တောင်ကိုရီးယားတွင် ပလစ်စတစ်ဆာဂျရီလုပ်ရာမှ နာမည်ကျော် Bossini လုပ်ငန်းစု၏ ဆက်ခံသူ သေဆုံး

မတ် ၄၊ ၂၀၂၀၊ ရန်ကုန်။


Bonnie Evita Law နှင့် Danny Chi - ဓာတ်ပုံ - SCMP

Lip Filler နှင့် ရင်သားကြီးထွားစေရန်ခွဲစိတ်မှု လုပ်ငန်းစဉ်များပြုလုပ်နေစဉ်အတောအတွင်း မိသားစုဝင်တစ်ဦးသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဟောင်ကောင်သန်းကြွယ်သူဌေးမိသားစုမှ တောင်ကိုရီးယားနိုင်ငံ၊ ဂန်နမ်ရပ်ကွက်ရှိ မျက်နှာနှင့်ခန္ဓာကိုယ်အလှပြုပြင်ရေးစင်တာတစ်ခုကို တရားစွဲဆိုလိုက်သည်။

ခွဲစိတ်မှုအတွင်းသေဆုံးခဲ့သူမှာ Bossini Clothing ကိုတည်ထောင်ခဲ့သူ အထည်အလိပ်လုပ်ငန်းရှင်ကြီး Law - Ting Pong ၏ မြေးဖြစ်သူ Bonnie Evita - Law ဖြစ်သည်။ ထိုခွဲစိတ်မှုသည် သူမမွေးနေ့ပွဲကျင်းပရန်အတွက်ပြုလုပ်ခဲ့သော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြန်သည်။ ၃၄ နှစ်အရွယ် Evita သည် ဆေးခန်းတွင်မေ့မြောသွားရာမှ အနီးဆုံးဆေးရုံသို့ပြောင်းရွှေ့လိုက်ပြီး မကြာခင်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Evita ၏ သေဆုံးမှုမှာ ပြီးခဲ့သော ဇန်နဝါရီလကဖြစ်သော်လည်း ယခုအခါကျမှသာ မိသားစု၏ ခွင့်ပြုချက်ဖြင့် အဆိုပါအကြောင်းအရာကို မီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖော်လာခြင်းဖြစ်သည်။

Evita မှာ ဟောင်ကောင်အိမ်ခြံမြေသန်းကြွယ်သူဌေးကြီး Raymond Law Ka - Kui ၏ သားသမီးသုံးဦးထဲမှ တစ်ဦးဖြစ်ပြီး Raymond Law Ka - Kui မှာ ဟောင်ကောင်၏ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် အိမ်ခြံမြေဆိုင်ရာလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်သည်။

Evita သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကိုယ်စား ခင်ပွန်းဖြစ်သူ Danny Chi က အဆိုပါ Ollim Plastic Surgery dermatological Clinic ရှိ ဆရာဝန်နှစ်ဦး နှင့် သူနာပြုများအား လူသတ်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုတို့ဖြင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုမည်ဖြစ်သည်။ တရားစွဲဆိုမည့်နေရာမှာ ဟောင်ကောင်ခုံရုံးတော်ဖြစ်သည်။

Chi သည် Evita နှင့် လက်ထပ်ခဲ့သည်မှာ ၁၀ နှစ်တာကြာမြင့်ခဲ့ပြီး သူတို့နှစ်ဦးတွင် ခုနှစ်နှစ်အရွယ် သားတစ်ဦးထွန်းကားခဲ့သည်။ ဇနီးဖြစ်သူ ကွယ်လွန်အပြီး သိသိသာသာပင် ယောက္ခမပိုင်ဆိုင်သော လုပ်ငန်းများ၏ဝင်ငွေထဲမှ သုံးပုံတစ်ပုံခန့်ထိခိုက်ဆုံးရှုံးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

