အီတလီနိုင်ငံတွင်သေဆုံးသူတို့၏ အခေါင်းများအား စစ်ထရပ်ယာဉ်များဖြင့် မြို့ပြင်သယ်ထုတ်နေ

မတ် ၂၀၊ ၂၀၂၀၊ ရန်ကုန်။

ကျွန်တော်တို့အစက မျှော်လင့်ထားတဲ့အတိုင်း အီတလီနိုင်ငံရဲ့ လူအဖိတ်အစင်စာရင်းဟာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းသေပျောက်နှုန်းကို ကျော်တက်သွားခဲ့ပြီဆိုတာပဲ။ တရုတ်နိုင်ငံရဲ့ အသေအပျောက်စာရင်းက ၃၂၄၈ ဖြစ်ပြီး အီတလီကဒီနေ့မနက်ပိုင်းမှာ လူသေဆုံးမှုနှုန်း ၃၄၀၅ ကိုရောက်လာတဲ့အတွက် COVID-19 ကြောင့် လူသေဆုံးမှုအများဆုံးက အီတလီနိုင်ငံဖြစ်လာပါတယ်။


စစ်ထရပ်ယာဉ်များစတင်ထွက်ခွာနေစဉ်
Image Credit - EPA

အီတလီနိုင်ငံမှာ လူအသေအပျောက်နှုန်းက မတရားမြင့်တက်နေပြီး လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းတင် လူသေဆုံးမှု လေးရာကျော်ရှိခဲ့တာကြောင့် စံချိန်တင်အသေအပျောက်စာရင်းဖြစ်လာတယ်။ လက်ရှိမှာ COVID-19 ပြန့်နှံ့မှုကို အပြင်းထန်ဆုံးခံနေရတဲ့ အီတလီနိုင်ငံတောင်ပိုင်း လွန်ဘာဒီပြည်နယ်က ဘာဂါမိုမြို့အခြေအနေတွေကို ပြန်ပြီးတင်ဆက်ပေးပါ့မယ်။


ဘာဂါမိုသုသာန်တွင် နေရာလွတ်မရှိတော့သည့်နောက်အလောင်းများအားမြို့ပြင်သယ်ထုတ်ရန် အီတာလျံစစ်သည်များ နှင့် ထရပ်ကားများက စောင့်ဆိုင်းနေကြသည်။
Image Credit - Sergio Agazzi@REX

ဘာဂါမိုမြို့တော်ခန်းမရှေ့မှာ စစ်ထရပ်ကားပေါင်း ၁၅ စီးလောက်နဲ့ စစ်သည် ၅၀ လောက်က အသင့်အနေအထားနဲ့စောင့်ကြပ်နေကြတယ်။ သူတို့တွေက ဘာဂါမိုဆေးရုံက ရောက်လာတဲ့ အလောင်းတွေကိုတင်ပြီး မြို့ပြင်ကိုသယ်ထုတ်ရမှာပါ။


ဘာဂါမိုမြို့ရှိ ပွန်တီဆန်ထရီယိုဆေးရုံကြီးအတွင်း အခေါင်းများပြင်ဆင်နေသော ဆေးရုံဝန်ထမ်းတစ်ချို့ကိုမြင်ရသည်။ လွန်ဘာဒီခရိုင်သည် အီတလီနိုင်ငံအတွင်း ဗိုင်းရပ်စ်ထိုးနှက်မှုကို အပြင်းထန်ဆုံးခံရသော ခရိုင်လည်းဖြစ်သည်။
Image Credit - IPA@Backgrid

မနေ့ညက လူပေါင်း ၉၃ ဦးထပ်မံသေဆုံးခဲ့ပြီးနောက်မှာတော့ ဘာဂါမိုသုသာန်မှာ အလောင်းတွေကိုမြှုပ်ဖို့နေရာမရှိတော့ပါဘူး။ သုသာန်က ဝန်ထမ်းတွေအနေနဲ့ တစ်ရက်ကို အလောင်း ၂၄ လောင်းခန့်ကို ပုံမှန်မြှုပ်နှံနေရတဲ့အတွက်ကြောင့် လက်ရှိမှာတော့ သုသာန်မှာ နေရာလွတ်မကျန်တော့ပါဘူး။ အဲ့ဒီအတွက် နောက်ထပ်သေဆုံးတဲ့ အလောင်းတွေကို စစ်ထရပ်တွေပေါ်တင်ပြီး အနီးအနားက ပြည်နယ်တွေဆီပို့ဆောင်နေရပါတယ်။


ဘာဂါမိုမြို့လမ်းမတစ်လျှောက်မောင်းနှင်လာသော စစ်ထရပ်ကားများ
Photo Credit - Albertissimo78@Twitter

အီတာလျံမီဒီယာတစ်ချို့ရဲ့သတင်းတွေအရ မတ်လ ၁၉ ရက်နေ့ည က ဘာဂါမို သုသာန်ကနေ အလောင်းပေါင်း ၇၀ လောက်ကို စစ်ထရပ်တွေနဲ့သယ်ထုတ်ခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်းကိုတော့ Business Insider က တင်ထားတာပါ။ နောက်ဆက်တွဲသတင်းတွေကိုလည်း ထပ်ပြီးတင်ဆက်ပေးပါ့မယ်။

Gabriel
WE Media
မူရင်းသတင်း Link - https://www.businessinsider.com/coronavirus-italy-army-transport-coffins-bergamo-morgue-crisis-video-2020-3


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။