ဝူဟန်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်သူအသစ်ထပ်မတွေ့ရတော့ကြောင်း ကျန်းမာရေးဌာနထုတ်ပြန်

မတ် ၁၉၊ ၂၀၂၀၊ ရန်ကုန်။


ဗုဒ္ဓဟူးနေ့က ဝူဟန့်မြို့လေဆိပ်မှာ ဒေသခံတွေကို နှုတ်ဆက်နေတဲ့ ယူနန်ပြည်နယ်ကျန်းမာရေးဝန်ထမ်းများ - ဓာတ်ပုံ - Barcroft Media via Getty Images

တရုတ်နိုင်ငံ၊ ဝူဟန်ပြည်နယ်မှာ ရောဂါစတင်ဖြစ်ပွားပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကူးစက်မှုအသစ်မတွေ့ရတဲ့အကြောင်းကို တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားလာပါတယ်။ ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်တဲ့ ဝူဟန့်မြို့တည်ရှိရာ ဟူဘေးပြည်နယ် နဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ ကူးစက်ရောဂါအသစ်တွေ့ရှိရခြင်းမရှိကြောင်း ကို တရုတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာဖြစ်တယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ case အသစ် ၃၄ ခုကိုတွေ့ရှိခဲ့ရပေမယ့် အဲ့ဒီ case တွေအားလုံးဟာ imported လို့သုံးနှုန်းနေတဲ့ ပြည်ပကနေ ဝင်ရောက်လာတဲ့သူတွေမှာ တွေ့ရှိခဲ့ရတာပါ။ သေဆုံးနှုန်းကိုကြည့်မယ်ဆိုရင် ဟူဘေးပြည်နယ်အလယ်ပိုင်းမှာ သေဆုံးသူ ၈ ဦးရှိပြီး မြို့တော်ဝူဟန့်မှာတော့ သေဆုံးသူက ၆ ဦးသာရှိခဲ့ပါတယ်။

ဆိုတော့ နေ့စဉ်မှတ်တမ်းတွေအရ ပြည်ပကရောက်လာတဲ့ ကူးစက်မှု ၃၄ ခု နဲ့ ဘေဂျင်းမြို့တော်က ကူးစက်မှုအသစ် ၂၁ ခုသာရှိခဲ့တာဖြစ်တယ်။ လက်ရှိမှတ်တမ်းတွေအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၄၅ ဦးနဲ့ ကူးစက်မှုက ၈၀၉၂၈ ခုရှိနေပါတယ်။ ရောဂါဖြစ်ပွားမှုအမြင့်ဆုံးကာလတွေမှာ ဝူဟန့်မြို့က ကျန်းမာရေးတပ်ဦး ( Frontliners ) တွေဟာ ထောင်နဲ့ချီတဲ့ကူးစက်သူတွေကို နေ့စဉ်ကုသမှုတွေပြုလုပ်ပေးခဲ့ပြီး လက်ရှိမှာ လူပေါင်း ၇၀၀၀၀ ကျော်ကရောဂါသက်သာလာတာကြောင့် ဆေးရုံတွေကနေ ဆင်းသွားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် နောက်ထပ် လူပေါင်း ခုနှစ်ထောင်ကျော်ကတော့ ကုသမှုတွေဆက်လက်ခံယူနေရဆဲပါ။

တရုတ်နိုင်ငံမှာ အခုဆိုရင် အခြေအနေတွေက ပြန်လည်တည်ငြိမ်လာပြီဖြစ်လို့ ခရီးသွားလာခွင့်ကန့်သတ်မှုတွေကို ဖြည်းဖြည်းချင်းစီဖြေလျှော့ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေကနေ အဓိကမြို့တော်တွေဖြစ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းတို့ကိုရောက်ရှိလာသူတွေအတွက်တော့ ၁၄ ရက်ကြာမြင့်တဲ့ ရောဂါခြေချုပ်စည်းမျဉ်းတွေကို ထုတ်ပြန်ထားပါတယ်။

