ဘင်္ဂလားဒေ့ရှ်တွင် covid19 ဗိုင်းရပ်စ်ကာကွယ်ရန် လူနှစ်သောင်းခွဲစုဝေးပြီး ဆုတောင်းပွဲပြုလုပ်

မတ် ၂၀၊ ၂၀၂၀၊ ရန်ကုန်။


ရိုင်ပူးရ်မြို့မှာ ဆုတောင်းရွတ်ဖတ်ပွဲပြုလုပ်နေကြတဲ့ ဒေသခံများ - ဓာတ်ပုံ - CNA

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုင်ပူးရ်မြို့ဒေသခံပေါင်း တစ်သောင်းကျော်လောက်စုဝေးပြီး Global Pandemic ( ကမ္ဘာ့ကူးစက်ကပ်ရောဂါ ) COVID-19 ကိုကာကွယ်ဖို့ ကျမ်းစာရွတ်ဖတ်သရဇ္ဈာယ်မှုပြုလုပ်ခဲ့ပါတယ်။ ဒေသခံတွေဟာ ကုရ်အာန်ကျမ်းစာမှာပါဝင်တဲ့ ကုသခြင်းဆိုင်ရာဆုတောင်းစာတွေကို စုဝေးပြီးရွတ်ဆိုခဲ့ကြတာပါ။ ဒီအကြောင်းကိုတော့ ရိုင်ပူးရ်မြို့ရဲဌာနချုပ်က ရဲမင်းကြီး တိုတာမီယာ ( Tota Miah ) က CNA ကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒေသခံတွေက ခတ်တ်မီရှစ်ဖားရ် လို့ခေါ်တဲ့ ဆုတောင်းစာရွက်တွေကို ကိုင်ဆောင်ပြီး ဆုတောင်းစာတွေကို သံပြိုင်ရွတ်ဆိုခဲ့ကြတာဖြစ်တယ်လို့ ရဲမင်းကြီးက ဖြည့်စွက်ပြောဆိုပါတယ်။

နောက်ထပ်သတင်းအချက်အလက်တွေအရ အဆိုပါ ဆုတောင်းပွဲကိုတက်ရောက်လာတဲ့သူတွေဟာ အရေအတွက် နှစ်သောင်းခွဲလောက်ရှိတယ်လို့ထပ်ပြီးသိရပါတယ်။ ဒါပေမယ့် အဲ့ဒီလောက်များပြားတဲ့ လူစုလူဝေးပြုလုပ်ဖို့အတွက် သက်ဆိုင်ရာ organizer တွေက အာဏာပိုင်တွေဆီကနေ ခွင့်တောင်းခြင်းမပြုလုပ်ခဲ့ပါဘူး။

အဲဒီလို လူစုလူဝေးနဲ့ဆုတောင်းရွတ်ဆိုနေကြတဲ့ ဓာတ်ပုံတွေက ဘင်္ဂလားဒေ့ရှ်မီဒီယာစာမျက်နှာတွေကနေ ပြန့်နှံ့သွားပြီး လူမှုကွန်ယက်သုံးစွဲသူတွေက ဝေဖန်မှုတွေပြုလုပ်လာကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကို ကာကွယ်ဖို့အတွက် အခုအခါ ကျောင်းတွေကိုပိတ်ထားပြီး လူစုလူဝေးမပြုလုပ်ဖို့ကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုထုတ်ပြန်ချက်တွေပြုလုပ်နေပေမယ့်လည်း လူတော်တော်များများကတော့ ခရီးတွေသွားဆဲ၊ ဘာသာရေးဆိုင်ရာနေရာတွေမှာ လူစည်ကားနေဆဲပါပဲ။

အာဏာပိုင်တွေက ကော့ဘဇားရ်ကမ်းခြေအပါအဝင် လူစည်ကားတဲ့ကမ်းခြေအပန်းဖြေစခန်းနှစ်ခုကို အသွားအလာကန့်သတ်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။ ကော့ဘဇားရ်ကမ်းခြေကတော့ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ဘင်ဂါလီ ( ရိုဟင်ဂျာ ဟု မူရင်းပို့စ်တွင်ဖော်ပြ ) ဒုက္ခသည်တစ်သန်းကျော် ကိုထိန်းသိမ်းထားတဲ့ စခန်းတွေနဲ့ မနီးမဝေးမှာရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဝါမီလိခ် ပါတီက အကြီးအကဲဖြစ်သူ အိုဘိုင်ဒူလ်ကာဒါ ကတော့ ဗိုင်းရပ်စ်ပြန့်နှံ့မှုကိုကာကွယ်ဖို့အတွက် ပိတ်ဆို့ ( Lockdown ) မှုတွေစတင်သင့်ပြီလို့ အကြံပြုပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်ခံရသူ ၁၈ ဦးရှိနေပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ ကူးစက်မှုတွေအတိအကျသိနိုင်ဖို့ စစ်ဆေးရေးကိရိယာတွေမလုံလောက်မှာကို စိတ်ပူနေကြပါတယ်။

Gabriel
WE Media
Source - Channel News Asia
Original Link - https://www.channelnewsasia.com/news/asia/massive-bangladesh-coronavirus-prayer-gathering-sparks-outcry-12556292



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။