သူမ ( Evita ) သေဆုံးခြင်းမှာ မလိုအပ်ပဲ၊ ကံအကြောင်းမလှပဲ လက်လွတ်စပယ်လုပ်ရပ်တို့ကြောင့်သေဆုံးခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်မှာ ဆေးခန်းမှ တာဝန်ရှိသူတို့၏ လောဘကြီးလွန်းမှု၊ ပေါ့ဆမှု နှင့် အရည်အချင်းမပြည့်ဝမှုတို့ကြောင့်သာဖြစ်သည် ဟု Chi က SCMP ကိုပြောကြားသည်။ ထို့ပြင် မည်သို့သောအရာကမှ Evita ကို ပြန်မခေါ်နိုင်တော့ကြောင်း၊ ထိုကဲ့သို့ ရင်နာစရာ အလားတူအဖြစ်အပျက်မျိုး နောက်တစ်ခါထပ်မဖြစ်တော့စေရန် အသိပညာပေးလိုခြင်းဖြစ်သည် ဟု Chi က ဖြည့်စွက်ပြောကြားသည်။

ထိုဖြစ်ရပ်အား ဆိုးလ်အာဏာပိုင် နှင့် ရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်မှာပင် Ollim Plastic Surgery နှင့် ဝက်ဘ်ဆိုဒ်မှာ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး လက်သည်ဖြစ်သော ခွဲစိတ်ဆရာဝန် ကင်မ်ဆောင်အီလ်က အလုပ်လက်ခံမှုများပြုလုပ်နေဆဲဖြစ်သည်ဟု SCMP က ရေးသားသည်။

အဆိုပါ Post သည် ထိုဆေးခန်းအပြင် ဆေးခန်းမှ တရုတ်စကားပြောအရောင်းကိုယ်စားလှယ် နှင့် ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့တို့ဆီရောက်ရှိခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိပေ။ သို့သော် Chi က သူ၏ ယောက္ခမဖြစ်သူသည် Wechat မှ တဆင့်ဆေးခန်းတာဝန်ခံ မစ္စတာကင်မ် ၏ တောင်းပန်စာကို ရရှိခဲ့သည်ဟုဆိုသည်။

ဖြစ်ပျက်မှုအလုံးစုံမှာ Evita သည် သူမ၏ ၃၅ နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပရန်စီစဉ်နေစဉ်အတွင်း Ollim Surgery မှ အလှအပရေးရာအတိုင်ပင်ခံ ရှင်မ်ဘုတ်ဟွာ ( Shim-Bok-Hwa ) နှင့် အွန်လိုင်းမှတဆင့်ရင်းနှီးခဲ့သည်။ ရှင်မ် က သူမသည် သက်ဆိုင်ရာ industry တွင် အတွေ့အကြုံရှစ်နှစ်ရှိကြောင်း ပြောကြားခဲ့ပြီး WeChat မှ တဆင့် Ollim Surgery တွင် ခွဲစိတ်မှုပြုလုပ်ရန်ဖိတ်ကြားခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၁ တွင် Evita အားအလှအပဆိုင်ရာပြောင်းလဲမှုများစလုပ်ခဲ့သည်။ သို့သော် လက်နှစ်ဖက်နှင့်တင်ပါးဆုံနှစ်ဖက်ရှိ အဆီပိုထုတ်ယူခြင်းလုပ်ငန်းများ၊ အဆီများအားရင်သားဆီသို့ရွှေ့ပြောင်းခြင်း နှင့် ခြေသလုံးကြွက်သားတွင် Botox ထိုးခြင်းများပြုလုပ်အပြီး ဇန်နဝါရီ ၂၈ တွင် Evita မှာ ကွယ်လွန်ခဲ့သည်။

အဆိုပါ ခွဲစိတ်မှုကို Dermatology နှင့် Surgery Industry တွင် ဆယ်နှစ်ကြာအတွေ့အကြုံရှိသူ ဒေါက်တာကင်မ် မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အကူအဖြစ် ခွဲစိတ်ဆရာဝန် ဂျန်တေးဂွန် နှင့် သူနာပြု ပါ့ခ်မီဆိုး တို့ပါဝင်ခဲ့သည်။

တောင်ကိုရီးယားရဲတပ်ဖွဲ့မှ စစ်ဆေးမှုအထောက်အထားများအရ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း မေ့ဆေးဆရာဝန်မရှိခဲ့ပဲ နာကျင်မှုကိုသက်သာစေသော ဆေးများ နှင့် Propofol ခေါ်  Diprivan အမည်ရှိ မေ့ဆေးတစ်မျိုးထုတ်သောစက်ကို လွန်လွန်ကဲကဲအသုံးပြုခဲ့သည်ဟု အဆိုပါစုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ မစ္စတာ ဂျန် မှ SCMP သို့ပြောဆိုသည်။

