စီးခွင့်မရှိပါဘူး။ အထူးသဖြင့် ဖိနပ်တစ်ခုလုံးပေါ်အောင် စီးလေ့မရှိကြပါဘူး။ မြောက် ကိုရီးယားအမျိုးသမီးတွေ ဘွတ်ဖိနပ်စီးတဲ့အခါ ဖိနပ်ကို ဘောင်းဘီအောက်မှာပဲ ဖုံးထားပြီး သာမန်ဖိနပ်ပုံစံဖမ်း ထားလေ့ ရှိပါသတဲ့။ ဆိုးဒန်းဝတ်သလို လည်ရှည်ဖိနပ်တစ်ခုလုံးပေါ်အောင် စီးထားမယ်ဆိုရင် သံသယရှိသူ အဖြစ် အဖမ်းခံနိုင်တယ်လို့လည်း Youtuber Kang Nara က ဆိုပါတယ်။

Katie Scarlett
We Media
Source: Culture

Original Link: https://www.preview.ph/culture/real-versus-fiction-north-korea-crash-landing-on-you-a00318-20200128?fbclid=IwAR2ql5VKIzCwLDGnCT__y1Uzao9IdlXX3Tuox3KqH0cqHrvMvanH512VlTU

ဆက်စပ်ရှာဖွေမှုများ - Koreaboo

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။