
ကိုယ်ခံအားကောင်းနေစေဖို့ ဒါတွေ များများ စားပေးပါ
အခုချိန်မှာ သင့်အနေနဲ့ ကိုယ်ခံအားကောင်းအောင် နေသင့်တယ်ဆိုတာကတော့ ထွေထွေထူးထူးတောင် ပြောဖို့လိုမယ်မထင်ပါဘူး။ တကယ်လည်း ကူးစက်ရောဂါတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကောင်းနေဖို့ အရမ်းကိုအရေးကြီးပါတယ်။
ကိုယ်ခံအားစနစ် ကောင်းနေစေဖို့အတွက် အိပ်ရေးဝအောင်အိပ်တာ၊ ကျန်းမာရေးနှင့်ညီညွတ်အောင်စားတာတွေအပြင်၊ ကိုယ်ခံအားကောင်းစေမဲ့ အစားအစာတွေကိုလည်း များများစားပေးဖို့လိုပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ စိတ်ဖိစီးမှုလျော့နည်းအောင်နေတာတွေကလည်း ကိုယ်ခံအားကောင်းနေစေမဲ့ အချက်တွေပါ။
ဒီတစ်ခေါက်မှာတော့ We ရဲ့ ပရိတ်သတ်တွေအတွက် ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေမဲ့ သဘာဝ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့တာတွေကတော့. . .
၁။ အချဥ်ဓါတ်ကဲသောအသီးများ
ချဥ်တဲ့အသီးတွေမှာ ဗီတာမင်C ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးဖြူဥပမာဏ များစေပြီး ရောဂါပိုးများတိုက်ထုတ်ပေးနိုင်ပါတယ်။ ဇီးဖြူသီးကတော့ ဗီတာမင် C အကြွယ်ဝဆုံးပဲဖြစ်ပါတယ်။
၂။ ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော ဗီတာမင်နှင့် သတ္ထုဓာတ်များကြောင့် ကိုယ်ခံအားစနစ်ကောင်းစေသည်။
၃။ ဘယ်ရီသီးများ
ဘယ်ရီသီးတွေမှာ bioflavonoids ကြွယ်ဝစွာ ပါဝင်လို့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
၄။ ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းမှာတော့ ဗီတာမင် C အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ sulforaphane ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုစေပါတယ်။
၅။ နာနတ်သီး
နာနတ်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် C နဲ့ Phenolics, Flavonoids တွေပါဝင်တဲ့အပြင် အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေတဲ့ Bromelain အင်ဇိုင်းတွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အခုချိန်မှာတော့ အကောင်းဆုံးအစားအစာလို့တောင်ပြောလို့ရပါတယ်။
၆။ ဖရုံစေ့
ဇင့်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဖရုံစေ့ကလည်း ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းစေတဲ့အထဲမှာ ပါဝင်ပါတယ်။
၇။ နနွင်း
Curcumin ကြွယ်ဝတဲ့ နနွင်းကို စားသုံးပေးခြင်းက ဓါတ်တိုးဆန့်ကျင်ရုံသာမကပိုးသေစေပြီး၊ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းစေကာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
၈။ ဂျင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ဂျင်းဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းကိုလည်း အထောက်အကူပြုတဲ့အတွက် သင့်ကိုလည်ချောင်းနာခြင်းကနေ သက်သာစေနိုင်ပါတယ်။
၉။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါတဲ့ Allison ကလည်း ကိုယ်ခံအားကောင်းစေပါတယ်။
၁၀။ ဒိန်ချဉ်
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ probiotics တွေနဲ့ ဗီတာမင် D ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ် ကောင်းစေပြီးရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှကာကွယ်ပေးပါလိမ့်မယ်။
၁၁။ ကြက်စွပ်ပြုတ်
ဗီတာမင် B1၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ ကြက်စွပ်ပြုတ်သောက်ခြင်းကလည်း ကိုယ်ခံအားစနစ်ကောင်းစေပြီး နေမကောင်းဖြစ်နေတဲ့ လူမမာကိုတောင် နလန်ထမြန်စေပါတယ်။
၁၂။ ရေနွေးကြမ်း
Poly phenol လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ရေနွေးကြမ်းသောက်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဒီအစားအသောက်တွေကတော့ အခုလို COVID-19 ကြောင့် ကိုယ်ခံအားမြင့်နေဖို့ မဖြစ်မနေလိုအပ်တဲ့အခြေအနေမှာ အကောင်းဆုံးအစားအသောက်တွေပဲဖြစ်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း ကိုယ်ခံအားကောင်းအောင် စားသောက်ကြဖို့ အကြံပြုတိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။
June Nine Aung
WE Media
Ref: healthline.com , onhealth.com
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။