အီရန်နိုင်ငံ၏ လက်ထောက်ကျန်းမာရေးဝန်ကြီး Coronavirus ကူးစက်ခံထားရ

နိုင်ငံတကာတွင် COVID-2019 ခေါ် Coronavirus သစ် ကူးစက်ပျံ့နှံ့မှုသည် အရှိန်အဟုန်ဖြင့် တိုးပွားလာနေသည်။ ကူးစက်ခံရနှုန်း သိသိသာသာ မြင့်မားလာသည့် နိုင်ငံများတွင် အီရန်နိုင်ငံသည်လည်း အပါအဝင် ဖြစ်ခဲ့ သည်။ ယခုလက်ရှိတွင် အီရန်နိုင်ငံရှိ ပြည်သူများတင်မကဘဲ လက်ထောက်ကျန်းမာရေးဝန်ကြီးကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် The Guardian သတင်းစာမှ ဖော်ပြခဲ့သည်။

(ပြီးခဲ့သည့်ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေသည့် အီရန်နိုင်ငံ၏ လက်ထောက်ကျန်းမာရေး ဝန်ကြီး Iraj Harirchi နှင့် Ali Rabiei တို့ကို တွေ့ရစဉ်၊ ၁၅ ဖေဖေါ်ဝါရီ၊ ဓာတ်ပုံ - Getty Image)

အီရန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးဖြစ်သူ Iraj Harirchi သည် Coronavirus ကူးစက် ခံထားရကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည့် သတင်းစာရှင်းလင်းပွဲပြီးသည့်နောက်တွင် ယခုကဲ့သို့ ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သိရှိခဲ့ရခြင်းလည်း ဖြစ်သည်။


Image Credit: The Guardian

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပင် လက်ထောက်ဝန်ကြီး Harirchi သည် ချွေးများစွာထွက်ရှိနေခြင်းကြောင့် မကြာခဏ ချွေးသုတ်နေရပြီး ပုံပန်းအားဖြင့်လည်း နေသိပ်မကောင်းသည့်ဟန် ပေါက်နေခဲ့သည်ဟု သတင်း မီဒီယာကြီးများတွင် ရေးသားဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့် အင်္ဂါနေ့တွင်မူ Harirchi သည် သူထံတွင် ဗိုင်းရပ်စ် ကူးစက်နေပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှတဆင့် ဗီဒီယို တစ်ခုတင်ပြီး အသိပေးပြောကြားခဲ့သည်။    


Image Credit: Getty Image

အဆိုပါဗီဒီယိုတွင် Harirchi က “ကျွန်တော့်မှာ Corona ရှိနေပြီလို့ ပြောချင်ပါတယ်။ မနေ့ကတည်းက ဖျားနေ တာပါ။ မနေ့ညက စစ်ဆေးချက်အဖြေထွက်လာခဲ့တာပါ။ အခု ဆေးစသောက်နေပါပြီ။” လို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက အီရန် အနေဖြင့် ကိုရိုနာကို တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လူအများအပြား ကူးစက်ခံရနိုင်ချေရှိသော်လည်း ထိရောက်သည့် ဆေးများ အလုံအလောက်ရှိနေကြောင်းနှင့်အတူ မိမိကိုယ်ကို ဂရုစိုက်ကြရန်လည်း ပြောကြားခဲ့သည်။


Image Credit: Getty Image

အီရန်နိုင်ငံသည် coronavirus ကူးစက်မှု တဟုန်ထိုးမြင့်တက်လာသည့် နိုင်ငံများထဲတွင် အပါအဝင် ဖြစ်နေပြီး ယခုလက်ရှိတွင် ကူးစက်ခံရသူပေါင်း ၉၅ ဦးနှင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။


Image Credit: AP

Katie Scarlett
We Media
Source: The Guardian

Original Link: https://www.theguardian.com/world/2020/feb/25/irans-deputy-health-minister-i-have-coronavirus

ဆက်စပ်ရှာဖွေမှုများ - Daily Mail, BBC, AP
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။