ဝူဟန့်မြို့မှာ မတ်လအလယ်ကနေ မတ်လကုန်အတွင်း ကူးစက်မှုအသစ်မတွေ့ရသလောက်ဖြစ်မယ်လို့ ခန့်မှန်းနေပြီး ၁၄ ရက်အတွင်း နောက်ထပ်ကူးစက်မှုမတွေ့ရင်တော့ မြို့တော်ကိုပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပေးမယ်လို့ အစိုးရကျောထောက်နောက်ခံ China Daily သတင်းစာက ဖော်ပြပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုက ပြန်လည်ခေါင်းထောင်လာနိုင်တဲ့အတွက် ရောဂါထိန်းချုပ်မှု နဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာလှုပ်ရှားမှုတွေကတော့ ဆက်လက်ရှိနေဦးမယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Li Lanjuan က China Daily ကိုပြောပါတယ်။

ရောဂါဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်မှာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်အထိ သေဆုံးမှုက ၃၁၃၀ ရှိခဲ့ပြီး ကမ္ဘာပေါ်က သေဆုံးသူစုစုပေါင်း ၈၉၆၉ ဦးရဲ့ သုံးပုံတစ်ပုံကျော်တိတိရှိနေပါတယ်။ ဒါပေမယ့်  ဝူဟန့်မြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က case တစ်ခု နဲ့ အင်္ဂါနေ့က case တစ်ခုအပြီး ဗုဒ္ဓဟူးနေ့ကနေစပြီး ရောဂါဖြစ်ပွားမှု ( case ) အသစ်မရှိသေးပါဘူး။ ကျန်တဲ့ ဟူဘေးပြည်နယ်ဒေသတွေမှာတော့ ရောဂါအသစ်ဖြစ်ပွားမှုမရှိတာ ဒီနေ့နဲ့ပါပေါင်းရင် နှစ်ပတ်နီးနီးလောက်ရှိနေပါပြီ။

အချုပ်အားဖြင့်ဆိုရင်တော့ တရုတ်ပြည်မကြီးတစ်ခုလုံးမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကူးစက်မှုအသစ် ၃၄ ခုတွေ့ရှိရတာကလွဲရင် ဒေသတွင်းကူးစက်မှုကတော့ မရှိသလောက်ကိုနည်းပါးနေပြီလို့ အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ပြည်သူ့နိုင်ငံအတွက်တော့ ဒါက သတင်းကောင်းတစ်ခုပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုနဲ့သေဆုံးမှုက တဖြည်းဖြည်းလျော့ကျလာပေမယ့် တရုတ်နိုင်ငံပြင်ပ ( အထူးသဖြင့် ) ဥရောပနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းက ၁၃ ဆပိုပြီးများပြားလာပါတယ်။ အဆိုးဆုံးကတော့ သက်ကြီးရွယ်အိုဦးရေအများဆုံးရှိတဲ့ အီတလီနိုင်ငံဖြစ်ပြီး ကူးစက်မှုဒဏ်ကိုအဆိုးဆုံးခံလိုက်ရတဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက်ဖြစ်ပါတယ်။ အခုအချိန်မှာ အီတလီနိုင်ငံတွင်းသေဆုံးသူက ၂၉၀၀ ကျော်နေပြီး တရုတ်နိုင်ငံရဲ့ စုစုပေါင်းသေဆုံးသူ ၃၂၄၅ ဦးကို နေ့ချင်းညချင်းကျော်သွားနိုင်တဲ့အခြေအနေကိုရောက်ရှိနေပါတယ်။

Gabriel
WE Media
Source - NIKKEI ASIAN REVIEW
Original Link - https://asia.nikkei.com/Spotlight/Coronavirus/Wuhan-reports-no-new-coronavirus-cases-for-first-time?fbclid=IwAR1j7h6G-mMmcV_EXuqu1WU-XnFMs-ndAxfu6XhoVrmRqhoiVivyfTQWGPk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။