ဆရာဝန် ကင်မ် ၏ ပြောကြားချက်အတိုင်း မစ္စတာ ဂျန်က ပြန်လည်ပြောကြားရာတွင် ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း Evita သည် နာကျင်မှုကြောင့် လူးလွန့်နေခဲ့ပြီး ကင်မ် မှ အနာသက်သာစေရန် နှင့် မေ့မျောနေစေရန် ကက်တမင်း ( Ketamine ) နှင့် မီဒါဇိုလမ် ( Midazolam ) ဆေးများအား နှစ်ကြိမ်တိတိထိုးနှံခဲ့သည်ဟု ဆိုသည်။

သို့သော် Evita ၏ ဘယ်ဘက်လက်မောင်းမှ အဆီများကို စတင်ဖယ်ရှားသောအခါ Evita ၏ အောက်ဆီဂျင် level သည် ၈၀ ရာခိုင်နှုန်းအထိကျဆင်းသွားပြီး သူမ၏ မျက်နှာမှာ စတင်ဖျော့တော့လာခဲ့သလို နှုတ်ခမ်းများမှာ ပြာနှမ်းလာခဲ့သည်။ လူနာတင်ကားရောက်ရှိလာပြီး အသက်ကယ်လုပ်ငန်းများဆောင်ရွက်စဉ်တွင် သူမ၏ နှာခေါင်း နှင့် ပါးစပ်မှသွေးများထွက်ရှိနေပြီဖြစ်သည်။ ထို့နောက် အွန်ပျောင်းကက်သလစ်တက္ကသိုလ် ရှိ စိန့်မေရီဆေးရုံသို့ရောက်ရှိအပြီး တစ်နာရီအကြာတွင် Evita ကွယ်လွန်ခဲ့သည်။

Evita ၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံတွင် မီးသဂြိုဟ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် ဟောင်ကောင်တွင် အသုဘအခမ်းအနားမပြုလုပ်နိုင်သော်လည်း မိသားစုဝင်များက Evita မွေးနေ့အား အွန်လိုင်းပေါ်တွင် အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကျင်းပခဲ့သည်။

မိသားစုဝင်များက အဆိုပါ ကိစ္စအတွက် တရားစီရင်မှု နှင့် စွဲချက်တင်နိုင်ရန်တို့ကို ရှေ့လအတွင်းအဆင်သင့်ဖြစ်ရန် မျှော်လင့်နေကြသည်။ မိသားစုဝင်များနှင့်အတူ ဟောင်ကောင်ရှိ အွန်လိုင်းသုံးစွဲသူတို့က Ollim Surgery ရှိ ဝန်ထမ်း နှင့် ဆရာဝန်များအား မူးယစ်ဆေး၊ ထုံဆေးသုံးစွဲမှုမပြုခင် ဓာတ်မတည့်မှုစမ်းသပ်ခဲ့ခြင်းမရှိခြင်း၊ ဓာတ်မတည့်ခြင်းဆိုင်ရာတုံ့ပြန်မှုများအတွက် ကုသမှုမခံယူခြင်း၊ သက်ဆိုင်ရာတာဝန်များတွင် ကျွမ်းကျင်မှုမရှိခြင်း၊ ပညာရှင်မဆန်ခြင်း၊ ဖြစ်ကတတ်ဆန်းပြုမူခြင်းများဖြင့် ပြင်းပြင်းထန်ထန်ဝေဖန် လျက်ရှိသည်။

ဖြစ်နိုင်ချေရှိသော အန္တရာယ်များနှင့်ပတ်သက်ပြီး ခွဲစိတ်ကုသခြင်းမပြုလုပ်မီ အချို့သော စာရွက်စာတမ်းများကို လူနာမှလက်မှတ်မထိုးသော်လည်း ဆေးခန်းမှ ထိုးခဲ့သယောင်အတုပြုလုပ်ခဲ့ခြင်းများလည်းရှိသည်ဟု ကျန်ရစ်သူမိသားစုမှ စွပ်စွဲခဲ့သည်။


Ollim Surgery and Dermatology Clinic မှ ဆရာဝန် မစ္စတာ ကင်မ်ဆောင်အီလ် - ဓာတ်ပုံ - SCMP

