သင်္ကြန်ပိတ်ရက်ရှည်၊ တတိယလှိုင်း နဲ့ အိမ်လွမ်းနာ

သင့်ကြောင့် မြန်မာနိုင်ငံကို ဒုတိယအီတလီမဖြစ်ပါစေနဲ့

COVID-19 ကူးစက်မှုမြင့်နေတဲ့ကာလမှာ အစစအရာရာက သာမန်အခြေအနေတွေနဲ့မတူတော့တာလူတိုင်းသိကြမှာပါ။ ဥပမာပြောရရင် - ကျွန်တော်တို့ ခါတိုင်းလုပ်နေကျ အပြင်ထွက်၊ ဈေးဝယ်၊ ဘတ်စ်ကားစီးတာ၊ ညဈေးတွေ၊ ဘုရားတွေ နဲ့ ပျော်ပွဲရွှင်ပွဲသွားတာလိုကိစ္စတွေကအစ နောက်ဆုံး လူတစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်တဲ့အထိ ကန့်သတ်မှုတွေရှိလာတယ်။ ဒါတွေက ဘာကြောင့်လဲဆိုရင် ရောဂါကူးစက်မှာစိုးလို့ပဲ။ ရောဂါက သာမန်လို တုပ်ကွေးဖျားနာမဟုတ်ပဲ အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့အထိပါဖြစ်နေတော့ ကျွန်တော်တို့က အသေးအဖွဲလေးတွေကအစ လိုက်ပြီး ဂရုတစိုက်ရှိဖို့လိုအပ်လာတယ်။

ဒီအခြေအနေမှာ စီးပွားရေးကအစ ကျပ်တည်းလာတယ်။ အလုပ်တွေပိတ်လိုက်ရတယ်။ ပိတ်လို့မဖြစ်နိုင်တဲ့အလုပ်တွေကျတော့ အိမ်ကနေလုပ်ဖို့ဖြစ်လာတယ်။ တစ်ချို့အလုပ်တွေဆို လူတွေပါလျှော့ပစ်တဲ့အထိဖြစ်တယ်။ ဆိုတော့ စားဝတ်နေရေးအတွက်က ဒီအချိန်မှာ တော်တော်လေးအခက်အခဲဖြစ်ကြတယ်။

ထိုင်းအစိုးရက သူ့နိုင်ငံသားတွေအဲ့ဒီလိုအကျပ်အတည်းဖြစ်မှာစိုးတဲ့အတွက် ဖြေရှင်းပေးပုံလေးပြောချင်ပါတယ်။ အဲ့ဒါကတော့ COVID-19 ကူးစက်ခံရတဲ့သူတွေကို အခမဲ့ဆေးကုပေးတာ၊ မတ်လကနေ ဇွန်လအထိ နှစ်စဉ်အခွန်ကောက်တာကို ရွှေ့ဆိုင်းလိုက်တာ၊ လျှပ်စစ် နဲ့ ရေလိုမျိုး မီတာပေးသွင်းတာတွေကို သုံးရာခိုင်နှုန်းအထိလျှော့ပေးလိုက်တာ၊ အသေးစား နဲ့ အလတ်စားစီးပွားရေးတွေရဲ့ ချေးငွေအတိုးကို ၁.၅ ရာခိုင်နှုန်းအထိ လျှော့ပေးတာမျိုးနောက်ပြီး လူမှုဖူလုံရေးကြေးတွေလျှော့ကောက်တာမျိုးပေါ့။ နောက်တစ်ခုကျတော့ အိမ်မှာနေပြီး Quarantine ( ရောဂါခြေချုပ် ) လုပ်နေတဲ့သူတွေအတွက် ၁၄ ရက်တိတိ အစားအသောက်ထောက်ပံ့တာမျိုးတွေလည်းလုပ်ပေးထားတယ်။ အဲ့ဒီအတွက် လူတိုင်းက ကျပ်တည်းတယ်ဆိုရင်တောင်မှ နည်းနည်းတော့ခံသာတဲ့အနေအထားမှာရှိတယ်လို့ပြောနိုင်ပါတယ်။

