ကနေဒါဝန်ကြီးချုပ်ကတော် Coronavirus ကူးစက်ခံနေရကြောင်း ထုတ်ပြန်ကြေညာ

နိုင်ငံတကာတွင် ကူးစက်မှုအရှိန်အဟုန်ကောင်းလာသည့် COVID-19 ခေါ် coronavirus သစ်၏ ကူးစက်ပျံ့နှံ့မှု ဒဏ်ကို နိုင်ငံတချို့ရှိ ထိပ်သီးခေါင်းဆောင်များလည်း ခံစားနေကြရသည်။ ယနေ့မနက်ထွက်ရှိလာသည့် သတင်းများအရဆိုလျှင် ကနေဒါဝန်ကြီးချုပ် Justin Trudeau ၏ ဇနီးဖြစ်သူ Sophie Gregoire Trudeau သည်လည်း coronavirus ကူးစက်ခံနေရပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းကို မတ် ၁၃ ရက်တွင် The Guardian သတင်းဌာနမှ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။


Image Credit: Pinterest

အသက် ၄၄ နှစ်အရွယ် ကနေဒါဝန်ကြီးချုပ်ကတော် Sophie Trudeau သည် ယူကေခရီးစဉ်မှ ပြန်လာပြီး နောက်တွင် ယခုကဲ့သို ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ကြာသာပတေးနေ့ ညနေပိုင်းတွင် သူမအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံနေရပြီဖြစ်ကြောင်းနှင့် နောက်နှစ်ပတ်ကြာ သီးသန့်နေထိုင်ရမည့် အစီအစဉ်ကို လည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သူမခံစားနေရသည့် ရောဂါ လက္ခဏာမှာ သိပ်အားမပြင်းလှကြောင်း လည်း ဖော်ပြထားသည်။


Image Credit: EMPICS Entertainment

ယခုလက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် နေထိုင်မကောင်းဖြစ်နေသော်လည်း မကြာခင် ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်းကိုလည်း သူမက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိအခြေအနေကို အတူတူကျော်ဖြတ်ကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန် အများပြည်သူကို သတိပေးပြောကြားထားသည်။


Image Credit: Pinterest

ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက် အရ အသက် ၄၈ နှစ်အရွယ် ကနေဒါဝန်ကြီးချုပ် Justin Trudeau ကိုယ်တိုင်မှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ရောဂါလက္ခဏာလည်း မရှိကြောင်း သိရသည်။ သို့ရာတွင် နှစ်ပတ် ကြာအောင် ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

Image Credit: The Weather Channel

ဝန်ကြီးချုပ်ကတော် Sophie သည် ယခင်က တီဗီအစီစဉ်တင်ဆက်သူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းများစွာကို လည်း လုပ်ဆောင်နေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် Justin Trudeau နှင့် လက်ဆက်ခဲ့ပြီး ယခုလက်ရှိတွင် သားသမီး ၃ ယောက် ထွန်းကားနေပြီ ဖြစ်သည်။


Image Credit: Shutterstock 

လက်ရှိ ကနေဒါနိုင်ငံတွင် Coronavirus ကူးစက်ခံရသူ ၁၀၃ ဦးရှိနေပြီး တစ်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

Katie Scarlett
We Media
Source: The Guardian

Original Link: https://www.theguardian.com/world/2020/mar/12/justin-trudeau-coronavirus-sophie-trudeau-canada?fbclid=IwAR26aM6gUEIL6MlDgbKkfhC1jHsgtReGrTwQ4Cq5jp9JoOBY6bMg097uaFE

ဆက်စပ်ရှာဖွေမှုများ - Daily Mail, BBC


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။