ဟောင်ကောင်ပလတ်စတစ်ဆာဂျရီ နှင့် အလှအပရေးရာခွဲစိတ်ဆရာဝန်များအသင်းမှ ဒေါက်တာ ဟိုချူးမင်း က Evita ၏ သေဆုံးမှုသည် ထုံဆေးနှင့်မေ့ဆေးအလွန်အကျွံသုံးစွဲမှု နှင့် ဆက်စပ်နေပြီး သက်ဆိုင်ရာနယ်ပယ်အတွင်း ကျွမ်းကျင်နှင့်လုပ်ထုံးလုပ်နည်းဥပဒေနားလည်သော ဝန်ထမ်းများလိုအပ်နေသေးသည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံရှိ ဆရာဝန်အမည်ခံခွဲစိတ်ဆရာဝန်များ ဆယ်ဦးတွင် တစ်ဦးကသာ ခွဲစိတ်ခြင်းဆိုင်ရာနည်းပညာများကို အပြည့်အဝသင်ကြားခဲ့သူဖြစ်ပြီး ကျန်သူများမှာ စာတွေ့ နှင့် လက်တွေ့အတွေ့အကြုံအပေါ် မှီခိုသင်ကြားနေရသူများသာဖြစ်သည် ဟု ဟို က ထပ်မံပြောကြားသည်။ မစ္စတာ ဟို က လူနာများအနေဖြင့် ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ခြင်းများမပြုလုပ်မီ သက်ဆိုင်ရာ အလှအပပြုပြင်ရေးဆေးခန်း၏ အခြေအနေ၊ နာမည်ကျော်ကြားမှု၊ မှန်ကန်တိကျမှု နှင့် ဂုဏ်သတင်းစသော အချက်အလက်များကို သေသေချာချာလေ့လာရန်လိုအပ်သည်ဟုဆိုသည်။ အဆိုပါ Ollim Surgery ၏ ဝက်ဘ်ဆိုဒ်တွင်ရေးသားထားသော အချက်အလက်များအရ မစ္စတာ ကင်မ် သည် Gangnam Severance Hospital တွင်လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး ကိုရီးယား ပလတ်စတစ်ဆာဂျရီ နှင့် အလှအပဆိုင်ရာခွဲစိတ်ဆရာဝန်များအသင်းဝင်လည်းဖြစ်သည် ဆို၏။

Ollim Surgery သည် တောင်ကိုရီးယား၏ လူချမ်းသာရပ်ကွက် ဂမ်းနမ်းတွင်တည်ရှိပြီး အလှအပရေးရာစင်တာ နှင့် ဆေးခန်းများပေါများသော ဂမ်းနမ်းရပ်ကွက်မှာ နိုင်ငံအနှံ့မှ အလှအပဆိုင်ရာခွဲစိတ်ခြင်းပြုလုပ်လိုသူများ အာရုံထားခြင်းခံရသောနေရာလည်းဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ပေါ့ဆမှုများကြောင့် လူသေဆုံးမှုနှင့်စပ်လျဉ်းသော အမှုများကိုကိုင်တွယ်ရသော ရှေ့နေ Lau Kar-wah က ဆိုးလ်ဒေသခံတရားရုံးများအနေဖြင့် အဆိုပါလူသေဆုံးမှုများကို ကိုယ်တွယ်ရန်ဆန္ဒမရှိဟု ပြောဆိုသည်။ အဆိုပါဖြစ်ရပ်တွင် သက်သေအဖြစ်တစ်ဦးတစ်လေပါဝင်ခြင်းမရှိသည့်အချက်က Evita သေဆုံးမှု၏ အဓိကလက်သည်ဖြစ်သော ဒေါက်တာကင်မ် ကို တရားရုံးတင်ရန် နှောင့်နှေးစေခြင်းပင်ဖြစ်သည်။

သန်းကြွယ်မိသားစုဝင်တစ်ဦးက ဟောင်ကောင်၏ အရေးယူမှုသည် ပထမဆုံးခြေလှမ်းအစ ဖြစ်ပြီး ကျန်ရှိသော တရားရေးလုပ်ထုံးလုပ်နည်းများကို တောင်ကိုရီးယားတွင်ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းသွားမည်ဟု SCMP သို့ပြောကြားခဲ့သည်။

Gabriel

WE Media

Source - South China Morning Posts

Original Link - https://www.scmp.com/news/hong-kong/law-and-crime/article/3064829/husband-sue-south-korean-plastic-surgery-clinic-over

Related Searches - Bossini Group, Bonnie Evita Law, Danny Chi, Raymond Law Ka-Kui, Ollim Surgery
















we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။