ဒီနေရာမှာ ဆက်စပ်မိလို့ပြောချင်တာက ထိုင်းဆွန်ခရမ်ပွဲ အကြောင်းပါ။ အစိုးရအနေနဲ့ လူစုလူဝေးလုပ်တာကို လုံးဝပိတ်ပင်လိုက်ပြီး ဆွန်ခရမ်ပွဲတော်ကိုပါ ရပ်နားလိုက်တယ်။ အကြောင်းကတော့ လူစုလူဝေးကနေ ရောဂါကူးစက်မှုတွေပိုပြီးဖြစ်စေနိုင်လို့ပါ။ လူတိုင်းကတော့ ပုံမှန်အတိုင်းအလုပ်လုပ်ရမယ်။ ဒါပေမယ့် ဇူလိုင်လနောက်ပိုင်းရောက်ရင်တော့ နားရက်တွေပြန်ပေးမှာပါ။

ဒီဥပဒေက မနေ့ကပဲ အသက်ဝင်တယ်။ ဘာကြောင့်လဲဆိုရင် လူတွေက ခရီးထွက်တာတွေ၊ ပိတ်ရက်နီးလို့အိမ်ပြန်တာတွေကနေ ရောဂါကူးစက်မှုက ပိုမိုမြင့်တက်လာတဲ့အတွက်ကြောင့်ဖြစ်တယ်။ ထိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကူးစက်မှုအသစ် ၁၈၈ ခုတွေ့ရှိပြီး စုစုပေါင်း ကူးစက်မှုက ၅၉၉ ( ဒီနေ့နဲ့ဆို ၈၂၇ ဖြစ်လာပြီး ) လူ ၄ ဦးသေဆုံးခဲ့ပြီဖြစ်တယ်။

လူစုလူဝေးမဖြစ်အောင်တားပေမယ့် အလုပ်ပိတ်ရက်တွေအိမ်ပြန်တာကတော့ တားလို့ရမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နယ်ကနေ ထွက်လာပြီး မြို့မှာအလုပ်လာလုပ်ရသူတွေအနေနဲ့ ပိတ်ရက်လေးပဲအိမ်ပြန်ရတာမို့ပါ။ ဒါပေမယ့် လက်ရှိရောဂါကူးစက်မှုမြင့်တက်နေတဲ့အချိန်မှာတော့ ခရီးထွက်တာ နဲ့ ပိတ်ရက်အိမ်ပြန်တာမျိုးက လူစုလူဝေးဖြစ်စေပြီး ရောဂါကူးစက်မှုကို ပိုပြီးကြီးထွားစေတယ်လို့ယူဆပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာဆိုရင် မြို့ခံလူဦးရေ နဲ့ နယ်ကတက်လာတဲ့လူ အချိုးချကြည့်ရင် နယ်ကလူပိုများနေတာကို တွေ့ရမှာပါ။ ဟုတ်မဟုတ်ကတော့ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ကိုကြည့်ပါ။ လမ်းပေါ်မှာကားတွေပိုရှင်းပြီး လူသွားလူလာနည်းသွားတာက သက်သေပဲ။ သင်္ကြန်နားနီးလာရင် ကားလမ်းတွေပိုပိတ်တယ်၊ မှတ်တိုင်တွေမှာလူတွေပိုကြပ်တယ်၊ အဝေးပြေးကားဂိတ်မှာလူတွေပုံလာမယ်။

နှစ်တိုင်းဒီလိုဖြစ်နေတာမဆန်းပေမယ့် အခုလိုအချိန်မျိုးမှာတော့ အဲ့ဒီလိုအခြေအနေက အန္တရာယ်တော်တော်ရှိတဲ့လုပ်ရပ်မျိုးပါ။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ COVID-19 လူနာမတွေ့ရသေးဘူးလို့ အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေက ကြေငြာထားတယ်။ သက်ဆိုင်ရာ Frontliner တွေ၊ ဆရာဝန်တွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း လာမယ့်ဘေးပြေးတွေ့ဖို့အတွက် အဆင်သင့်ပြင်ထားကြတယ်။ COVID-19 များ အရေးပေါ်ဖြစ်လာခဲ့ရင်ဆိုပြီး လှူတဲ့သူတွေရှိလာတယ်။ အဲ့ဒီလို အစိုးရနဲ့သက်ဆိုင်ရာဌာနတွေ၊ လူပုဂ္ဂိုလ်တွေ အင်တိုက်အားတိုက်လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က နည်းနည်းလေး ပူးပေါင်းပါဝင်ပေးကြရင်မကောင်းဘူးလား ?

