ခရမ်းသီးအကြောင်း သိကောင်းစရာများ

ခရမ်းသီးဆိုတဲ့နာမည် ဘယ်လို ဖြစ်လာသလဲဆိုတာ သင်သိပါသလား ? ပုဂံပြည့်ရှင် နရသီဟပတေ့မင်းဟာ အစားလည်းကျူးသလို အမျက်ဒေါသလည်းကြီးပါတယ်။ ဒါ့အပြင် သူဟာ စက်တော်ခေါ်ရာမှနိုးတာနဲ့ အနီးနားမှာရှိတဲ့ မြင်မြင်သမျှ အမှုထမ်းတွေကို လက်လှမ်းမှီရာ တစ်စုံတစ်ခုသောအရာတွေနဲ့ ကောက်ပေါက်တတ်တဲ့အကျင့်ဆိုးလည်းရှိပါတယ်။

မင်းကြီးရဲ့ မိဖုရားဖွားစောက မင်းကြီး စက်တော်ခေါ်ချိန်မှာ ကောက်ပေါက်လို့ ထိမိရင် ဒဏ်ရာရစေနိုင်တဲ့ ပစ္စည်းတွေအစား လုမ္ဗနီသီးတွေကို ထားစေပါတယ်။ ဒီလိုနဲ့ နောက်နေ့ မင်းကြီးစက်တော်ခေါ်ရာမှနိုးလာတဲ့အခါ သူ့အနားမှာရှိတဲ့ မြင်မြင်သမျှ အမှုထမ်းတွေကိုပစ်ဖို့ ပစ္စည်းတစုံတရာရှာသော် အသီးများကိုသာတွေ့ပြီး ထိုအသီးများဖြင့်ပင် မြင်သမျှအနီးနားက အမှုထမ်းတွေကိုပစ်ပါတယ်။

သူပစ်လိုက်တဲ့အသီးတွေထဲက တစ်လုံးဟာ ဖြတ်သွားတဲ့ အပျိုတော်တစ်ဦးရဲ့ခါးကို ထိမိပြီး အပျိုတော်လည်းလန့်သွားကာ သူမရဲ့ခါးဟာလည်း သိသိသာသာလှုပ်ရမ်းသွားပါတယ်။ အဲ့ဒီအဖြစ်အပျက်ကို မင်းကြီးမြင်တဲ့အခါ လွန်စွာသဘောကျသွားပြီး နောက်နေ့ညီလာခံမှာ လုမ္ဗနီသီးကို ခါးရမ်းသီးဟုခေါ်တွင်စေရန် အမိန့်တော်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီကစပြီး ‘ခါးရမ်းသီး’လို့ ပြောကြရာကနေ ကာလရွှေ့လျောလာတဲ့အခါမှာတော့ ‘ခရမ်းသီး’ ရယ်လို့ အမည်တွင်သွားတယ်ဆိုပြီး မှတ်သားခဲ့ဖူးပါတယ်။


အဲ့တာဆိုရင် မေးစရာရှိတာတစ်ခုက အသီးရဲ့အရောင်က ခရမ်းရောင်မို့ ခရမ်းသီးလို့ နာမည်ပေးလိုက်ကြတာလား၊ ဒါမှမဟုတ် ခရမ်းသီးဆိုတဲ့ အသီးရဲ့ အရောင်မို့ ခရမ်းသီးရောင်၊ ခရမ်းရောင်လို့ သတ်မှတ်လိုက်ကြတာလားပေါ့။ ခရမ်းသီးနဲ့ ခရမ်းရောင် ဘယ်ဟာက မူလပထမဆိုတာလည်း စဉ်းစားကြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။

ခရမ်းသီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူအားလုံးနီးပါး နှစ်ခြိုက်စွာစားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဈေးလည်းမကြီးဘဲ လူတန်းစားမရွေးလက်လှမ်းမီစွာ စားသောက်နိုင်သော ဟင်းသီးဟင်းရွက်တမျိုးလည်းဖြစ်ပါတယ်။

ခရမ်းသီးကို ပြုတ်ပြီး တို့စရာအဖြစ်ငပိရည်နဲ့စားတာ၊ ခရမ်းသီးမီးဖုတ်ပြီးဆီရွှဲရွှဲစမ်းစားတာ၊ ပဲတို့အသားတို့နဲ့ရောပြီး နှပ်စားတာ၊ ပေါင်းစားတာ၊ သီးစုံချဉ်ရည်ဟင်းထဲရောထည့်စားတာ၊ အစာသွပ်ချက်စားတာ၊ ကြော်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြလေ့ရှိပါတယ်။


ခရမ်းသီးမှာ ဖိုက်တိုနူးထရိယင့် (Phytonutrient) လို့ခေါ်တဲ့ ဓာတ်ပေါင်းများစွာ  ပါဝင်နေပါတယ်။ အဲဒါတွေက Phenolic ဓာတ်ပေါင်းတွေနှင့် Flavonoids တွေဖြစ်ပါတယ်။ ခရမ်းသီးရဲ့အရောင် (ခရမ်းရောင်) ဟာ Anthocyanin ဆိုတဲ့ ဖိုက်တိုနူးထရိယင့် ဓာတ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။ (ခရမ်းရောင် စပျစ်သီး၊ ဝိုင်အနီတို့ရဲ့ အရောင်ဟာလည်း Anthocyanin ဓာတ်ပေါင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။)  ခရမ်းသီးမှာတွေ့နိုင်တဲ့ Anthocyanin အုပ်စုဝင် Nasunin ဆိုတဲ့ ဓာတ်ပေါင်းဟာ အင်တီအောက်စိဒင့် (anti-oxidant) အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ရုပ်ကလပ်စည်း (cell-ဆဲလ်) တွေကို အောက်စီဂျင်ဓာတ်တိုးပျက်စီးခြင်း (oxidative damage) မဖြစ်အောင် ကာကွယ်ပေးပါတယ်။

