စတိုးဆိုင်လေးကနေ ဆိုင်ခွဲပေါင်းများစွာကို နိုင်ငံပေါင်း ၁၈ နိုင်ငံအထိ ချဲ့ထွင်နိုင်ခဲ့တဲ့ 7 Eleven

7 Eleven ဆိုတာကတော့ ကမ္ဘာတဝန်းမှာ အောင်မြင်မှုရရှိနေတဲ့ 24 Hours Convenience Store တစ်ခုဖြစ်ပါတယ်…။
Southland Ice Company ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် 7 Eleven တည်ထောင်သူ ဂျိုဆီတက်ဆွန်က အမေရိကန်နိုင်ငံ၊ ဒေါလက်စ်မြို့မှာ 1927 ခုနှစ်၌ နို့၊ ဥအမျိုးမျိုး၊ ပေါင်မုန့်တွေနဲ့ တခြားစားသောက်ကုန်တွေရနိုင်မယ့် စတိုးဆိုင်တစ်ခုကို စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။

စတိုးဆိုင်ဆိုပေမယ့် ပစ္စည်းစုံစုံလင်လင်ရနိုင်ပြီးတော့ အတော်အသင့် ရောင်းချခဲ့ရကာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး နီးစပ်ရာဒေသတွေမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်ခဲ့ပါတယ်…။


အစောပိုင်းက Tote’m Stores လို့နာမည်ပေးထားခဲ့တာဖြစ်ပြီး 1946 ခုနှစ်မှာ 7 Eleven လို့ဆိုပြီး နာမည်ရော၊ ဆိုင်ဖွင့်ချိန်ရော ပြောင်းလဲခဲ့တာဖြစ်ပါတယ်…။
အဓိပ္ပာယ်ကတော့ မနက် 7 နာရီကနေ ည 11 နာရီဖွင့်တဲ့အတွက်ပါ…။ အဲ့တုန်းက 7 Eleven တွေက 24 နာရီမဖွင့်ကြသေးပါဘူး၊ 1963 ခုနှစ်မှသာ တက္ကဆက်ပြည်နယ်က ဆိုင်ခွဲတစ်ခုကို 24 နာရီဖွင့်လှစ်ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်…။

လျင်မြန်တဲ့ တိုးတက်မှုတွေနဲ့ 1952 ခုနှစ်မှာ ဆိုင်ခွဲတစ်ရာနဲ့ 1960 ခုနှစ်မှာ ဆိုင်ခွဲငါးရာအထိတိုးချဲ့နိုင်ခဲ့ပါတယ်…။
စတိုးဆိုင်များစွာပိုင်ဆိုင်ထားတဲ့ Southland Corporation နာမည်ကိုလည်း 7 Eleven လို့ပြောင်းခဲ့ကာ 1974 ခုနှစ်၌ အာရှဘက်ကို ခြေလှမ်းတဲ့အနေနဲ့ ဂျပန်မှာဆိုင်ခွဲတွေ စတင်ဖွင့်ခဲ့ပါတယ်…။
အခုဆိုရင် ကမ္ဘာတဝန်း ၁၈ နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ 7 Eleven ဆိုင်ပေါင်း ၅၆၆၀၀ ဆိုင်ရှိပါတယ်…။

ဂျပန်မှာလည်း ကုမ္ပဏီအခြေစိုက် ရုံးခွဲတည်ရှိကာ ဆိုင်ခွဲပေါင်း ၁၈၇၈၅ ဆိုင်က ဂျပန်မှာတည်ရှိပါတယ်…။
တရုတ်ကိုတော့ 1992 ခုနှစ် မှာဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ တူရကီ၊ ဒူဘိုင်း၊ နော်ဝေ၊ သြစတြေးလျ၊ ဆွီဒင်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံအများအပြားမှာ ဆိုင်ခွဲပေါင်းများစွာရှိနေပြီဖြစ်ပါတယ်….။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။