တကယ်တမ်း ဖြစ်လာတဲ့အချိန်၊ ရောဂါစပြန့်တဲ့အချိန်ကျရင် လူတိုင်းအပြင်မထွက်ဖို့နဲ့အိမ်မှာနေကြဖို့က အကောင်းဆုံးပဲ။ အဲ့ဒီလိုနေမှလည်း ရောဂါကူးစက်မှုနှုန်းက သိသိသာသာကျမှာ။ ရောဂါကူးစက်နှုန်းကျလာတော့ အရှေ့က ကြိုးစားပြီးလုပ်နေရတဲ့ Frontliner တွေလည်း ဝန်မပိုတော့ဘူးပေါ့။ စင်ကာပူမှာ ရောဂါကူးစက်မှုနှုန်းလေးကျလာလို့ အစိုးရက နည်းနည်းလေးသွားလာခွင့်လျှော့ပေးလိုက်တော့ ကူးစက်မှုတွေက ပြန်ပြီးထောင်တက်လာတယ်။ ဒါမျိုးတွေက သက်သေပဲ။

ကျွန်တော်တို့မြန်မာလူမျိုးက ပြောရဆိုရနည်းနည်းလေးလက်ပေါက်ကတ်တဲ့အထဲမှာပါတယ်။ ပြောချင်တာက မသွားနဲ့ဆိုသွားချင်တယ်၊ မလုပ်နဲ့ဆိုလုပ်ချင်တယ်။ အစိုးရဘက်ကလည်း ဒီလိုအချိန်မှာ ဒီလိုလုပ်ရင် ဒါတွေဖြစ်လာမယ်ဆိုပြီး အသိပညာပေးတယ်။ ဒါပေမယ့် ကံကိုယုံပြီး ဆူးပုံနင်းချင်တဲ့သူတွေလည်း အားကြီးပဲ။ နောက်ပြီး ဖြစ်ကာမှဖြစ်ရော ဆိုတဲ့လူတွေလည်းရှိတယ်။ ဖြစ်ရင်တော့ သူတို့တင်မကဘူး အကုန်လုံးဖြစ်မှာ။ ဘာလို့လည်းဆိုတော့ ရောဂါမှာ နယ်စည်းမရှိဘူး၊ ရောဂါက နယ်စည်းမခြားဘူး။ ဗမာမို့လို့၊ တရုတ်မို့လို့၊ မူစလင်မို့လို့ဆိုပြီး ခွဲခြားကူးစက်တာမရှိပါဘူး။ ကူးရင်အကုန်ကူးမှာပဲ။ ဖြစ်လာရင် ကျွန်တော်တို့အရင်ခံစားရမယ်၊ အိမ်မှာနေပြီး သူများကိုမကူးစက်အောင်လုပ်ရတော့မယ်၊ ပြီးရင် အစိုးရက ထပ်ပြီးအလုပ်ရှုပ်တော့မယ်။ တကယ်လို့ ဆေးရုံ၊ ဆေးခန်းမှာနေရာတွေမလောက်တော့တဲ့အခါ ကျွန်တော်တို့ရော၊ သက်ဆိုင်သူတွေပါ စိတ်ညစ်ရတော့မယ်။ အခုဆို ရွှေ့ပြောင်းလုပ်သားတွေပါ မြန်မာနိုင်ငံထဲပြန်ဝင်လာကြတယ်။ ပညာရှင်တွေပြောနေတဲ့ Third Wave က မြန်မာနိုင်ငံကိုရိုက်ခတ်တော့မလားဆိုပြီး အားလုံးကတွေးနေကြတယ်။ အဲ့ဒီအချိန်မှာပဲ မော်လမြိုင်စစ်ဆေးရေးဂိတ်မှာ လူ ( ၁၈ ) ယောက်က အပူချိန်တွေမြင့်နေတာကို သွားတွေ့တယ်။ Third Wave က ဘယ်ကစလဲဆိုရင်တော့ အဲ့လိုမျိုးတွေကစတယ်။ မဖြစ်ရင်တော့မဖြစ်ဘူး ဒါပေမယ့် ဖြစ်ရင်တော့ အားလုံးဖြစ်ပြီလို့ပဲကျွန်တော်တို့တွေးရမှာ။ ကျွန်တော်တို့လိုအပ်နေတာက အသိတရားလေးနည်းနည်းလေးတစ်ခုပဲလိုတာ။

