Coronavirus ပျံ့နှံ့မှုကြောင့် ရိုက်ကူးရေး ရပ်နားရမလိုဖြစ်နေတဲ့ ဟွန်ဘင်းရဲ့ရုပ်ရှင်သစ်

မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်လမ်းအဖြစ် လူသိများတဲ့ “Crash Landing on You” ရဲ့ အဓိကဇာတ်ကောင် မင်းသားချော ဟွန်ဘင်းဟာ CLOY ပြီးတဲ့နောက်မှာ ရုပ်ရှင်သစ်ထပ်မံရိုက်ကူးတော့မယ့်အကြောင်း တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ဟွန်ဘင်းထပ်မံပါဝင်လာမယ့် ရုပ်ရှင်သစ်နာမည်က “Bargaining” ဖြစ်ပြီး မင်းသား Hwang Jung Min လည်း တွဲဖက်ပါဝင်မှာ ဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒီလို ရုပ်ရှင်သစ်ကြောင့် ဟွန်ဘင်းရဲ့ပရိသတ်တွေ ဝမ်းသားပျော်ရွှင်နေကြပေမဲ့ ရုပ်ရှင်ရိုက်ကူးမှုအတွက် အနှောင့်အယှက် ဖြစ်စရာ သတင်းတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ လတ်တလော တောင်ကိုရီးယားနိုင်ငံ မှာ Coronavirus တဟုန်ထိုး ပြန့်ပွားလာမှုကြောင့်ပဲ ဖြစ်ပါတယ်။


Image Credit: Pinterest

တောင်ကိုရီးယားဒေသတွင်း သတင်းတွေအရဆိုရင် Bargaining ရုပ်ရှင်သစ်ဟာ လာမယ့် မတ်လအကုန်မှာ ရိုက်ကူးရေး စတင်မှာဖြစ်ပြီး ဂျော်ဒန်နိုင်ငံအထိ သွားရောက်ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ လတ်တလော တောင်ကိုရီးယားနိုင်ငံမှာ Coronavirus သစ် COVID-2019 ကူးစက်မှုဟာ အရှိန်အဟုန်မြင့်မားလာတာကြောင့် တောင်ကိုရီးယားက လူတွေအနေနဲ့ ဂျော်ဒန်နိုင်ငံအပါဝင် နိုင်ငံတချို့ကို ခရီးသွားရောက်ခွင့်၊ ဝင်ရောက်ခွင့် မရကြတော့ပါဘူး။ ရိုက်ကူးရေးအတွက် ကြိုတင် ပြင်ဆင်မှုတွေပြုလုပ်ဖို့ အစောပိုင်းကတည်းက ဂျော်ဒန်နိုင်ငံကို ထွက်ခွာသွားကြပြီဖြစ်တဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။


Image Credit: Pinterest

အဲဒီလိုအခြေအနေကြောင့် ဟွန်ဘင်း အပါအဝင် Bargaining ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေဟာ သူတို့ရဲ့ အချိန်ဇယားကို ပြန်ညှိဖို့ ပြင်ဆင်နေရပါပြီ။ သူတို့တွေဟာ ဂျော်ဒန်နိုင်ငံကို ဝင်ရောက်ခွင့်ရမယ့် အချိန်အထိ စောင့်ဆိုင်းရမလား ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုကိုပဲ ထပ်မံရွေးချယ်ရမလားဆိုတာကို ဆုံးဖြတ်ချက်ချဖို့ အတွက် လတ်တလောမှာ အရေးပေါ်အစည်းအဝေးတွေ ပြုလုပ်နေကြဆဲပါပဲ။


Image Credit: Pinterest

“Bargaining” ရုပ်ရှင်ဟာ အက်ရှင်ဇာတ်လမ်းမျိုး ဖြစ်ဟန်တူပြီး အရှေ့အလယ်ပိုင်းဒေသမှာ ပြန်ပေးဆွဲခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို သွားရောက်ကယ်ဆယ်ရမယ့် အစိုးရဘက်တော်သားနှစ်ဦးအကြောင်းကို ဇာတ်လမ်းဆင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို “Forever the Moment” နဲ့ “Little Forest” တို့လို ဇာတ်လမ်းကောင်းတွေ ရိုက်ကူးခဲ့ဖူးတဲ့ တောင်ကိုရီးယားရုပ်ရှင်ဒါရိုက်တာ Im Sun Rae က စီစဉ် ရိုက်ကူးနေတာပါ။


Image Credit: AP

တောင်ကိုရီးယား အပါအဝင် နိုင်ငံတကာမှာ Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် အခက်အခဲအကြပ်အတည်း ဖြစ်နေတဲ့ အခုလိုကာလမျိုးမှာ “Bargaining” ရုပ်ရှင်ရိုက်ကူးမှုအခြေအနေဟာ ဘယ်လိုဖြစ်လာမလဲ၊ သတ်မှတ်ထားတဲ့ ကာလအတွင်း အချိန်မီရိုက်ကူးသွားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါပဲ။

Katie Scarlett
We Media
Source: Allkpop

Original Link: https://www.allkpop.com/article/2020/02/hyun-bin-and-hwang-jung-mins-upcoming-film-faces-production-issues-as-jordan-bans-korean-entry-due-to-coronavirus?fbclid=IwAR0wvn6eemKUZD4aUkX_mnD8nwAKyLDcRXRqPnKWp4LtIUWYogFEwbzcAjI

ဆက်စပ်ရှာဖွေမှုများ - Soompi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။