မိသားစုကိုတောင် မျက်မြင်နှုတ်ဆက်ခွင့်မရဘဲ အထီးကျန်စွာ သေဆုံးခဲ့ရသူများ

COVID-19 ကူးစက်မှုဒဏ်ကို အလူးအလဲခံစားနေရတဲ့ အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် တဖြည်းဖြည်းမြင့်တက်လာပါတယ်။ အခုဆိုရင် အီတလီနိုင်ငံရဲ့ Coronavirus ကြောင့် သေဆုံးမှု နှုန်းထားဟာ တရုတ်နိုင်ငံရဲ့နှုန်းကို ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ အီတလီနိုင်ငံက ဆေးရုံတွေမှာ လူနာတွေ တစ်ဦးပြီးတစ်ဦး သေဆုံးနေမှုကို မြင်နေရတဲ့ ဆရာဝန်တွေရဲ့ဘဝကလည်း တကယ်မလွယ်လှပါဘူး။

အီတလီနိုင်ငံက ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ Dr. Romano Paolucci ရဲ့အဆိုအရတော့ သူ့အတွက်အခက်အခဲ ဆုံးအရာတစ်ခုက လူတွေသေဆုံးသွားတာကို မြင်နေရခြင်းမဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ တွေ့မြင်နေကြ အဖြစ်အပျက်တွေပါ။ သူ့အတွက်မြင်ရတာ အခက်အခဲဆုံးအရာတစ်ခုကတော့ လူနာတွေ အနေနဲ့ ဘေးနားမှာ မိသားစုဆွေမျိုးတွေ၊ ချစ်သူခင်သူတွေမရှိဘဲ နောက်ဆုံးအချိန်ကို တစ်ယောက်တည်း ဖြတ်သန်းသွားရခြင်းပါ။


Image Credit: One News Page

သေဆုံးသွားကြတဲ့ ရောဂါကူးစက်ခံလူနာတွေဟာ သူတို့ရဲ့ နောက်ဆုံးစကားကိုတောင် မိသားစုတွေဆီ ဖုန်းလိုင်းကနေတဆင့်ပဲ ပြောဆိုခဲ့ရပြီး သေချာပြောဆိုနှုတ်ဆက်ခွင့်လည်း မရခဲ့ကြပါဘူး။ အီတလီနိုင်ငံရဲ့ Coronavirus တိုက်ပွဲမှာ ရှေ့တန်းကပါဝင်နေတဲ့ Dr. Paolucci ဟာ Oglio Po ဆေးရုံငယ်မှာ ကာလရှည်ကြာ ပင်ပင်ပန်းပန်းအလုပ်လုပ်နေကြရတဲ့ ဆရာဝန်အယောက် ၇၀ ထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။


Image Credit: FOX2now

သူ့ရဲ့အဆိုအရ ဆေးရုံဝန်ထမ်းတွေလည်း အားအင်တွေကုန်ခန်းနေကြပြီး သူတို့ဆေးရုံဟာသေးငယ်ပေမဲ့လည်း လူနာတွေပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ဆေးရုံစင်္ကြန်မှာလည်း ဆေးရုံသုံးစက်ကိရိယာတွေရဲ့ တတီတီမြည် သံ၊ အချက်ပေးသံနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယောက်ယက်ခတ်လှုပ်ရှားနေသံတွေဟာ သူ့အတွက်တော့ နားယဉ်လို့ နေပါပြီ။


Image Credit: CNA

“ကျွန်တော်တို့မှာ အရင်းအမြစ်တွေ လုံလောက်မှုမရှိပါဘူး၊ အထူးသဖြင့်ကတော့ ဝန်ထမ်းတွေပါ။ ပိုဆိုးတာက ရှိတဲ့ ဝန်ထမ်းတွေတောင် စပြီးနေမကောင်းဖြစ်လာကြပါပြီ” လို့လည်း Dr. Paolucci က ဆိုပါတယ်။ ဆေးရုံ ဝန်ထမ်းတွေဟာ လူနာတွေအသက်ရှင်သန်ရေးအတွက် တစ်နေ့ကို ၁၂ နာရီ    ကျော်အောင် မနေမနားနဲ့ ပင်ပင် ပန်းပန်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒါ့ပြင် မိသားစုတွေဘေးမှာမရှိဘဲ တစ်ယောက်တည်းအထီးကျန်စွာ သေဆုံးသွားရတဲ့ လူနာတွေကိုလည်း တွေ့မြင်နေရတာကလည်း သူတို့အတွက် စိတ်ထိခိုက်စရာဖြစ်စေပါတယ်။