တကယ်တော့ ခရမ်းသီးမှာပါတဲ့ အင်တီအောက်စီးဒင့် အာနိသင်ရှိတဲ့ ဖီနောလစ်ဓာတ်ပေါင်းတွေဟာ ခရမ်းသီးပင်တွေအနေနဲ့ ဗက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေရဲ့ အောက်စီဂျင်ဓာတ်တိုးဖျက်ဆီးမှု (oxidative damage) အန္တရာယ်မှ မိမိကိုယ်မိမိ ကာကွယ်ဖို့ ထုတ်လုပ်ထားကြတာဖြစ်ပါတယ်။ 


ခရမ်းသီးမှာပါတဲ့ ဖီနောလစ်ဓာတ်ပေါင်း ၁၄ မျိုး လောက်ထဲမှာ Chorogenic acid ဆိုတဲ့ အက်ဆစ်ဓာတ်ပေါင်းက အဓိကဖြစ်ပါတယ်။ ခရမ်းသီးစားသုံးသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ရုပ်ကလပ်စည်း (ဆဲလ်-cell) တွေကို ကင်ဆာဆဲလ် (cancer cell) တွေ အဖြစ် ဖောက်ပြန်ပြောင်းလဲမသွားနိုင်အောင် Chlorogenic acid က ကာကွယ်ပေးပါတယ်။ Anti-mutagenic/anti-cancer) အာနိသင်လို့ ခေါ်ပါတယ်။ ဗက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်၊ မကောင်းတဲ့ ကိုလက်စထရောတွေ သွေးကြောနံရံတွေမှာ စုလာပြီး သွေးကြောမပိတ်အောင် ကာကွယ်ပေးတဲ့ အာနိသင်လည်းရှိပါတယ်။ ခရမ်းသီးရဲ့ ခါးသက်သက်အရသာ၊ ခရမ်းသီးကိုလှီးပြီး ခဏထားလိုက်ရင် အရောင်ညိုမည်းလာတာတွေဟာလည်း ဖီနောလစ်ဓာတ်ပေါင်းတွေနှင့် ဆက်စပ်မှုရှိပါတယ်။

ခရမ်းသီးဟာ Nightshades ဆိုတဲ့ အုပ်စုဝင် ဟင်းသီးတစ်မျိုးဖြစ်ပါတယ်။ ဒီအုပ်စုဝင်အပင်တွေမှာ solanine ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ Solanine က အပင်တွေ အရွက်တွေ အသီးတွေကိုစားတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီနည်းနဲ့ အပင်တွေဟာ ပိုးမွှားဒဏ်မှ မိမိကိုယ်မိမိ ကာကွယ်ကြပါတယ်။ ဒီအုပ်စုမှာ မျိုးစိတ် (species) ၂၅ဝဝ လောက် ရှိပါတယ်။ ခရမ်းချဉ်သီး၊ အာလူးနှင့် ငရုတ်သီးဟာလည်း ခရမ်းသီးလိုပဲ မျိုးတူအုပ်စုဝင် ဟင်းသီးတွေ ဖြစ်ပါတယ်။

 

အချို့သူတွေဟာ ခရမ်းသီးအပါအဝင်  အုပ်စုဝင် Nightshade အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဓာတ်မတည့်ပါဘူး။ ဥပမာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး စားပြီးလျှင် ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ ဗိုက်ပွခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ နာခြင်းစတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဝမ်းပျက်တာ၊ လေပွတာ၊ ပျို့တာ အန်တာတွေက ရုတ်တရက်ဖြစ်တာမို့ သိသာပေမယ့်၊ အဆစ်အမြစ် နာတာက ဖြည်းဖြည်းမှ ဖြစ်တတ်တဲ့အတွက် ခရမ်းသီး (ခရမ်းချဉ်သီး၊ ငရုတ်သီး) စားတာနှင့် အဆစ်နာတာကို မဆက်စပ်မိပါဘူး။ ခဏခဏကြုံရတော့မှ တိုက်ဆိုင်မှုကို သတိထားမိလာ တတ်ပါတယ်။ ဒီအသီးတွေ မစားဘဲနေလိုက်တဲ့အခါ အဆစ်နာ သိသိသာသာ ပျောက်သွားတယ်ဆိုမှ ခရမ်းသီးစားတာနဲ့ အဆစ်တွေနာတာကို ပိုပြီး ဆက်စပ်သိရှိလာတတ်ပါတယ်။ ခရမ်းသီးစားရင် အဆစ်နာတတ်တယ်ဆိုတာ လူတိုင်းအတွက် ပြောတာမဟုတ်ပါဘူး။ ခရမ်းသီးနှင့် ဓာတ်မတည့်သူတွေအတွက်သာ ဖြစ်ပါတယ်။ တကယ်တော့ ခရမ်းသီးမှာ ရောင်ရမ်းမှုကို လျော့စေတဲ့ ဓာတ်ပေါင်းတွေ ပါနေတာကြောင့် ဓာတ်တည်သူတွေအတွက် ခရမ်းသီးက အဆစ်ရောင်တာ နာတာကို သက်သာစေနိုင်တဲ့ အာနိသင်တောင် ရှိပါသေးတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ခရမ်းသီးအကြောင်းလည်း တော်တော်လေး သိလောက်ပြီထင်ပါတယ်။သင်လည်း ခရမ်းသီးကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီ article လေးကိုလည်း share သွားလိုက်ပါဦးနော်. . .။


June Nine Aung

WE Media


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။