ဟယ်ရီပေါ်တာသရုပ်ဆောင်တွေ ပါဝင်မယ့် ဂျေကေရိုးလင်းရဲ့ Audio Book

သင့်အနေနဲ့ ဟယ်ရီပေါ်တာနဲ့ မှော်ဇာတ်လမ်းတွေရဲ့ ပရိသတ်တွေဆိုရင်တော့ ဟယ်ရီပေါ်တာဇာတ်လမ်းတွေ ကို ဖန်တီးခဲ့တဲ့ စာရေးဆရာမ ဂျေကေရိုးလင်း (J.K. Rowling) ရဲ့ စာအုပ်တွေနဲ့ သိပ်မစိမ်းလောက်ပါဘူး။ ဟယ်ရီပေါ်တာနဲ့ဆက်စပ်ပြီး ဂျေကေရိုးလင်းရေးသားခဲ့တဲ့ Fantastic Beasts မှော်ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေနဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းထဲက သရုပ်ဆောင်တွေ ပူးပေါင်းပါဝင်မယ့် ဖန်တီးမှုတစ်ခု မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒါကတော့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဂျေကေရိုးလင်းရဲ့ “The Tales of Beedle the Bard” စာအုပ် ကို Audio Book အဖြစ် ပြန်လည် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အဲဒီ Audio Book မှာ ဟယ်ရီပေါ်တာနဲ့ Fantastic Beasts ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေ ပူးပေါင်းပြီး အသံသရုပ်ဆောင်ပေးသွားကြမှာပါ။ Audio Book ဆိုတာ စာအုပ် အထူးသဖြင့် ဝတ္ထုစာအုပ် တွေကို အသံနဲ့ ပြန်လည်ဖတ်ကြားအသံသွင်းထားတာမျိုးပါ။



Image Credit: Pinterest

The Tales of Beedle the Bard စာအုပ်ရဲ့ Audio Book ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်မှာ ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေထဲက နောက်ဆုံးဖြစ်တဲ့ Harry Potter and the Deathly Hallows ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ ပုံပြင်စာအုပ်နာမည်လည်း ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ မှော်ဝင်ပုံပြင်ဇာတ်လမ်း (၅) ပုဒ် ပါဝင် ပါတယ်။


Image Credit: Shpock

ဂျေကေရိုးလင်းရဲ့ Wizarding World တရားဝင် Instagram စာမျက်နှာမှာ “အခုလာမယ့် နွေဦးမှာ မှော်ပုံပြင်တွေထဲ ဝင်ရောက် စီးမျောလိုက်ပါ။ The Tales of Beedle the Bard ကို ပထမဆုံးအကြိမ်အဖြစ် အသံစာအုပ် ထုတ်ဝေပါမယ်။” လို့ ဖော်ပြထား ပါတယ်။ ဒါ့ပြင် ဂျေကေရိုးလင်းရေးသားပြီး ဟယ်ရီပေါ်တာနဲ့ Fantastic Beasts ဇာတ်လမ်းထဲက သရုပ်ဆောင်တွေ ဖတ်ကြား တင်ပြမယ့် အသစ်စက်စက် Audio Book ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်မှာ ထုတ်ဝေမယ့်အကြောင်းကိုလည်း ရေးသားထားပါတယ်။


Image Credit: GeekTyrant

ဂျေကေရိုးလင်းရဲ့ Harry Potter and The Cursed Child ပြဇာတ်တုန်းက Hermione Granger ဇာတ်ကောင် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Noma Dumezweni က ဟယ်ရီပေါ်တာပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ “The Tale of the Three Brothers” ပုံပြင်ကို ဖတ်ကြားမှာ ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ ဂျင်းနီဝီစလေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Bonnie Wright နဲ့ လူနာလဗ်ဂွတ်အဖြစ် သရုပ်ဆောင်ခဲ့သူ Evanna Lynch တို့ကတော့ “Babbity Rabbity and Her Cackling Stump” ပုံပြင်ကို အတူဖတ်ကြားပေးကြမှာပါ။


Image Credit: Instagram

“The Tales of Beedle the Bard” ဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေနဲ့ ဆက်စပ်နေတာကြောင့် ဟယ်ရီပေါ်တာဇာတ်လမ်းသစ် ကို ထပ်မံမျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက်ကတော့ အခုထွက်ရှိမယ့် Audio Book ဟာ ဟယ်ရီပေါ်တာအလွမ်းပြေစရာ တစ်ခု ဖြစ်လာမှာပါ။

Katie Scarlett
We Media
Source: We Got This Covered

Original Link: https://wegotthiscovered.com/movies/harry-potter-fantastic-beasts-stars-unite-tales-beedle-bard-audiobook/?fbclid=IwAR2w3fbo9KvYOCDP_GPO-JDwCiBZLhn12qlxn7qzVk87CaLi24bfQgZtL7U

ဆက်စပ်ရှာဖွေမှုများ - CNET, Wikipedia




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။