Image Credit: Devdiscourse

ဆေးရုံဝန်ထမ်းတွေအနေနဲ့ သေဆုံးခါနီးလူနာတွေအတွက် လုပ်ပေးနိုင်တဲ့အရာတစ်ခုကတော့ မိသားစု၊ ဆွေမျိုး တွေဆီ ဖုန်းကနေတဆင့် ဆက်သွယ်ပေးခြင်းပါပဲ။ တချို့လူနာတွေက သူတို့ကိုယ်တိုင် ဖုန်းခေါ်နိုင်ပေမဲ့ တချို့ အသက်အရွယ်ကြီးရင့်နေတဲ့ လူနာတွေကတော့ ဖုန်းမသုံးတတ်တာကြောင့် ဆေးရုံဝန်ထမ်းတွေကပဲ မိသားစုနဲ့ ဆက်သွယ်နိုင်အောင် ကြိုးစားပေးကြရပါတယ်။


Image Credit: Los Angeles Times

အီတလီနိုင်ငံ၊ Oglio Po ဆေးရုံမှာ ဆေးရုံတစ်ရုံလုံးဟာ Coronavirus အရေးပေါ်နေရာအဖြစ် လုံးဝပြောင်းလဲ သွားခဲ့ပါပြီ။ ဆေးရုံမှာ ကလေးလူနာဆောင်၊ နှလုံးကုသဆောင်ရယ်လို့လည်း ခွဲခြားမှုမရှိတော့ဘဲ အရေးပေါ် ခွဲစိတ်ကုသမှုအတွက်တောင် ဆေးရုံကုတင် ၃ လုံးပဲ ရှိပါတော့တယ်။

ဆေးရုံမှာရှိတဲ့ ခွဲစိတ်ဆရာဝန် ၉ ဦးထဲက ၆ ဦးဟာ COVID-19 ကူးစက်ခံနေရပြီး ဆေးရုံတစ်ခုလုံးအနေနဲ့ဆိုရင် ကူးစက်ခံထားရတဲ့ ဝန်ထမ်းဟာ ၂၀ ရာခိုင်နှုန်းလောက် ရှိနေပါပြီ။ ဆေးရုုံဟာ လူနာတွေများပြားလှတဲ့ ကြားမှာ ကူးစက်ခံရတဲ့ ဆေးရုံဝန်ထမ်းတွေလည်း ရှိနေတာကြောင့် ဝန်ထမ်းအင်အားမလုံလောက်မှုမရှိပါဘူး။


Image Credit: Malaysiakini

အဲဒီလိုအဖြစ်အပျက်တွေဟာ Oglio Po ဆေးရုံရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝဖြစ်ပြီး အီတလီနိုင်ငံရဲ့ တခြား ဆေးရုံတွေမှာလည်း အလားတူအဖြစ်အပျက်မျိုးတွေ ဖြစ်နေမှာ သေချာပါတယ်။ လက်ရှိအီတလီနိုင်ငံမှာ ရောဂါ ကူးစက်ခံရခြင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၄၀၅ ယောက် ရှိသွားပြီဖြစ်တာကြောင့် တရုတ်နိုင်ငံ ရဲ့သေဆုံးနှုန်းကို ကျော်သွားပြီ ဖြစ်ပါတယ်။

Katie Scarlett

We Media
Source: Channel News Asia

Original Link: https://www.channelnewsasia.com/news/world/coronavirus-covid-19-patients-die-alone-breaks-doctors-hearts-12558460?fbclid=IwAR2nDiJLtiSl6tmVuRM8C9REtDnROmLcSQmGbIfKZmRupEI2rBk1Rci-26A


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။