COVID-19 ကြောင့် အီရန်တွင် ဆယ်မိနစ်တိုင်း လူတစ်ဦးခန့် သေဆုံးနေကြောင်း အာဏာပိုင်တို့ထုတ်ပြန်


မတ် ၂၀၊ ၂၀၂၀၊ ရန်ကုန်။


အီရန်နိုင်ငံဆေးရုံတစ်ရုံအတွင်း COVID-19 လူနာတစ်ဦးကို စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး - ဓာတ်ပုံ - Farhad Babaei@Magnus News

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဆယ်မိနစ်တိုင်းမှာ လူတစ်ဦးနှုန်းသေဆုံးနေကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုမျိုး သေဆုံးရတဲ့အကြောင်းရင်းလည်းရှိနေပါတယ်။ အဲ့ဒါကတော့ ရောဂါရှိတဲ့သူရဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေဟာ အကာအကွယ်တွေဝတ်ဆင်ထားခြင်းမရှိပဲ အနီးအနားမှာ ရှိနေကြတာရယ်၊ အလောင်းကိုမြေချချိန်တွေမှာ လက်အိတ်၊ protective coverall နဲ့ surgical mask လိုမျိုး အကာအကွယ်တွေဝတ်ဆင်မထားတာကြောင့်ဖြစ်ပါတယ်။

လက်ရှိ အီရန်နိုင်ငံမှာ လူပေါင်း ၁၈၅၀၀ လောက်ကူးစက်ခံနေရပြီး လူပေါင်း ၁၂၈၄ ဦးသေဆုံးခဲ့ပါပြီ။ အဲ့ဒီနှုန်းဟာ ရောဂါဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ နဲ့ ဥရောပက အီတလီနိုင်ငံပြီးရင် အမြင့်ဆုံးနှုန်းပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးမှုနှုန်းက ၁၄၉ ဦးတိတိရှိခဲ့တယ်။ ဒါဟာ တစ်နေ့တည်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ အမြင့်ဆုံးသေဆုံးမှုနှုန်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးက အီရန်နိုင်ငံကို တဖြည်းဖြည်းနဲ့ဝါးမြိုနေတယ်ဆိုတဲ့အချက်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးက ဒီကပ်ရောဂါကို အသေအပျောက်အများဆုံး Pandemic အဖြစ်သတိပေးထားပြီး အီရန်ရဲ့ လူသေဆုံးမှုဟာ အခုလက်ရှိအခြေအနေထက် ငါးဆပိုပြီးမြင့်တက်လာနိုင်တဲ့အကြောင်းကိုလည်း သတိပေးထားပါတယ်။ အီရန်အာဏာပိုင်တွေအနေနဲ့လည်း ရောဂါခြေချုပ် နဲ့ self-isolation လိုမျိုး ဥပဒေတွေပြည်သူကြားထဲ ပြန့်နှံ့ဖို့ကို အသည်းအသန်ကြိုးပမ်းနေရဆဲပါ။

နောက်ထပ်သတင်းတစ်ခုအရ ပြီးခဲ့တဲ့ကြာသပတေးနေ့က တစ်နာရီအတွင်း လူပေါင်း ၆ ဦးလောက်သေဆုံးခဲ့တယ်လို့ အီရန်ကျန်းမာရေးဦးစီးဌာနက ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကီနူ့ရှ် ဂျဟန်ပူးရ် က The Sun ကို ပြောဆိုခဲ့တယ်။ ဆိုတော့ အဲ့ဒီသတင်းအချက်အလက်တွေကို အခြေခံလိုက်မယ်ဆိုရင်တော့ ဆယ်မိနစ်ကို လူတစ်ဦးနှုန်းနဲ့ တစ်နာရီမှာ လူခြောက်ဦးသေဆုံးနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ဒီနှုန်းက မြင့်တက်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ တီဟီရန်အခြေစိုက် ရှာရစ်ဖ်နည်းပညာတက္ကသိုလ် မှာပြုလုပ်ခဲ့တဲ့ကွန်ပျုတာပုံရိပ်စမ်းသပ်ချက်အရ ဒီနှုန်းအတိုင်းသာဆက်သွားနေခဲ့မယ်ဆိုရင် မေလအလယ်လောက်မှာ သေဆုံးသူအရေအတွက် ၁၂၀၀၀ ကျော်နဲ့ သေဆုံးနှုန်းဟာ အထွတ်အထိပ်ကိုရောက်လာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်။

တကယ်လို့သာ အီရန်ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေ၊ ကျန်းမာရေးလမ်းညွှန်ချက်တွေကို ဂရုမပြုပဲနေမယ်ဆိုရင်တော့ လူပေါင်း ၃.၅ မီလျံရဲ့ အသက်တွေဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ အီရန်ကျန်းမာရေးဦးစီးဌာနက ထပ်ပြီးသတိပေးထားပါတယ်။ အီရန်မှာ အဲ့ဒီလိုအခြေအနေတွေဖြစ်ပေါ်နေတဲ့အချိန်မှာပဲ ကြာသပတေးနေ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုစုစုပေါင်းက နှစ်သိန်းကျော်ရှိလာပြီး သေဆုံးမှုနှုန်းကတော့ ၉၀၀၀ အထိမြင့်တက်လာခဲ့ပါတယ်။

Gabriel
WE Media
Source - Independent
Original Link - https://www.independent.co.uk/news/world/middle-east/coronavirus-iran-update-death-toll-medical-shortages-facemasks-a9411416.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။