Coronavirus ပျံ့နှံ့မှုကြောင့် US ရဲ့ ပထမဆုံး ghost town ဖြစ်လာတဲ့ New Rochelle

ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ COVID-19 ခေါ် Coronavirus သစ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာမှာ ပွဲအခမ်းအနားတွေဖျက်သိမ်းခြင်း၊ ဈေးဝယ်စင်တာတွေ ပိတ်ခြင်း စတဲ့ ရောဂါထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူတော်တော် များများဟာလည်း လူစည်ကားထူထပ်တဲ့နေရာတွေကို ရှောင်လာကြပါတယ်။


(တရုတ်နိုင်ငံရှိ လူသူတိတ်ဆိတ်ကင်းမဲ့နေသည့် လမ်းမကြီးတစ်ခုကို တွေ့မြင်ရစဉ်၊ ဓာတ်ပုံ - Getty Images)

အဲဒါကြောင့် တချို့နိုင်ငံတွေမှာဆိုရင် ghost town လို့ တင်စားခေါ်ဝေါ်ရလောက်အောင်ကို လမ်းတွေပေါ်မှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြို့တွေတောင် အများအပြားရှိလာခဲ့ပါတယ်။ အဲဒီလိုမြို့တွေကို တရုတ်၊ တောင်ကိုရီးယားနဲ့ အီတလီနိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်။


(အမေရိကန်ပြည်တောင်စု၊ Westchester နယ်က New Rochelle မြို့ရှိ လမ်းမတစ်ခုကို တွေ့မြင်ရစဉ်၊ ဓာတ်ပုံ - Getty Image)

လူနေထူထပ်စည်ကားလှတဲ့ အမေရိကန်နိုင်ငံ၊ Westchester နယ်က New Rochelle မြို့ဆိုရင်လည်း လမ်းမ တွေပေါ်မှာ လူသူတိတ်ဆိတ်ခြောက်ကပ်နေပြီး ghost town တစ်ခုနဲ့တောင် ခပ်ဆင်ဆင်တူနေပါတယ်။

အကြောင်းက အမေရိကန်နိုင်ငံမှာ coronavirus ကူးစက်မှုနဲ့ သေဆုံးမှုတွေ အရင်ကထက် ပိုတိုးလာတာနဲ့ အမျှ အဲဒီမြို့ဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် တားမြစ်ထိန်းချုပ်ခံဧရိယာတစ်ခုု ဖြစ်နေတာကြောင့်ပါပဲ။ ဒါ့ပြင် Westchester နယ်မှာ ရောဂါကူးစက်ခံရသူအရေအတွက် အတော်များများတွေ့ရှိခဲ့ရတာကလည်း အကြောင်း အရင်း တစ်ရပ် ဖြစ်ပါတယ်။


(အမေရိကန်ပြည်တောင်စု၊ Westchester နယ်က New Rochelle မြို့ရှိ လမ်းတစ်လမ်းနှင့် စားသောက်ဆိုင်တို့ကို တွေ့မြင်ရစဉ်၊ ဓာတ်ပုံ - Getty Image)

အဲဒီလို တားမြစ်ထိန်းချုပ်ခံထားရတဲ့ ဇုံအတွင်းကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရဆိုရင် ခြောက်ကပ်နေ တဲ့ လမ်းတွေ၊ လူသူကင်းမဲ့နေတဲ့ စားသောက်ဆိုင်တွေနဲ့ ပိတ်ထားတဲ့ ကျောင်းတွေ တွေ့မြင်ရပါတယ်။ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကျော်ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်တဲ့ Seattle ဟာလည်း အရင်နဲ့မတူဘဲ ghost town တစ်ခုအဖြစ် ပြောင်းလဲခါနီး အခြေအနေဖြစ်နေပါပြီ။


(အမေရိကန်ပြည်တောင်စု၊ Westchester နယ်က New Rochelle မြို့ရှိ လမ်းတစ်လမ်းနှင့် စားသောက်ဆိုင်တို့ကို တွေ့မြင်ရစဉ်၊ ဓာတ်ပုံ - Getty Image)

နိုင်ငံရဲ့ အာဏာပိုင်တွေကလည်း လူစုလူဝေးကို ရှောင်ကြဉ်ကြဖို့ သတိပေးထားတာကြောင့် အခုလို လမ်းတွေ ပေါ်မှာ လူတွေရှင်းလင်းနေတာလည်း ဖြစ်ပါတယ်။ အရင်က နိုင်ငံခြားခရီးသည်ဝင်ရောက်မှု များပြားပြီး စည်ကားခဲ့တဲ့ အဲဒီမြို့တော်မှာ ဧည့်သည်ဝင်ရောက်မှုဟာ ၅၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွား သလို ရောင်းအားလည်း ကျဆင်းခဲ့တယ်လို့ ဒေသခံစားသောက်ဆိုင်တွေက တာဝန်ရှိသူတွေက ဆိုပါတယ်။


(အမေရိကန်ပြည်တောင်စု၊ Westchester နယ်က New Rochelle မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့မြင်ရစဉ်၊ ဓာတ်ပုံ - Getty Image)

လက်ရှိအမေရိကန်နိုင်ငံမှာ Coronavirus ကူးစက်ခံရသူပေါင်း ၁၃၂၉ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၃၈ ဦးအထိ ရှိသွားပါပြီ။ အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်ခံရသူအများဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၈ နေရာလောက် က ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8101655/New-Rochelles-coronavirus-ghost-town-Pictures-inside-New-Yorks-containment-unit.html?fbclid=IwAR1P4eHsnKaXJINOWs55g9it6CIkzOKJyM3gwCyWWuRz_U1gS4_O2L2inNQ

ဆက်စပ်ရှာဖွေမှုများ - CNBC, CNN


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။