အခုဆို ဒီမှာ မနေ့ည ၁၁ နာရီ ၄၅ က covid19 positive လူနာနှစ်ယောက်တွေ့တယ်။ အစိုးရက ချက်ချင်းပဲ response plan ကောင်းကောင်းချပြီး တုံ့ပြန်တယ်။ သက်ဆိုင်တဲ့မြို့တစ်ချို့ကို lockdown ချလိုက်တယ်။ လေဆိပ်မှာ နိုင်ငံတကာ arrival တွေတင်းကျပ်ပြီး Quarantine process တွေစပြီး အသက်ဝင်တယ်။ ဒါဟာ ကောင်းသောတုံ့ပြန်မှုတွေဖြစ်တယ်။ အဲ့ဒီအတွက်ကျွန်တော်တို့က ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပြောမနေပဲ ပူးပေါင်းပါဝင်ရမှာဖြစ်တယ်။

ကျွန်တော်သည် မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာလူမျိုးစစ်စစ်ဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံကို အီတလီလိုမျိုးမဖြစ်စေချင်တော့ဘူး။ အီတလီမှာ ရောဂါကို အထင်သေးမိလို့ ကူးစက်မှုအရှိန်မြင့်လာတဲ့အခါ ဆေးရုံ၊ ဆေးခန်းတွေ စက်ပစ္စည်းတွေ၊ ပညာရှင်တွေမလုံလောက်ဖြစ်တယ်။ ရောဂါဖြစ်တဲ့သူတွေများလာတယ်။ နောက်ဆုံး ကိုယ်ချစ်တဲ့သူတွေ အနားကထွက်ခွာသွားတာကို ဝမ်းနည်းပက်လက်နဲ့ပဲထိုင်ကြည့်နေရတဲ့အဖြစ်တွေအများကြီးပဲ။

အဲ့ဒီတော့ ကျွန်တော်တို့အားလုံး ဒီအရေးမှာစည်းလုံးဖို့၊ အစိုးရနဲ့အတူတူပူးပေါင်းပါဝင်ဖို့လိုတယ်။ အဲ့ဒီအတွက်လည်း အားလုံးကို ဒီနေရာကနေ ကျွန်တော်က မေတ္တာရပ်ခံလိုပါတယ်။ အိမ်ပြန်ချင်တဲ့စိတ်ကိုလည်းနားလည်ပါတယ်။ အမေနဲ့ရွာကို သေအောင်လွမ်းတယ်ဆိုတာလည်းသိပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ ခဏလေးအောင့်အီးသည်းခံလိုက်တာက မလိုအပ်တဲ့ ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်တားဆီးရာရောက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ သင်္ကြန်တွင်း အိမ်မပြန်ရဘူးလို့ တားမြစ်ထားတာမျိုးတော့မရှိဘူး။ သို့သော် ကျွန်တော်တို့က ကိုယ့်အသိလေးနဲ့ကိုယ် လူစုလူဝေးကနေ ရှောင်နိုင်ရင်တော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ရော၊ အစိုးရနဲ့တခြားပြည်သူတွေအတွက်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အရေးကို ရှောင်လွှဲဖို့ တစ်ဖက်တစ်လမ်းက ကူညီနေတာဖြစ်တယ်လို့ယူဆပါတယ်။ ဒီလိုမျိုးပြောလို့ ကျွန်တော့်ကို တန်းစီပြီးဆဲမယ့်လူတွေရှိတယ်ဆိုလည်းရပါတယ်။ Welcome ပါ။ မှန်ရာကိုပြောရင် အဆဲခံရတယ်ဆိုတာက အစဉ်အလာလိုဖြစ်နေပြီပဲ။

သတိရပါ။ သင့်ကြောင့် မြန်မာနိုင်ငံကို အရှေ့တောင်အာရှက ဒုတိယအီတလီလိုမျိုးအဖြစ်မခံကြပါနဲ့။

Gabriel

WE Media

WE Editorial





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။